CNI International News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇

ယူကရိန်းသမ္မတ ဇာလန်းစကီးက ရုရှားတိုက်ခိုက်မှုကို ပြန်လည်ခုခံတွန်းလှန်ရန်အတွက် နိုင်ငံခြားတပ်ဖွဲ့ ဖွဲ့စည်းမည်ဟု ထုတ်ပြန်ခဲ့ခြင်းကြောင့် ဗြိတိန်နိုင်ငံသားများ ယူကရိန်းအတွက် သွားရောက်တိုက်ခိုက်ပေးမည်ဆိုပါက မိမိအနေဖြင့် ထောက် ခံ အားပေးသွားမည်ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မစ္စမ်လစ်ဇ်ထရပ်စ်က ဘီဘီစီ အင်္ဂလိပ်ပိုင်း အစီအစဉ်နှင့် တွေ့ဆုံ မေးမြန်း ခန်းမှာ ပြောကြားခဲ့သည်။

ယူကရိန်းသမ္မတ ဇာလန်းစကီးသည် ရုရှား၏ ကျူးကျော်မှုကို တွန်းလှန်တိုက်ခိုက်နေသည့် ယူကရိန်းတပ်ဖွဲ့နှင့်အတူ တိုက်ပွဲပေးနိုင်မည့် နိုင်ငံခြားတပ်ဖွဲ့ကို ဖွဲ့စည်းသွားမည်ဟု သီးခြားထုတ်ပြန်ကြေညာခဲ့သည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မစ္စမ်လစ်ဇ်ထရပ်စ်က “ရုရှားရဲ့ ကျူးကျော်မှုကို တိုက်ခိုက်ဖို့အတွက် ယူကရိန်းနိုင်ငံဆီကို သွားကြမယ့် ဗြိတိန်နိုင်ငံသားတိုင်းကို သူ့အနေနဲ့ ထောက်ခံအားပေးသွားမှာဖြစ်ပါတယ်။ ယူကရိန်းပြည်သူတွေဟာ လွတ်လပ်မှုနဲ့ ဒီမိုကရေစီအတွက် တိုက်ပွဲ ဝင်နေကြပါတယ်။ သူတို့ရဲ့ တိုက်ပွဲက ယူကရိန်းအတွက်ပဲ မဟုတ်ဘူး။ ဥရောပ တစ်ခုလုံးအတွက်ပါ အရေးကြီးပါတယ်”ဟု ပြောသည်။

ယူကရိန်းတပ်ဖွဲ့ကိုတွေ့ရစဉ်(AP)

လက်ရှိတွင် ယူကရိန်းစစ်တပ်ကို ပိုလန်နိုင်ငံက စစ်လက်နက်များ ထောက်ပံ့ပေးလျက်ရှိသလို အမေရိကန်နိုင်ငံကလည်း ဒေါ်လာ သန်း ၃၅၀ တန်ဖိုးရှိ စစ်ရေး အကူအညီထောက်ပံ့ပေးမည်ဟု ပြောကြားထားသည်။

ရုရှားသမ္မတ ပူတင်သည် နေတိုးအဖွဲ့ဝင်အဖြစ် ဝင်ရောက်ရေး ကြိုးပမ်းနေသည့် ယူကရိန်းကို အဖွဲ့ဝင်အဖြစ် မဝင်ရောက် ရန်နှင့် နေတိုးကလည်း လက်မခံရန် တောင်းဆိုခဲ့သည်။

ထို့နောက် ဖေဖော်ဝါရီ ၂၃ ရက်တွင် ယူကရိန်းနိုင်ငံအတွင်းရှိ ခွဲထွက်ရေး တောင်းဆိုနေသည့် လူဟန့်စ်နှင့် ဒွန်ညှပ်ဒေသ တို့ကို လွတ်လပ်သော ဒေသများအဖြစ် အသိအမှတ်ပြုကြောင်းနှင့် ယူကရိန်းဒေသထဲသို့ ငြိမ်းချမ်းရေးကာကွယ်ခြင်း တပ်ဖွဲ့များ ဝင်ရောက်ရေး လက်မှတ်ရေးထိုး၍ အမိန့်ထုတ်ခဲ့သည်။

အဆိုပါ အမိန့်ထုတ်ပြန်ပြီးနောက် ယူကရိန်းနိုင်ငံအတွင်းမှာ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာ ယနေ့(ဖေဖော်ဝါရီ ၂၇ ရက်) အထိ ဖြစ်ပွားလျက်ရှိနေသည်။

Source: BBC