- By CNI News
- Category: နိုင်ငံရေး
- Hits: 2557
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၇
၂၇၈၉ ဒသမ ၂၅ ကာရက်ရှိ ပတ္တမြားကို တပ်မတော်က နိုင်ငံတော်သို့ လှူဒါန်းလိုက်ကြောင်း နစက-က ယနေ့ (ဇူလိုင် ၇ ရက်) သတင်း ထုတ်ပြန်သွားသည်။
နစကဥက္ကဋ္ဌက နိုင်ငံတော်နှင့် တပ်မတော်ကို ချစ်မြတ်နိုးသည့် လူငယ်တစ်ဦးက ၎င်း၏မိဘ ဘိုးဘွားများ လက်ထက်က ထိန်းသိမ်းထားရှိသည့် ပတ္တမြားကြီးကို တပ်မတော်သို့ လှူဒါန်းရန်အတွက် ကမ်းလှမ်းလာခဲ့ပါကြောင်း၊ ထိုပတ္တမြားကို တာဝန်ရှိသူများဖြင့် စိစစ်ကြည့်သည့်အခါတွင် အဖိုးထိုက်တန်သည့် ပတ္တမြားဖြစ်သည်ကို စစ်ဆေးတွေ့ရှိရပါကြောင်း၊ ထို့ ကြောင့် တပ်မတော်အနေဖြင့် နိုင်ငံတော်သို့ ပေးအပ်လှူဒါန်းရခြင်း ဖြစ်ပါကြောင်း ပြောသည်။
အလားတူပင် ၁၉၉၀ ပြည့်နှစ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက်တွင် နိုင်ငံတော်သို့ ၄၉၆ ကာရက်ရှိ ပတ္တမြားကို နိုင်ငံတော်သို့ လှူဒါန်းခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်တွင် ၁၉၀၇ ကာရက်ရှိ ပတ္တမြားကို နိုင်ငံတော်သို့ လှူ ဒါန်းခဲ့ကြောင်း၊ ယခု လှူဒါန်းသည့် ပတ္တမြားသည် ၂၇၈၉ ဒသမ ၂၅ ကာရက် ရှိပြီး အရွယ်အစားအားဖြင့် ကြီးမားကြောင်း၊ ယခု ပတ္တမြားကို နိုင်ငံတော်ပတ္တမြား(နစကပတ္တမြား)အဖြစ် ဂုဏ်ပြုသတ်မှတ် ခေါ်ဝေါ်မည်ဖြစ်ကြောင်း နစက၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
ထို့နောက် အဆိုပါ ပတ္တမြားကြီးသည် ပွတ်ချောအမျိုးအစားဖြစ်ပြီး အပြစ်အနာအဆာ ကင်းစင်ကာ မြန်မာနိုင်ငံ၊ မိုးကုတ် ရတနာမြေမှ ထွက်ရှိသည့် ရှားပါးသော ပတ္တမြားဖြစ်ကြောင်း၊ ထို့ကြောင့် လှူဒါန်းသည့် လူငယ်ကိုလည်း ထိုက်တန်သည့် ချီးမြှင့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း နစက-က ပြောသည်။
တပ်မတော်မှတဆင့် နိုင်ငံသို့ လှူဒါန်းသည့် ၂၇၈၉ ဒသမ ၂၅ ကာရက်ရှိ ပတ္တမြားကြီးသည် မာခြင်းအဆင့် ၉ ရှိပြီး သိပ် သည်းဆ ၃ ဒသမ ၉၉ ရှိကြောင်း၊ အရောင်မှာ ခရမ်းရောင် အနည်းငယ်သန်းသည့် အနီရောင်(Red With Purplish tint) ဖြစ်ကြောင်း သိရသည်။
နိုင်ငံရေးလေ့လားသုံးသပ်သူများနှင့် စီးပွားရေးပညာရှင်များကတော့ တပ်မတော်မှ နိုင်ငံတော်သို့ လှူဒါန်းသည်ဆိုသည့် တိုင် နိုင်ငံတော် အစိုးရဟုဆိုသူသည် တပ်မတော်က ခေါင်းဆောင်များဖြစ်နေခြင်းကြောင့် မည်သည့် နေရာသို့ ရောက်ရှိ ကာ ထိန်းသိမ်းမည်ကိုတော့ မေးခွန်း ထုတ်စရာဖြစ်နေကြောင်း ပြောသည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 1915
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၇
ပြည်သူလူထုဆန္ဒနှင့် ကိုက်ညီသည့် ပါတီစုံ ဒီမိုကရေစီစနစ်ကျင့်သုံး ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ယနေ့ (ဇူလိုင် ၇ ရက်) နေပြည်တော်မှာ နစကနှင့် LDU မှ အထွေထွေအတွင်းရေးမှူး ကျာဆော်လမွန် ဦး ဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ ဖက်ဒရယ်နှင့်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး၊ ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး စသည့် အခြေအနေများကို ဆွေးနွေးခဲ့ကြ သည်။
