CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁

ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်ကော်လေဆိပ်သို့ ဆင်းသက်လာသော ခရီးသည်တင် လေယာဉ်တစ်စင်း စက်တင်ဘာ ၃၀ ရက်နေ့ နံနက်ပိုင်းက ပစ်ခတ်ခံခဲ့ရသော်လည်း မည်သည့် အဖွဲ့အစည်းက ပစ်ခတ်ခဲ့သည်ကိုတော့ လက်သည်မပေါ်ဘဲ အပြန်အလှန် လွှဲချနေကြသည်။

အဆိုပါ ပစ်ခတ်မှုကို ကယားပြည်နယ်အတွင်း လှုပ်ရှားနေသော ကရင်အမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ PDF တို့က ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု နစကဘက်က စက်တင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း ကယားပြည်နယ်အတွင်းမှာ KNPP လွိုင်ကော် PDF၊ ဒီးမော့ဆိုး PDF၊ မိုးဗြဲ PDF၊ ဖယ်ခုံ PDF တို့နှင့် အတူတူ တွဲ၍ စစ်ရေးလှုပ်ရှားနေသော ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)ကလည်း မိမိတို့ မပစ် ကြောင်း၊ တပ်မတော် တပ်ဖွဲ့များသာ လွိုင်ကော်လေဆိပ်အနားမှာ ရှိကြောင်း ပြောသည်။

KNDF သည် လက်ရှိ ကယားပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက် ရှိသော အဖွဲ့အစည်းဖြစ်သည်။

အရပ်သားများ စီးနင်းလိုက်ပါလာသည့် လေယာဉ်ကို မိမိတို့ အဖွဲ့အစည်းအနေဖြင့် ပစ်ခတ်ခြင်းမျိုး မရှိကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) မှာ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနကို ပြောသည်။

လွိုင်ကော်လေဆိပ် အဆင်း ခရီးသည်တင် လေယာဉ်ပစ်ခတ်ခံရမှု အခြေပြမြေပုံ

၎င်းက “ဒါကတော့ ပြောရမယ်ဆိုလို့ရှိရင် အရပ်သားတွေ စီးနင်းတဲ့ ဒီလိုလေယာဉ်မျိုးပေါ့နော်၊ လေယာဉ်တွေ၊ ကားတွေ ကားတွေကို ပစ်ခတ်တိုက်ခိုက်တာမျိုးတွေ လုပ်ဆောင်ဖို့ဆိုပြီးမှ ညွှန်ကြားချက် ကျ‌နော်တို့မှာ မရှိသလို ကျနော်တို့မှာလည်း အဲဒီလိုမျိုး လုပ်တဲ့ အဖွဲ့အစည်း မဟုတ်ဘူးပေါ့နော်၊ ကျနော်တို့ရဲ့ ရပ်တည်ချက်တွေ၊ မူတွေ ခိုင်ခိုင်မာမာနဲ့ သွားနေတဲ့ အဖွဲ့အစည်းဖြစ်တယ်၊ ကျနော်တို့ရဲ့ လုပ်ငန်းစဉ်တွေထဲမှာ အရပ်သားတွေကို ပစ်မှတ် ထား ပြီးတော့မှ လုပ်ရမယ့်ဟာ တစ်ခုမှ မရှိဘူးပေါ့နော်၊ တိုက်ခိုက်တဲ့ဟာ မရှိဘူး။ ကျနော်တို့က စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ဟာတွေပဲ ရှိတာပေါ့နော်” ဟု ပြောသည်။

နစကကတော့ ခရီးသည်များ တင်ဆောင်လာသော လေယာဉ်ကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့က ပစ်ခတ်ခဲ့ပြီး လေယာဉ်၏ ဘယ်ဘက်ဝမ်းဗိုက်အား ထိမှန်ခဲ့ကာ လေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် ခရီးသည် တစ်ဦး၏ ညာဘက်ပါးတွင် ကျည်ထိမှန် ဖောက်ဝင်ဒဏ်ရာ ရရှိခဲ့သည်ဟု စက်တင်ဘာ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

အဆိုပါ ခရီးသည်တင် လေယာဉ်သည် ခရီးသည် ၆၃ ဦးကိုတင်ဆောင်လာပြီး ရန်ကုန်-နေပြည်တော်-လွိုင်ကော်- ရန်ကုန် ခရီးစဉ်အဖြစ် ပြေးဆွဲစဉ် လွိုင်ကော်လေဆိပ်သို့ အဆင်းမှာ ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။

