CNI International News

ကိယက်ဗ်၊ ဧပြီ ၁၆

ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့တော်နှင့် အနောက်ပိုင်း လိုဗစ်မြို့ကြီးများ၌ ဧပြီလ ၁၆ ရက်၊ နံနက်အစောပိုင်းမှာ ပေါက်ကွဲသံ များ ထွက်ပေါ်လာခဲ့ရာ ဗုံးပေါက်ကွဲသည့်နေရာသို့ ကယ်ဆယ်ရေးသမားများနှင့် ကျန်းမာရေးဝန်ထမ်းများ စေလွှတ်ခဲ့ရ ကြောင်း ကိယက်ဗ်မြို့တော်ဝန်က ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းတစ်ပုဒ်၌ တွေ့ရသည်။

ထိုဖြစ်စဉ်ကြောင့် အသေအပျောက် (သို့မဟုတ်) အပျက်အစီး အခြေအနေ အသေးစိတ် မသိရသေးကြောင်း ရိုက်တာက ဆက်လက် ရေးသားဖော်ပြသည်။

ရုရှား၏ကျူးကျော်စစ် ရက်သတ္တ ၇ ပတ်အတွင်း ယူကရိန်းတပ်အင်အား ၂,၅၀၀ မှ ၃,၀၀၀ ခန့် ကျဆုံးခဲ့ပြီး ဒဏ်ရာရစစ်သည် ၁၀,၀၀၀(တစ်သောင်း)ခန့်ရှိကြောင်း သမ္မတ ဗိုလိုဒီမီယာဇာလန်းစကီးက ပြောသည်။

တစ်ချိန်တည်းမှာပင် ရုရှားစစ်သည်အင်အား ၁၉,၀၀၀ မှ ၂၀,၀၀၀ အထိ ကျဆုံးကြောင်း စီအင်န်အင်န်သတင်းက ဧပြီ ၁၅ ရက် တွင် ဖော်ပြခဲ့သည်။ ယခင်လက မော်စကို၏ ထုတ်ပြန်ချက်တွင်မူ ရုရှားစစ်သည် ၁,၃၅၁ ဦး ကျဆုံးပြီး ဒဏ်ရာရစစ်သည် ၃,၈၂၅ ဦးရှိကြောင်း သိရသည်။

ရုရှားကျူးကျော်စစ်အတွင်း သေဆုံးသွား(AP)

သို့ရာတွင် ထိုသတင်းများ၌ ဖော်ပြထားသော အရေအတွက်များကို ရိုက်တာသတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။

ကိယက်ဗ်မြို့တော်ကို နောက်ထပ် တိုက်ခိုက်မှုများ လုပ်ဆောင်မည်ဟု ရုရှားက ဧပြီ ၁၅ ရက်တွင် ပြောကြားခဲ့ပြီး ကိယက်ဗ် မြို့အနီး ဗီဇာ (Vizar) စက်ရုံကို ခရုဇ်ဒုံးကျည် သုံး၍ တိုက်ခိုက်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုများ၌ သင်္ဘောဖျက်ဒုံးများ အပါအ ဝင် ဒုံးကျည်မျိုးစုံ ပါဝင်ခဲ့သည်။

ပင်လယ်နက်အတွင်း မော်စကို၏ စစ်ရေယာဉ်အုပ်စု၌ ပါဝင်သည့် မော့စကာဗာ တိုက်ရေယာဉ်မှာ ဧပြီ ၁၄ ရက်တွင် နစ်မြုပ် သွားခဲ့ပြီးနောက် ယခုနံနက်ပိုင်း စစ်ဆင်ရေးအရှိန် တိုးမြှင့်လာခဲ့သည်။ အဆိုပါ ရေယာဉ် နစ်မြုပ်မှု၌ ရေယာဉ်ဝန်ထမ်း ၅၀၀ ကျော်ကို ဘေးလွတ်ရာသို့ အရေးပေါ် ရွှေ့ပြောင်း ပေးခဲ့ရပြီး မုန်တိုင်းထန်နေစဉ် ပင်လယ်ပြင်၌ နစ်မြုပ် သွားခဲ့ရ ခြင်းဖြစ် ကြောင်း မော်စကိုက သတင်းထုတ်ပြန်ခဲ့သည်။

Source: Reuters