နစကဥက္ကဋ္ဌက ပြည်သူလူထုဆန္ဒနှင့် ကိုက်ညီသည့် ပါတီစုံ ဒီမိုကရေစီစနစ်ကျင့်သုံး ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ် များ၊ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာတွင် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူသားအရင်းအမြစ်များ ပေါ်ထွက်လာရန် အဓိက လိုအပ်သည့်အတွက် တစ်နိုင်ငံလုံးတိုင်းရင်းသား ဒေသများပါမကျန် ပညာရည် မြှင့်တင်ရေးကို လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ချပြ ဆွေးနွေးခဲ့သည်။
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၇ ရက်က နစကနဲ့ LDU တွေ့ဆုံစဉ်
နစကသည် ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် အနိုင်ရသည့် ပါတီကို အာဏာပြန်လွှဲပေးမည် ဖြစ်ကြောင်း ပြောကြားထားသည်။
ထို့နောက် LDU အထွေထွေအတွင်းရေးမှူး ကျာဆော်လမွန်က ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့် ပတ်သက်၍ သဘောထား တူညီချက်အမြင်များကို ပြန်လည် ဆွေးနွေးပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို တင်ပြခဲ့သည်ဟု နစကမှ ထုတ်ပြန်ခဲ့သည်။
LDU သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ထိုးထားသည့် လားဟူ လက်နက်ကိုင် အဖွဲ့ဖြစ်သည်။
NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင်လည်း ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1449
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၇
ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်နေအိမ်သို့ ပြန်ရောက်ပြီဆိုသည့် သတင်းများသည် သတင်း အမှားသာ ဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သည့် ရှေ့နေအသိုင်းအဝိုင်းမှ CNI သတင်းဌာနသို့ အတည်ပြု ပြောကြားသည်။
ယနေ့ (ဇူလိုင် ၇ ရက်)တွင် လူမှုကွန်ရက်စာမျက်နှာပေါ်၌ ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ရှိ နေအိမ်သို့ ပြန်လည်ရောက်ရှိ လာပြီဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်သည့် ရှေ့နေအသိုင်းအဝိုင်းက “အဲဒါသတင်းအမှားဗျ။ မှားတယ်ဗျ အဲဒီသတင်းက။ အကျဉ်းထောင်မှာပဲ”ဟု CNI သို့ ပြောသည်။
သြစတေးလျနိုင်ငံသား စီပွားရေးပညာရှင် မစ္စတာရှောင်တာနယ်နှင့်အတူ စွဲဆိုခံထားရသည့် အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မဖြင့် အမှုကို တရားသူကြီး နေမကောင်း၍ ခွင့်ယူသည့်အတွက် ယနေ့ (ဇူလိုင် ၇ ရက်)တွင် မစစ်ဆေးဖြစ်ခဲ့ကြောင်း ၎င်း က ပြောသည်။

ရန်ကုန်က ဒေါ်အောင်ဆန်းစုကြည် နေအိမ်
ဒေါ်အောင်ဆန်းစုကြည်ကို ဇွန်လ ၂၂ ရက်က သက်ဆိုင်ရာ တရားရုံးများမှာ တရားစီရင်ပြီးဖြစ်၍ ပြစ်မှုဆိုင်ရာ ဥပဒေများ အရ နေပြည်တော် အကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့သည်။
ထို့နောက် ၎င်းအား သီးသန့် အဆောက်အဦတွင် ကောင်းမွန်စွာ ထားရှိထားကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများ ကို ပြောကြားခဲ့သည်။
လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်ကို နစကမှ ပုဒ်မ ၆ ခုနှင့် ထောင် ၁၁ နှစ် ချမှတ်ထားပြီး စွဲချက်တင် ခံထားရသည့် အမှု များအတွက် တရားရင်ဆိုင်နေရဆဲ ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1735
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၇
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ရုံးများပြန်ဖွင့်ရေး ကြိုးစားခြင်းမှာ တရုတ်၏ သဘောထားနှင့် ဆိုင်လိမ့်မည်ဟု ယူဆ ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
နစက အနေဖြင့် NLD ပါတီကို မဖျက်သိမ်းဘဲ ဆက်လက် ရပ်တည်ခွင့်ရှိကြောင်း ပြချင်သည့် သဘောထားဖြစ်ကြောင်း ၎င်းက ပြောသည်။
ဦးသန်းစိုးနိုင်က “အဲဒီကိစ္စက တရုတ်ပြည်ရဲ့ သဘောထားနဲ့ ဆိုင်ပါလိမ့်မယ်လို့ ကျနော်တော့ ယူဆပါတယ်ခင်ဗျ။ ဘာဖြစ်လို့ လဲဆိုတော့ တရုတ်ပြည်က ၂၀၀၈ အခြေခံဥပဒေ ဆက်လက်ကိုင်ဆွဲဖို့ တိုက်တွန်းတယ်။ နောက်တစ်ခုက NLD ပါတီကို ဖျက်သိမ်းတာကို မလိုလားတဲ့ သဘောထား၊ မစ္စတာ ဆွန်ကော်ရှန် လာတုန်းက သဘောထားတွေ ဖော်ပြခဲ့တယ်။ အဲဒီလို သဘောထားတွေ ဖော်ပြထားတဲ့အတွက် ဒီစစ်အစိုးရဘက်ကလည်း NLD ပါတီကို သူတို့ မဖျက်ဘူး။ NLD ပါတီ ဆက်လက် တည်ရှိခွင့် ရှိတယ်ဆိုတာ ဖော်ပြချင်တဲ့ သဘောထားနဲ့ ဒီလုပ်ငန်းတွေ NLD ပါတီ တည်ရှိကြောင်းကို ပြဖို့အတွက် ယနေ့ လုပ်ငန်းတွေ လုပ်တယ်လို့ ကျနော်တော့ ယူဆပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
NLD ပါတီရုံးအား ဖွင့်လှစ်ရန် ကြံစည်သူများ၏ လုပ်ရပ်အား ခွင့်မပြုကြောင်းနှင့် ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ပါက တရား ဥပဒေကြောင်းအရ အရေးယူမည်ဟု ဦးအောင်ကြည်ညွန့်တို့ ဖွဲ့စည်းထားသည့် NLD ပါတီ ဗဟိုအလုပ်ကော်မတီက ဇူလိုင် ၅ ရက်မှာ ထုတ်ပြန်ခဲ့သည်။

ရန်ကုန်ရှိ NLD ပါတီရုံးချုပ်
အဆိုပါ ထုတ်ပြန်ချက်တွင် “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အဆင့်ဆင့်သော ပါတီရုံးများနှင့် အဖွဲ့ဝင်များကို စစ်ကောင်စီမှ ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်မှတ်ထား တိုက်ခိုက်နေချိန်၌ ပြည်သူ့ဆန္ဒနှင့် သွေဖီဆန့်ကျင်လျက် အဖွဲ့ချုပ်ရုံးများအား နည်းမျိုးစုံ ဖြင့် အကြောင်းပြ၍ ရုံးခန်း အဆောက်အဦများ ဖွင့်လှစ်ရန် ကြံစည် ကြိုးပမ်းနေကြသူများ၏ လုပ်ရပ်အား (လုံးဝ)ခွင့်ပြုခြင်း မရှိ ခွင့်မပြုပါကြောင်းနှင့် အဖွဲ့ချုပ်ရုံးခန်း အဆောက်အဦများ အတွင်းသို့ ခွင့်ပြုချက်မရှိပဲ ကျူးလွန် ဝင်ရောက်လာပါကလည်း တရားဥပဒေကြောင်းအရ လည်းကောင်း၊ ပါတီစည်းကမ်း ထိန်းသိမ်းရေးအရလည်းကောင်း ထိရောက်စွာ အရေးယူ ဆောင် ရွက် သွားမည် ဖြစ်ပါကြောင်း သတိပေးကြေညာအပ်ပါသည်” ဟု ဖော်ပြထားသည်။
လက်ရှိ တိုင်းပြည်အာဏာကို ရယူထားသည့် အဖွဲ့အစည်းအနေဖြင့် အမိန့်အာဏာဖြင့် လုပ်လို့မရကြောင်း ရခိုင်အမျိုးသား ပါတီ(ANP)မှ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က CNI သတင်းဌာနကို ပြောသည်။