နစက၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက “လေယာဉ်ဆင်းသက်မှု အဆင့်တွေတိုင်းမှာ လုပ်‌ဆောင် နေချိန်မှာ လေယာဉ်ပြေးလမ်းရဲ့ မြောက်ဖက်လောက် ကနေပြီးတော့မှ KNPP၊ PDF အဖွဲ့တွေက လေယာဉ်ကို လက်နက်ငယ်နဲ့ ပစ်ခတ်ခဲ့တာရှိပါတယ်။ ခရီးသည်တင် လေယာဉ်ကို ဒီလိုလုပ်ဆောင်ခဲ့တာဟာ စစ်ရာဇဝတ်မှု၊ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာမျိုး ဖြစ်ပါတယ်၊ ပြည်သူလူထုအနေနဲ့ရော ငြိမ်းချမ်းရေးကို လိုလားတဲ့၊ အေးချမ်း သာယာရေးကို လိုလားတဲ့ ပြည်သူလူထုအနေနဲ့ရော အဖွဲ့အစည်းတွေ အနေနဲ့ရော ဒီကိစ္စကို ဒါဝိုင်းဝန်းရှုတ်ချဖို့ လိုပါတယ်၊ ဒါလေယာဉ်တစ်ခုခု ဖြစ်သွားတယ်ဆိုလို့ရှိရင် ခရီးသွားလုပ်သားပြည်သူများပဲ ဒါဒုက္ခရောက်မှာ ဖြစ်ပါတယ်၊ ခရီးသွားလုပ်သားပြည်သူများ ဒုက္ခရောက်မှာ ဖြစ်တယ်၊ ပြီးရင် ဒေသခံ ပြည်သူလူထုရဲ့ ဆက်သွယ်ရေး လမ်းကြောင်းကို သူတို့ အနေနဲ့ ဖြတ်တောက်နိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်” ဟု ပြောသည်။

ပစ်ခတ်ခံရသော လေယာဉ်ကိုတွေ့ရစဉ်

လွိုင်ကော်လေဆိပ်၏ အနေအထားအရ ဘေးပတ်ဝန်းကျင်တွင် မြန်မာ့တပ်မတော်၏ နယ်မြေခံတပ်များ၊ အမြောက်တပ်များ ရှိနေကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) မှာ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “ဒီလိုမျိုး ခရီးသည်တင် လေယာဉ်မျိုးကို ပစ်ခတ်တာ ဆိုတာမျိုးကလည်း မဖြစ်နိုင်ဘူးလို့ ကျနော်အနေနဲ့ ထင်တယ်‌ပေါ့၊ ဘာလို့လဲဆို ဒီလွိုင်ကော်ရဲ့ အနေအထားက လွိုင်ကော်လေဆိပ်ရဲ့ အနေအထားက လေယာဉ် အတက်အဆင်းလုပ်တဲ့ နေရာတွေရော တခြားနေရာတွေပေါ့ဗျာ၊ ဒီလေယာဉ်နဲ့ ပတ်သက်တဲ့ လေကြောင်း ပတ်တဲ့ ဟာတွေမျိုးပေါ့၊ အဲဒီလမ်းကြောင်းတွေ အကုန်လုံးမှာက စစ်ကောင်စီရဲ့ တပ်တွေပဲ ရှိတာပေါ့နော်၊ တစ်လျှောက် လုံးမှာ လေယာဉ်ဆင်းတဲ့ ပြေးလမ်းနားဆိုရင်လည်း ကျ‌နော်တို့ တွေ့နိုင်ပါတယ်၊ အဲဒီနားမှာဆိုရင်လည်း စစ်ကောင်စီရဲ့ တပ်က ၃ တပ်လောက် ရှိတယ်ပေါ့နော်၊ တပ်ရင်း ၃ ခုလောက် ရှိတယ်၊ ရွာတွေဖက် ဖြစ်ဖြစ်ပေါ့ နော်၊ ဒီတိုက်ပွဲဖြစ်တဲ့ နေရာတွေပဲ ဖြစ်ဖြစ်၊ လက်နက်ကြီး ပစ်ကူနေတဲ့ တပ်ရင်းတွေ၊ အမြောက်တပ်တွေလည်း ရှိတယ်၊ ပြီးရင် နယ်မြေခံတပ် ၂ တပ်လောက်ကလည်းရှိတယ်၊ ဘယ်လိုမှ မဖြစ်နိုင်ဘူးပေါ့၊ ပစ်မယ်ဆိုလို့ရှိရင်” ဟု ပြောသည်။

လက်ရှိ ကယား(ကရင်နီ)ပြည်နယ်အတွင်းမှာ KNPP ၏ လက်အောက်ခံ ကရင်နီတပ်မတော်(KA) နှင့် KNDF၊ PDF အဖွဲ့များ ပူးပေါင်း၍ မြန်မာ့တပ်မတော်အား တိုက်ခိုက်လျက်ရှိသည်။

အဆိုပါ တိုက်ပွဲများကြောင့် ကယား(ကရင်နီ)ပြည်နယ်တွင် တိုက်ပွဲရှောင် လူဦးရေ ၁၆၀,၀၀၀ ကျော်ရှိပြီး နေအိမ် ပျက်စီးမီးလောင်မှု ၄၃၆ လုံးထက်မနည်း ရှိနေကြောင်း ISP – Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။