CNI International News

ကိယက်ဗ်၊ ဖေဖော်ဝါရီ ၂၇

ယူကရိန်းဘက်မှ အပြင်းအထန် ခုခံမှုများကြောင့် ရုရှားတို့ ထိုးစစ်အရှိန် နှေးသွားသော်လည်း စစ်ဆင်ရေး နောက်တစ်ဆင့် ဖြစ်ပုံရသည့် လောင်စာဆီရုံများနှင့် လေယာဉ်ကွင်းများကို ပစ်မှတ်ထားလျက် အလုံးအရင်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ ဖေဖော်ဝါရီ ၂၇ ရက် (ယနေ့) အစောပိုင်းတွင် ကိယက်ဗ်မြို့တောင်ဘက်မှ ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာ ကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

တစ်ချိန်တည်းမှာပင် အမေရိကန်နှင့် ဥရောပသမဂ္ဂ (EU) တို့က မော်စကိုအား ပိုမိုအထီးကျန်စေရန် ရည်ရွယ်ချက်ဖြင့် ယူကရိန်းနိုင်ငံသားများအတွက် လက်နက်ခဲယမ်းများကို မူလလျာထားချက် အရေအတွက်ထက် ပို၍ ပို့ဆောင် ထောက်ပံ့ ပေးနေသည်။

ရုရှားတပ်ဖွဲ့များသည် လူနေအိမ်များ၊ မြေအောက် ကားဂိုဒေါင်များနှင့် မြေအောက်မီးရထား ဘူတာရုံများသို့လည်း ပစ်ခတ် တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်နေကြောင်း ယူကရိန်းသမ္မတရုံးက သတင်းထုတ်ပြန်သည်။

 

ပိုလန်နိုင်ငံက ယူကရိန်းကို စစ်လက်နက်များ ထောက်ပံ့ပေးပို့နေစဉ်(NATO)

ဗက်ဆဲကိဗ်မြို့ရှိ လေတပ်စခန်းအနီးတွင် ယနေ့နံနက် အရုဏ်မတက်မီ မီးတောက်များ ကောင်းကင်ယံသို့ ထိုးတက်လာခဲ့ပြီး ပေါက်ကွဲခဲ့ကြောင်း အဆိုပါနယ်မြေတာဝန်ခံ မြို့တော်ဝန်၏ ပြောကြားချက်ကို ကိုးကားလျက် အေပီက သတင်းဆက်လက် ရေးသားသည်။

ထို့ပြင် ဇာလန်းစကီး၏ သမ္မတရုံးအနီးရှိ အရပ်သားများစုဝေးရာ ဇူလိုင်ယာနီလေဆိပ်တွင် နောက်ထပ် ပေါက်ကွဲမှု ရှိခဲ့ ကြောင်း ၎င်းမြို့တော်ဝန်က ဆက်လက် ပြောကြားခဲ့သည်။

ယူကရိန်း၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် ခါကိဗ်ရှိ ဓာတ်ငွေ့ပိုက်လိုင်းကို ဖောက်ခွဲခဲ့ရာ မီးခိုးများဘေးမှ ကာကွယ်ရန် လူနေအိမ်များ၏ ပြတင်းပေါက်များကို စိုစွတ်သောအဝတ်စများ၊ ပိတ်စများဖြင့် ဖုံးအုပ်ထားကြရန် သတိပေးခဲ့ရကြောင်း သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မီးရထားဘူတာရုံများသို့ လာနေကြသည့် ယူကရိန်းပြည်သူများ(AP)

“ကျနော်တို့နိုင်ငံကို လွတ်မြောက်ဖို့ လိုအပ်တဲ့ကာလပတ်လုံး ဆက်ပြီး တိုက်ပွဲဝင်သွားမယ်” ဟု ယူကရိန်းသမ္မတ ဇာလန်းစကီးက ကတိပြုခဲ့သည်။

ကြောက်ရွံ့ ထိတ်လန့်နေကြရှာသည့် ယူကရိန်းနိုင်ငံသူ၊ နိုင်ငံသားများနှင့် လူမမယ် ကလေးသူငယ်များသည် အဆောက်အအုံ အတွင်းပိုင်းများနှင့် မြေအောက်နေရာတို့တွင် လုံခြုံစိတ်ချစွာ နေထိုင်ရေး ရွေးချယ်နေကြရသည်။

လူအများ လမ်းပေါ်မထွက်ကြရန်နှင့် ၃၉ နာရီကြာ ကာဖြူးအမိန့်တို့ကို အစိုးရက လတ်တလော ထုတ်ပြန်ထားရသည်။

ယခုရက်ပိုင်းအတွင်း ယူကရိန်းနိုင်ငံသား တစ်သိန်းခွဲ ကျော်တို့သည် ပိုလန်၊ မော်လ်ဒိုဗာနှင့် အခြားအိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

Source: AP