“အဲဒါကတော့ ပါတီတစ်ခုရဲ့ ရပ်တည်ချက်က မိမိတို့ရဲ့ Free Consent ဆိုတဲ့ လွတ်လပ်တဲ့ စိတ်ဆန္ဒ၊ နောက်တစ်ခုက ပါတီရဲ့ ခံယူချက်၊ ရည်ရွယ်ချက် မူဝါဒတွေနဲ့ လုပ်ရတာပဲ။ အဲဒီတော့ တိုင်းပြည်မှာ အာဏာယူထားတဲ့ အဖွဲ့အစည်းတစ်ခုကနေ ဒါလုပ်ပါဆိုလို့ အမိန့်အာဏာနဲ့ ပေးလို့ကတော့ အဲဒီလို လုပ်လို့ရတဲ့ ကမ္ဘာပေါ်မှာ ထုံးစံဆိုတာတော့ ကျနော်တို့ မတွေ့ဖူးသေးဘူးဆရာ” ဟု ပြောသည်။
ထို့နောက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း နိုင်ငံရေးပါတီတစ်ခုကို အာဏာနှင့် တည်ဆောက်ရမည်ဟု မပါရှိကြောင်း ၎င်းက ပြောသည်။

NLD ထောက်ခံကြသူများ အောင်ပွဲခံနေစဉ်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် တပ်မတော်မှ အရပ်သားအစိုးရကို ဖြုတ်ချပြီး တိုင်းပြည်အာဏာကို ရယူပြီးနောက် NLD ပါတီ ခေါင်းဆောင်များ အပါအဝင် ပါတီကိုယ်စားလှယ်များ၊ ပါတီဝင် ၆၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း NLD ၏ ထုတ်ပြန်ချက်အရ သိရသည်။
လတ်တလော သတင်းများထွက်ပေါ်နေသည့် NLD ပါတီရုံး ပြန်ဖွင့်ရေး ကြိုးပမ်းနေသူများဆိုသည်မှာ မည်သူ (သို့မဟုတ်) မည်သည့် အဖွဲ့အစည်း ဖြစ်ကြောင်း တိတိကျကျ ထုတ်ဖော်ရေးသားထားခြင်း မရှိသည်ကို တွေ့ရသည်။
တခြားတစ်ဖက်မှာတော့ NLD ပါတီအတွင်းမှာ ပြည်တွင်းရှိ NLD ခေါင်းဆောင် တချို့က ပါတီဆက်လက် ရှင်သန်နေရေး ကြိုး ပမ်းနေမှုအပေါ် နွေဦးတော်လှန်ရေးအရ ပြည်ပသို့ ထွက်ခွာ၍ ဒီမိုကရေစီအရေး ဆောင်ရွက်နေသည့် NLD ပါတီ ခေါင်းဆောင် တချို့နှင့် သဘောထား ရပ်တည်ချက်များ ကွဲလွဲနေခြင်းကြောင့် အထက်ပါ ထုတ်ပြန်ချက် ထွက်လာခြင်း ဖြစ်နိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 1440
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၇
ရာဇဝတ်မှုကျူးလွန်ခဲ့ကြသော စစ်အာဏာရှင်များ အပြစ်ပေးအရေးယူခံရမှုကို သေချာစေရေး ယခု နွေဦးတော်လှန်ရေးတွင် ရည်မှန်းချက်ထားကာ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ (ဇူလိုင် ၇ ရက်) ထုတ်ပြန် ပြောကြားလိုက်သည်။
ယနေ့ (ဇူလိုင် ၇ ရက်)သည် ဆဲဗင်းဂျူလိုင်နေ့ဖြစ်ပြီး ထိုအထိမ်းအမှတ်နေ့နှင့်ပတ်သက်ပြီး NUG က ထုတ်ပြန်၍ အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
NUG က “သမိုင်းခေတ်များအတွင်း အသိဉာဏ်ကင်းမဲ့ပြီး လက်နက်အားကိုးသော စစ်အာဏာရှင်များက တိုင်းပြည်၏ အနာဂတ် ကျောင်းသားလူငယ်များအား အကြောင်းမဲ့ သတ်ဖြတ်ညှင်းပမ်းမှုများကို ရပ်တန့်နိုင်ခြင်းမရှိခဲ့ဘဲ ၂၁ ရာစု အထိ ဆက်လက် ကျူးလွန်နေကြခြင်းမှာ ကျူးလွန်သူ စစ်အာဏာရှင်များသည် အပြစ်ပေးခံရခြင်းမှ ကင်းလွတ်ခဲ့ကြခြင်းကြောင့် ဖြစ်ကြောင်း ထင်ရှားပေသည်”ဟု ပြောသည်။
ထို့နောက် NUG က ယနေ့ (ဇူလိုင် ၇ ရက်)သည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အပါအဝင် စစ်အာဏာရှင်စနစ် ကို တပ်ဦးမှ တော်လှန်ခဲ့ကြသော ကျောင်းသားလူငယ်သူရဲကောင်းများစွာ သန္ဓေတည်ရာ အမိတက္ကသိုလ်မြေတွင် ကျောင်းသားတို့ သွေးမြေခခဲ့ရသည့် ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ နှစ်(၆၀) ပြည့်မြောက်သည့် အခါသမယ ဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။
