CNI International News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ 

ယူကရိန်း-ဘယ်လာရုစ်နယ်စပ်မှာ ရုရှားအရာရှိများနှင့် ဆွေးနွေးရန် ကိယက်ဗ်(ယူကရိန်း)က ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ စေလွှတ်ဖို့ သဘောတူထားသည်ဟု ယူကရိန်းသမ္မတ ဇာလန်းစကီးက ပြောကြားခဲ့ကြောင်း အယ်ဂျာဇီးယားသတင်းဌာနက ရေးထားဖော်ပြထားသည်။

 "ယူကရိန်းကိုယ်စားလှယ်အဖွဲ့ဟာ  ယူကရိန်း-ဘယ်လာရုစ်နယ်စပ်က Pripyat မြစ်အနီးမှာ ရုရှား [အရာရှိများ]နဲ့  တွေ့ဆုံဖို့ သဘောတူညီထားပါတယ်"ဟု ယူကရိန်းသမ္မတ ဇာလန်းစကီး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုသည် ယူကရိန်းနှင့်ရုရှား ကိုယ်စားလှယ်များ၏ ဆွေးနွေးပွဲ အချိန်ကို သတ်မှတ်ရေး ကြိုးပမ်းပေးလျက်ရှိသည်။ 

ထို့နောက် ဆွေးနွေးပွဲ လာရောက်မည့် ယူကရိန်း ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်နှင့် လုံခြုံရေးကို တာဝန်ယူပေးရမည်ဟုလည်း ယူကရိန်းဘက်က ပြောသည်။ 

ဘယ်လာရုစ်သည် ရုရှား၏ မဟာမိတ်ဖြစ်ပြီး လက်ရှိတွင်လည်း ဘယ်လာရုစ်နယ်မြေအတွင်း ရုရှားက ရဟတ်ယာဉ်များနှင့် ဒုံးကျည်များချ၍ တပ်စွဲထားသည်။ 

 ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုကလည်း ယူကရိန်းနှင့်ရုရှား တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းလျက်ရှိသလို တွေ့ဆုံဆွေးနွေးပွဲအတွက် အလုံးစုံတာဝန်ယူဖြည့်စီးပေးမည်ဟုလည်း ပြောကြားထားသည်။ 

သို့သော် ယူကရိန်းနှင့်ရုရှား တွေ့ဆုံဆွေးနွေးရေးအတွက် နေရာနှင့်အချိန်သည် ရှုပ်ထွေးနေဆဲဖြစ်သည်။ ရုရှားသည် ဘယ်လာရုစ်နိုင်ငံ၊ မင့်မြို့ သို့မဟုတ် ဂိုမဲလ်မြို့မှာ ကျင်းပရန် ဆန္ဒရှိနေပြီး ယူကရိန်းဘက်ကလည်း ပိုလန်နိုင်ငံ၊ ဝါဆောမြို့မှာ ကျင်းပရန် ဆန္ဒရှိကြောင်း ပြီးခဲ့သည့်ရက်များအတွင်းက ထုတ်ဖော်ပြောထားကြသည်။ 

Source: Aljazeera