အဆိုပါ ထုတ်ပြန်ချက်တွင် KNLA သည် ကရင်အမျိုးသား အစည်းအရုံး(KNU)၏ နိုင်ငံရေး ဦးဆောင်လမ်းညွှန်မှု ကို အစဉ်ခံယူ လိုက်နာလျက် ဒီမိုကရေစီရေး၊ တန်းတူရေးနှင့် ကရင်အမျိုးသားအရေးကို အစဉ်ဆောင်ရွက်လာ ခဲ့ရာ ၂၀၂၁ ခုနှစ်၊ မေလ ၁၀ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုး၏ သဘောထား အတိုင်း လိုက်နာခံယူသွားမည်ဖြစ်ကြောင်း၊ ကရင်အမျိုးသားအစည်းအရုံး(KNU)မှ သဘောတူ လက်မှတ်ရေး ထိုးထားသော NCA မူဘောင်များအတိုင်း တိကျစွာ လိုက်နာကျင့်သုံးသွားမည်ဖြစ်ပြီး ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်(KNLA) တပ်ဖွဲ့ဝင်များ အားလုံး အနေဖြင့် စစ်စည်းကမ်းများနှင့်အညီ တိကျစွာ လိုက်နာ ကြရန်သာဖြစ်ကြောင်း KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီက ဆိုထားသည်။ “ KNU၊ KNLA သည် ကရင့်တော်လှန်ရေး သမိုင်းစဉ်တစ်လျှောက် တရားသော ခုခံစစ်ကို ကရင်အမျိုးသားများ ၏ လွတ်လပ်ရေး၊ တန်းတူရေးတို့အတွက် အသက်ပေး တိုက်ပွဲဝင်လျက်ရှိပါသည်။ မြန်မာ့သမိုင်းစဉ် တစ်လျှောက်လုံးတွင်လည်း ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးတို့အတွက် အရေးပါသော အဓိကနေရာမှ ပါဝင်ခဲ့သည့် ကရင်တပ်မတော် ဖြစ်ပါသည်”ဟု ၎င်းက ဆိုသည်။ ဖေဖော်ဝါရီ ၁ ရက်က တပ်မတော်မှ နိုင်ငံတော်အာဏာကို ရယူလိုက်ခြင်းကြောင့် လက်ရှိတွင် တပ်မတော်နှင့် KNLA ကြား ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် မကြာခဏ တိုက်ပွဲများ ဖြစ်ပွား နေပြီး အောက်ခြေ၌ စစ်ရေး တင်းမာလျက်ရှိနေသည်။ KNU သည် အမျိုးသားရေးနှင့် တန်းတူရေးတို့အတွက် နှစ်ပေါင်းကြာရှည်စွာ လက်နက်ကိုင် ခုခံတော်လှန်ရေး ကို ဆောင်ရွက်ခဲ့သော အဖွဲ့တစ်ခုဖြစ်ပြီး ဒေသ ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးကို ဦးစားပေးလျက် တွေ့ဆုံ ဆွေးနွေးပွဲများမှ တဆင့် ညှိနှိုင်းအဖြေရှာခြင်းကို ဆောင်ရွက်လာခဲ့ရာ ခရီးကာလတစ်ခုအထိ ရောက်ရှိခဲ့ပြီး NCA စာချုပ်အား လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်ဟု KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ၂၀၂၁ ခုနှစ်၊ မေလ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထို့နောက် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက KNU အနေဖြင့် တွေ့ဆုံဆွေးနွေးခြင်း၊ NCA မူဘောင် များအား လိုက်နာကျင့်သုံးခြင်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး သက်ဆိုင်သူအားလုံး အနေဖြင့်လည်း NCA မူဘောင်များအတိုင်း တိကျစွာ လိုက်နာကျင့်သုံးလျက် ငြိမ်းချမ်းရေးကို ထိန်းသိမ်းကြပါရန် အလေးအနက် တိုက်တွန်းအပ်ပါသည်ဟု ၂၀၂၁ ခုနှစ်၊ မေလ ၁၀ ရက်က လက်မှတ်ထိုး ထုတ်ပြန်ခဲ့သည်။ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက “၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး အပြောင်းအလဲ အချိန်အခါ အခြေအနေတစ်ခုတွင် နိုင်ငံရေး ပြဿနာကို လက်နက်ကိုင် နည်းလမ်းဖြင့် ဖြေရှင်းရန် ကြိုးပမ်း လာကြသည်ကို ဝမ်းနည်းဖွယ် တွေ့မြင်နေရသ ဖြင့် နိုင်ငံရေးပြဿနာအား နိုင်ငံရေး နည်းလမ်း ကောင်း ဖြစ်သည့် တွေ့ဆုံ ဆွေးနွေးခြင်းဖြင့်သာ အဖြေရှာရန် သဘောထားရှိပါသည်”ဟု ပြောထားသည်။ KNU သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS/SSA)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)၊ ကရင်အမျိုးသား အစည်း အရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့် ၂၀၁၅ ခုနှစ်၊အောက်တိုဘာ ၁၅ ရက်တွင် လက်မှတ်ထိုးထားသည်။ ထို့နောက် ၂၀၁၈ ခုနှစ်၊ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့လည်း လက်မှတ်ထိုးခဲ့ကြသည်။
KNU ဥက္ကဋ္ဌ သဘောထားအတိုင်း လိုက်နာမည်ဟု KNLA စစ်ဦးစီးချုပ်ပြော
- By Super User
- Category: နိုင်ငံရေး
- Hits: 639