မြန်မာ့သမိုင်းကို အရုပ်ဆိုး အကျည်းတန်စေသည့် လက်နက်မဲ့ကျောင်းသားလူငယ်များကို လက်နက်ဖြင့် အနိုင်ကျင့် သတ်ဖြတ်မှုကို အားပေးသည့် စစ်အာဏာသိမ်းမှုများကို အပြီးသတ်အမြစ်ဖြတ်၍ နောင်အနာဂတ်တွင် မည်သည့် အခါမှ ထပ်မံပေါ်ပေါက် လာမှုမရှိစေရေးနှင့် ရာဇဝတ်မှုကျူးလွန်ခဲ့ကြသော စစ်အာဏာရှင်များ အပြစ်ပေး အရေးယူခံရမှုကို သေချာစေရေး ယခုနွေဦးတော်လှန်ရေးတွင် ရည်မှန်းချက်ထားကာ ကျောင်းသားထု၏ သမဂ္ဂစိတ်ဓာတ်၊ ပြည်သူလူထု တစ်ရပ်လုံး၏ စိတ်ပိုင်းဖြတ်ချက်၊ တိုင်းရင်းသားလူမျိုးပေါင်းစုံမှ ခေါင်းဆောင်များအားလုံး၏ အတွေ့အကြုံတို့ ပေါင်းစပ်ကာ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု မမေ့အပ်သော ဆဲဗင်းဂျူလိုင် အရေးတော်ပုံကို ဦးညွတ်ရင်း သန္နိဋ္ဌာန်ပြုအပ် ပါသည်ဟု NUG က ထုတ်ပြန်ခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1230
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၆
လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU) သည် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်တွေ့ဆုံ၍ ငြိမ်းချမ်းရေး ဆွေးနွေးရန် ယနေ့ (ဇူလိုင် ၆ ရက်) နေပြည်တော်သို့ ရောက်ရှိလာခဲ့သည်။
LDU ကိုယ်စားလှယ် အဖွဲ့ကို အထွေထွေအတွင်း ရေးမှူး ဗိုလ်မှူးကြီး ဆော်လမွန် ဦးဆောင်လာကြောင်း၊ ဇူလိုင် ၆ ရက်တွင် တာချီလိတ်မှ နေပြည်တော်သို့ လေယာဉ်ဖြင့် လာရောက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဇူလိုင် ၇ ရက်နေ့တွင် နစကဥက္ကဋ္ဌ နှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆွေးနွေးကြမည် ဖြစ်သည်။

လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) ကိုယ်စားလှယ် အဖွဲ့ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၆ ရက်က တာချီလိတ်ကို ရောက်စဉ်
နစကဥက္ကဋ္ဌနှင့် တွေ့ဆုံ ဆွေးနွေးပြီးပါက ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် နစက၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ဆက်လက် ဆွေးနွေးကြမည် ဖြစ်သည်။
LDU သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)ထိုးထားသည့် လားဟူ လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် ဖြစ်သည်။
အာဆီယံ အထူးကိုယ်စားလှယ် ပရတ်ဆိုခွန်နှင့် PPST တွေ့ဆုံ၍ မြန်မာ့ နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းနိုင်ရေး နည်းလမ်းရှာဖွေ ဆွေးနွေးပွဲတွင်လည်း ပါဝင်ခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1116
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၆
အာဆီယံ အထူးကိုယ်စားလှယ် ပရတ်ဆိုခွန်နှင့် တွေ့ဆုံစဉ် သက်ဆိုင်ရာ ပြည်နယ်အလိုက် ပြည်နယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရေးဆွဲ အတည်ပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက် သွားရန် အပါအဝင် ရွေးကောက်ပွဲနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး အခြေအနေများကို မွန်ညီညွတ်ရေးပါတီ(MUP)က တင်ပြ ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန် ခဲ့သည်။
