အဆိုပါ လက်နက်ကိုင် အဖွဲ့များမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ(KNPP)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)တို့ ဖြစ်ကြောင်း ၎င်းက ပြောသည်။ ဗိုလ်ချုပ် ဇော်မင်းထွန်းက “ ထောက်ကြန့်မှာ KIA ဆီကနေ အခြေခံစစ်သင်တန်းနဲ့ဖောက်ခွဲရေး သင်တန်း တက်ပြီး ပြန်လာတဲ့သူ ၂ ဦးကို ဇွန်လ ၅ ရက်တုန်းက ဖမ်းမိပါတယ်။ ဖမ်းမိတဲ့လူတွေပြောပြချက်အရ KIA တပ်မဟာ ၃ ကဖွင့်ထားတဲ့ စစ်သင်တန်းစခန်းကို ရောက်ပြီးတော့ တခြား လူ ၁၄၀ ကျော်နဲ့အတူတူ သင်တန်း တက်ခဲ့တယ်လို့ ပြောပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံးက ပေးနေတယ်လို့ မပြောဘူး တချို့ အဖွဲ့တွေထဲက တပ်မဟာ သို့မဟုတ် တပ်ရင်းအဆင့်တချို့က အကြမ်းဖက် အားပေးတဲ့ လုပ်ရပ်တွေကို လုပ်နေ တဲ့တယ်ဆိုတဲ့အကြောင်း ကျနော်တို့ အသိပေးလိုပါတယ်”ဟု ပြောသည်။ ထို့နောက် KNU ကနေ ဖောက်ခွဲရေး သင်တန်းတက်ရောက်ပြီး ပြန်လာသူ ၃ ဦးကို ဇွန်လ ၈ ရက်နေ့က ရန်ကင်းမြို့နယ်ထဲမှာ ဖမ်းမိခဲ့ရာ ဖမ်းဆီးခံရသူများ၏ ပြောပြချက်အရ ကျောက်ကြီး-မုန်း-ဇရပ်ကြီးတွင် ရှိသည့် KNU က ဖွင့်လှစ်ထားသင့် ဖောက်ခွဲရေး သင်တန်းကို တက်ခဲ့ကြောင်း၊ သင်တန်းတက်အပြီး ပြန်လာကာ ရန်ကုန်က နေရာ ၂ မှာ မိုင်းထောင်/မိုင်းခွဲခဲ့မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ယနေ့ (ဇွန်လ ၁၂ ရက်နေ့) သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားသည်။ အလားတူ KNPP ကနေ လက်နက်ငယ်နှင့် မိုင်းသင်တန်း ၂ ပတ်ကြာ တက်ရောက်ပြီး ပြန်လာသည့် လူငယ် ၇၀ ကျော်ကို ဧပြီလကုန်ပိုင်းက ဖရူဆိုမြို့၏ မြို့ရှောင်လမ်းမှာ ဖမ်းမိခဲ့သေးကြောင်း ၎င်းက ပြောသည်။
NUG က ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပထမဆုံး စစ်သင်တန်း ဆင်းပွဲ တစ်ခုကို တွေ့ရစဉ်(ပုံ-NUG)
KNPP က လူငယ်များ ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး KNPP က တာဝန်ရှိသူများက တပ်မတော်၏ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီက တာဝန်ရှိသူများကို ဆက်သွယ်၍ ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိကြောင်း နီးစပ်သူများထံမှ သိရသည်။ KNU ကမူ မိမိတို့အနေဖြင့် PDF များကို စစ်သင်တန်းပေးနေမှု မရှိကြောင်း KNU ၏ အတွင်းရေးမှူး(၂) ပဒိုစော လှထွန်းက KIC သတင်းဌာနသို့ ဖြေကြားထားသည်။ သို့သော် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် စစ်သင်တန်းတက်ရောက်နေသော သူများက KNU က ပေးသည့် စစ်သင်တန်းကို တက်ရောက်နေကြောင်း ဓါတ်ပုံများ တင်လျက်၍ မျှဝေမှုများ ပြုလုပ်လျက် ရှိသည်။ KIA ကမူ ကချင်ပြည်နယ်အတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ကို ဖွဲ့စည်းမည်ဆိုပါက KIA/KIO လက်အောက်ကနေပဲ လှုပ်ရှားရမည်ဖြစ်ကြောင်း KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဇွန်လ ၂ ရက်က ဧရာဝတီသတင်းဌာနသို့ ပြောထားသည်။ ဗိုလ်မှူးကြီး နော်ဘူက “KIO အုပ်ချုပ်နယ်မြေမှာ ဆိုရင်တော့ KIO ရဲ့ လက်အောက်ခံပဲ ဖြစ်ရမှာ၊ KIO နဲ့ ဆက်စပ်မှု ရှိရမှာ။ မရှိဘဲနဲ့ သူတို့ဘာသာ သူတို့ လှုပ်ရှားတာက အဆင်မပြေလောက်ပါဘူး။ PDF ဖွဲ့မယ်ဆို ရင်တော့ ကျနော်တို့ KIO လက်အောက်မှာပဲ ရှိရပါမယ်၊ ဒါက KIO ရဲ့ မူကို ပြောတာပါ။ ကျနော်တို့က ကချင် ပြည်နယ်ရဲ့ လုံခြုံရေး အတွက် KIO/KIA ကပဲ အဓိက ဖြစ်ပါတယ်။ တခြား လက်နက်ကိုင်တဲ့ အဖွဲ့တွေ ပိုထွက်လာရင် ကချင်နယ် မြေမှာ ပိုရှုပ်ထွေးသွားမှာကို ကျနော်တို့ စိုးရိမ်လို့ ဖြစ်ပါတယ်”ဟု ဧရာဝတီသတင်းဌာနမှာ ပြောသည်။ မြန်မာနိုင်ငံတွင် တပ်မတော်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေသော လက်နက်ကိုင် ၁၉ ဖွဲ့ရှိသည်။ ထိုအဖွဲ့များမှာ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မ တော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)၊ မွန် ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ ရခိုင်ပြည်နယ် လွတ်မြောက်ရေး ပါတီ (ALP)တို့ ပါသည်။ ထို့ပြင် KIA၊ KNPP၊ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ် မတော် (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)၊ ရက္ခိုင့်တပ်တော်(AA)၊ တအာင်း အမျိုးသားလွတ် မြောက်ရေးတပ်မတော်(TNLA)၊ မြန်မာနိုင်ငံ အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော်(MNDAA)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN-K) တို့ ဖြစ်ကြသည်။ အဆိုပါ လက်နက်ကိုင် ၁၉ ဖွဲ့တွင် KNU၊ RCSS၊ DKBA၊ KNU/KNLA-PC၊ ABSDF၊ PNLO၊ ALP၊ CNF၊ NMSP၊ LDU တို့သည် တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ကို လက်မှတ်ထိုးထား ပြီ KNPP၊ NSCN-K၊ NDAA၊ UWSA၊ KIA၊ SSPP၊ MNDAA၊ TNLA၊ AA တို့ကတော့ NCA ထိုးနိုင်ရေး ညှိနှိုင်း လျက်နေဆဲအဆင့်သာ ရှိသည်။