CNI News

၂၀၂၂ ခုနှစ် ၊ စက်တင်ဘာ ၂၆

"ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)မှ ခေါင်းဆောင်များနှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ စက်တင်ဘာ ၂၆ ရက်နေ့က တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲသို့ UWSA ဘက်က ဒုဥက္ကဋ္ဌ ဦးလော့ယာကု၊ NDAA က ဒုဥက္ကဋ္ဌ ဦးစန်ပေ့၊ SSPP မှ ဒုဥက္ကဋ္ဌ(၂) စဝ်ခွန်ဆိုင်တို့ တက်ရောက်ရှိသည်။

ထို့နောက် နစက၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် UWSA၊ NDAA၊ SSPP ကိုယ်စားလှယ်များ ဆက်လက် ဆွေးနွေးကြမည်ဖြစ်သည်။ ယနေ့တွေ့ဆုံမှုတွင် မည်သည့် အကြောင်းအရာများကို ဆွေးနွေးကြကြောင်းကိုတော့ နှစ်ဖက်စလုံးက သတင်းထုတ်ပြန်ခြင်းမရှိ သေးပေ။

UWSA၊ NDAA၊ SSPP ခေါင်းဆောင်များနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်

UWSA ၊ NDAA ၊ SSPP တို့သည် နစကနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုကို ယခုအခါသည် ဒုတိယအကြိမ် တွေ့ဆုံ ခြင်း ဖြစ်သည်။

ပထမ အချိန်ကတော့ UWSA နှင့် နစကသည် ၂၀၂၂ ခုနှစ်၊ မေလ ၂၉ ရက်နေ့ တွေ့ဆုံ ဆွေးနွေးထားသလို NDAA နှင့် နစကလည်း ၂၀၂၂ ခုနှစ်၊ ဇွန်လ ၄ ရက်က တွေ့ဆုံ ဆွေးနွေးထားသည်။ ထို့နောက် SSPP နှင့် နစကသည် ၂၀၂၂ ခုနှစ်၊ သြဂုတ် ၄ ရက်က တွေ့ဆုံ ဆွေးနွေးထားသည်။

အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်မထိုးရသေးသော အဖွဲ့များသည်။