အာဆီယံအထူးကိုယ်စားလှယ် ပရတ်ဆိုခွန်နှင့် နိုင်ငံရေးပါတီ ၇ ပါတီမှ ခေါင်းဆောင်များ ဇူလိုင် ၂ ရက်နေ့က ရန်ကုန်မြို့ မှာ တွေ့ဆုံစဉ် အထက်ပါ အခြေအနေများကို MUP ပါတီက တင်ပြ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
ထို့နောက် မွန်ညီညွတ်ရေးပါတီ(MUP)က အချက် ငါးချက်ကို အဓိကထား ဆွေးနွေးခဲ့သည်။
နံပါတ်တစ် နိုင်ငံရေး ပဋိပက္ခများကို တွေ့ဆုံညှိနှိုင်းခြင်း နည်းဖြင့် အဖြေရှာ သွားနိုင်ရန်၊ နံပါတ်နှစ် မည်သည့်နိုင်ငံရေး အချိုးအကွေ့တွင်မဆို နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် ပြည်သူလူထု အားလုံးတို့၏ အကျိုးစီးပွားကို ရှေးရှု၍ ဆောင် ရွက်ကြရန်၊ နံပါတ်သုံး စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီစနစ်နှင့် ကိုက်ညီသည့် နိုင်ငံ တော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ် ပေါက်လာရေးအတွက် တိုင်းရင်းသားပါတီများသာမက အခြားသော ဒီမိုကရေစီ အင်အားစု ပါတီများနှင့် ပူးပေါင်း ဆောင် ရွက်သွားကြရန် ဆွေးနွေးခဲ့သည်။

MUP က ပရတ်ဆိုခွန်နဲ့တွေ့ဆုံစဉ် ဆွေးနွေးခဲ့တဲ့အချက်များ
MUP က “နံပါတ်လေး တိုင်းရင်းသားတို့၏ အခွင့်အရေးနှင့် ကိုက်ညီသည့် ရွေးကောက်ပွဲစနစ် ပေါ်ပေါက်လာရေးအတွက် ကြိုးပမ်း ဆောင်ရွက်သွားကြရန်၊ နံပါတ်ငါး အနာဂတ်တွင် ဖြစ်ပေါ်လာမည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ သက်ဆိုင်ရာ ပြည်နယ်အလိုက် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲအတည်ပြုနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားနိုင်ရန် တို့ဖြစ်ပါတယ်”ဟု ဆွေးနွေးခဲ့သည်။
ထို့နောက် မွန်ညီညွတ်ရေးပါတီ(MUP)အနေဖြင့် လက်ရှိ နိုင်ငံရေးအခြေအနေ အရပ်ရပ်ကို သုံးသပ်ရာတွင် ပါဝင်ပတ်သက် နေသည့် အင်အားစု အားလုံးတို့ အစွဲကင်းစွာ အပြန်အလှန် အသိအမှတ်ပြု လေးစားမှုဖြင့် တွေ့ဆုံညှိနှိုင်း အဖြေရှာခြင်းဖြင့် သာ ငြိမ်းချမ်းသာယာဝပြောသည့် နိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဟု အလေးအနက် ယုံကြည်ပါသည်ဟု ပြောသည်။
အာဆီယံ အထူးကိုယ်စားလှယ် ပရတ်ဆိုခွန်သည် မြန်မာနိုင်ငံသို့ ဇွန်လ ၂၉ ရက်မှ ဇူလိုင် ၃ ရက်အထိ လာရောက်ခဲ့ပြီး မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်မည့် နည်းလမ်းများ ရှာဖွေနိုင်ရန်အတွက် နိုင်ငံရေးပါတီများ၊ နစကဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ တို့ဖြင့် ဆွေးနွေးခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1466
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၆
ပြည်ပနိုင်ငံများသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားများ အနေဖြင့် ပတ်စ်ပို့ သက်တမ်းကုန်ဆုံးပါက မြန်မာနိုင်ငံသို့ ပြန်လာ၍ သက်တမ်းတိုးရမည်ဆိုသော သတင်းများ ထွက်ပေါ်နေခြင်းမှာ သတင်းအမှားသာ ဖြစ်ကြောင်း နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ (ဇူလိုင် ၆ ရက်) သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် ၎င်းတို့၏ နိုင်ငံကူး လက်မှတ်များ သက်တမ်းကုန် ဆုံးသွားပါက သက်တမ်းတိုး လျှောက်ထားခြင်း လုပ်ငန်းကို မြန်မာနိုင်ငံ၌ ပြန်လည်လျှောက်ထားရမည်ဟု ဆိုရှယ်မီဒီယာ များနှင့် လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိကြောင်း တွေ့ရှိရပါသည်ဟု ဖော်ပြထားသည်။
အဆိုပါ ဖော်ပြချက်များမှာ သတင်းမှားများသာ ဖြစ်ကြောင်း အသိပေး အပ်ပါသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

ပတ်စ်ပို့ စာအုပ်
ထို့နောက် မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများအနေဖြင့် သက်ဆိုင်ရာ နိုင်ငံများတွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိ အလုပ်လုပ်ကိုင်၊ နေထိုင်နေသည့် မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်း၊ အသစ်ထုတ် ပေးခြင်း လုပ်ငန်းများ အပါအဝင် ကောင်စစ်ဆိုင်ရာ ကိစ္စရပ်များကို သံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများ၌ ပုံမှန်အတိုင်း လက်ခံ ဆောင်ရွက်ပေးလျက်ရှိသည်ဟု ထိုထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
အလားတူ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများတွင် သာမန် မြန်မာနိုင်ငံကူး လက်မှတ် အမျိုးအစား (၇)မျိုးဖြစ် သည့် PB (Business Passport)၊ PT (Dependent Passport)၊ PJ (Job Passport)၊ PR (Religious Passport)၊ PS (Seaman Passport)၊ PE (Student Passport) နှင့် PV (Visit Passport)များအားလုံးကို သတ်မှတ် စည်းမျဉ်း၊ စည်းကမ်း များနှင့်အညီ သက်တမ်းတိုးပေးခြင်း၊ အသစ်ထုတ်ပေးခြင်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးလျက်ရှိသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1746
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၆
လာမည့် ၂၀၂၃ ခုနှစ်တွင် နစက၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)မှ ကျင်းပမည့် ရွေးကောက်ပွဲကို အာဆီယံ အထူးကိုယ်စားလှယ်က လက်ခံကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP)၏ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က CNI သတင်း ဌာနသို့ ပြောသည်။
အာဆီယံအထူးကိုယ်စားလှယ် ပရတ်ဆိုခွန်နှင့် နိုင်ငံရေးပါတီ ၇ ပါတီမှ ခေါင်းဆောင်များ ရန်ကုန်မြို့မှာ တွေ့ဆုံစဉ် ၂၀၂၃ ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေး အကျပ်အတည်း၏ ထွက်ပေါက်တစ်ခု ဖြစ်သည်ကို လက်ခံကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

ပရတ်ဆိုခွန်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်
ဒေါက်တာအေးမောင်က “အာဆီယံကလည်း ပြောတယ်။ ကျနော်တို့ကလည်း သုံးသပ်တယ်။ ၂၀၂၃ SAC ရဲ့ အထွေထွေ ရွေးကောက်ပွဲကြီးဟာ တံခါးတစ်ခုကို ဖွင့်လိုက်သလို ဖြစ်သွားမယ်။ တစ်နည်းအားဖြင့် Exit Strategy အတွက် အရေးကြီးတဲ့ အချက်မှာ ရှိတယ်။ အာဆီယံကိုယ်စားလှယ်ကလည်း အဲဒါမျိုး လက်ခံတယ်။ ၂၀၂၃ အထွေထွေ ရွေးကောက်ပွဲဟာ ပိတ်နေတဲ့ လမ်းကို ပိတ်နေတဲ့ လမ်းကို ပွင့်သွားနိုင်တယ်။ လမ်းပေါက်တစ်ခု ဖြစ်နိုင်တယ်တယ်။ သူ (အာဆီယံ အထူးကိုယ်စားလှယ်) လက်ခံတယ်။ အဲဒီလမ်းပေါက်ကို ဘယ်လို သုံးမှာလဲ။ ၂၀၀၈ အခြေခံနဲ့ သွားမလား။ သွားရင် ပတ်ချာလည်ပြီး လက်နက်ကိုင် ပဋိပက္ခက မပြီးနိုင်တော့ဘူး။ အဲဒီတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်တစ်ခုနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ခင်ဗျား ကမ္ဘာမှာ အများကြီးပဲဗျ ဖွံ့ဖြိုးတိုးတက်နေတာ။ မော်ဒန် တစ်ခုနဲ့ ကျနော်တို့ နိုင်ငံနဲ့ လျော်ညီတဲ့ဟာကို ပညာရှင်နဲ့ ရေးလိုက်ရင် တစ် နှစ် မကြာဘူးဗျ။ ၄၇ ဖွဲ့စည်းပုံ ဒီအတိုင်းရေးလာတာပဲ။ အခြေခံမူပဲလိုတယ်။ အခြေခံမူကို ကျနော်တို့ ညှိလိုက်ကြရအောင်။ လက်နက်ကိုင် အဖွဲ့အစည်းရော၊ နိုင်ငံရေးပါတီရော၊ လက်ရှိအစိုးရ တတ်သိပညာရှင်နဲ့ ခင်ဗျား တစ်နှစ်မကြာဘူး။ အဲဒီတော့ လာမယ့် ၂၀၂၃ တံခါးက ထွက်လာမယ့် လွှတ်တော်နဲ့ အစိုးရသည် ကြားဖြတ်အစိုးရ Interim Government ဖြစ်သွားမှာ ပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

ပရတ်ဆိုခွန်နဲ့ နိုင်ငံရေးပါတီများတွေ့ဆုံစဉ်
အာဆီယံအထူးကိုယ်စားလှယ် မစ္စတာ ပရတ်ဆိုခွန်သည် မြန်မာနိုင်ငံသို့ ဇွန်လ ၂၉ ရက်မှ ဇူလိုင် ၄ ရက်နေ့အထိ ဒုတိယ အကြိမ်မြောက် လာရောက်ခဲ့ပြီး မြန်မာ့နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ရှာဖွေလျက်ရှိသည်။
အဆိုပါ ခရီးစဉ်အတွင်း နိုင်ငံရေးပါတီ ၇ ပါတီ အပြင် နစက ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ တို့နှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
၂၀၂၃ ခုနှစ်အတွင်း နစကမှ ရွေးကောက်ပွဲ ကျင်းပမည်ဆိုသည့် ကတိကဝတ်အတိုင်း လုပ်ဆောင်ရန် အာဆီယံကိုယ်စားလှယ် က ပြောဆိုခြင်းမျိုး ဖြစ်နိုင်ကြောင်း ကရင်အမျိုးသား ဒီမိုကရတ်တစ်ပါတီဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက CNI သတင်းဌာနသို့ ပြောသည်။
မန်းအောင်ပြည်စိုးက “အဲဒါကတော့ နစက-က သူ့ ကတိကဝတ်အတိုင်း လုပ်မယ်ဆိုရင်တော့ အကောင်းဆုံး ဆိုတဲ့ဟာမျိုး အာဆီယံကိုယ်စားလှယ်က ကတိပေးတယ် ပြောရမလား၊ မီးစိမ်းပြတယ် ပြောရမလားပေါ့။ ခင်ဗျားပေးထားတဲ့ ကတိအတိုင်း ခင်ဗျား တည်အောင်လုပ်ဆိုတဲ့ သဘောမျိုးနဲ့ လက်ခံတယ်၊ အတည်ပြုတယ်၊ ကြိုက်တယ်ဆိုတဲ့ သဘောမျိုး ပြလိုက်တယ်လို့ ကျနော်တော့ နားလည်တယ်” ဟု ပြောသည်။
ရွေးကောက်ပွဲ ကျင်းပမည်ဆိုပါက မိမိတို့ ပါတီအနေဖြင့် ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပ ဖြစ်ရန်သာ အရေးကြီးကြောင်း ၎င်းက ပြောသည်။
၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ရွေးကောက်ပွဲ ကျင်းပပေးမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် အနိုင်ရသည့် ပါတီအား တိုင်းပြည်အာဏာကို လွှဲအပ်ပေးမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားထားသည်။
