CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၅
လက်ရှိ နိုင်ငံရေး အခြေအနေများအရ နစကနှင့် နိုင်ငံရေးဆွေးနွေးနိုင်သည့် အခြေအနေ မဖြစ်နိုင်သေးကြောင်း ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး(၁) ခူဒန်နီရယ်က CNI သတင်းဌာနသို့ ပြောသည်။
တစ်နိုင်ငံလုံး အပစ်အခတ် တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA) လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် မတ်လ ၂၉ ရက်မှ ဧပြီ ၂ ရက်နေ့အထိ ထိပ်သီးညီလာခံ ကျင်းပခဲ့ပြီး နိုင်ငံရေးဆွေးနွေးပွဲ လမ်းကြောင်း ဆက်လက် လုပ်ဆောင်သွားရန် ထုတ်ပြန်ခဲ့သည်။
ခူဒန်နီရယ်က “ဒီပုံစံအတိုင်းဆိုလည်း အရင်တုန်းကတောင် မဖြစ်နိုင်ဘူးပေါ့နော်၊ အခုဆို ပိုဆိုးလိမ့်မယ်၊ သူတို့ထိုးထားတဲ့ အဖွဲ့အစည်းတွေ အားလုံးကလည်း ပါဝင်တာ မရှိဘူးပေါ့လေ၊ လတ်တလော အနေအထားအရ NCA အပေါ်မှာလည်း အယုံ အကြည်မရှိဘူး၊ ဒီဆွေးနွေးပွဲ ဖြစ်စဉ်ကလည်း ဖြစ်လာမှာမဟုတ်ဘူးလို့ ဒီလိုပဲ ယုံကြည်ထားတယ်”ဟု ပြောသည်။
လက်ရှိတွင် KNPP သည် ကယားပြည်နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ပူးပေါင်း၍ တပ်မတော်ကို တိုက်ခိုက်နေခြင်းကြောင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။
KNPP သည် NCA မထိုးရသေးသော ကရင်နီလက်နက်ကိုင်ဖြစ်ပြီး NCA ထိုးနိုင်ရေး ၂၀၁၄ ကနေ ၂၀၂၁ ခုနှစ်အထိ ဆွေးနွေးမှု များ အကြိမ်ကြိမ် ပြုလုပ်ခဲ့သည်။
KNPP တပ်ဖွဲ့ကိုတွေ့ရစဉ်
ခူဒန်နီရယ်က “ကျနော်တို့ကတော့ အားလုံးပါဝင်ရေးမူကို အခြေခံပြီးတော့ သွားသင့်တယ်လေ၊ အားလုံးပါဝင်ရေးဆိုတာ မြောက်ပိုင်းမဟာမိတ်တို့ NCA ထိုးထားတဲ့ အဖွဲ့တွေအားလုံးပေါ့၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မရှိဘဲနဲ့တော့ နိုင်ငံရေး ကို ဘယ်လိုဆွေးနွေးလို့မှ အဆင်ပြေမှာမဟုတ်ဘူး၊ တကယ်လို့ ဆွေးနွေးမယ်ဆိုလည်း ခုနပြောသလို အထစ်အငေါ့တွေ က တော့ ပိုပြီးတော့ အများကြီး ဖြစ်ပေါ်စေမယ်လေ၊ အခုထိ အာဏာသိမ်း စစ်ကောင်စီကို ကျနော်တို့ လက်ခံထားတဲ့ အနေ အထား မရှိသေးဘူး၊ သူတို့ လက်ထဲမှာတော့ ဖြစ်နိုင်ဖို့ ခက်မယ်၊ တရားဝင် အစိုးရတစ်ရပ်ရပ် မရှိမခြင်း ကျနော်တို့ ဘာဆုံး ဖြတ်ချက်မှ မရှိသေးဘူး” ဟု ပြောသည်။
မြန်မာ့နိုင်ငံရေး ပြဿနာကို ဖြေရှင်းရာတွင် အားလုံးပါဝင်သည့် ဆွေးနွေးမှု ပြုလုပ်ရန် လိုအပ်ကြောင်း၊ ထိုအတွက် PPST အနေနှင့် တွေ့ဆုံဆွေးနွေးရေး နိုင်ငံရေးလမ်းပြ မြေပုံတစ်ရပ်ကို အဆိုပြုသွားမည်ဖြစ်ကြောင် ဧပြီ ၄ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲတွင် PPST က ထုတ်ပြန်ခဲ့သည်။
မြန်မာ့နိုင်ငံရေး ထွက်ပေါက် လမ်းကြောင်းတစ်ခုနှင့် နိုင်ငံရေးလမ်းပြ မြေပုံဆိုင်ရာ အဆိုပြုချက်ကို သက်ဆိုင်သူ အားလုံးထံ ပေးပို့သွားမည်ဖြစ်ကြောင်းလည်း PPST ပြောရေးဆိုခွင့်ရှိသူ ရဲဘော်မျိုးဝင်းက ပြောသည်။
လက်ရှိတွင် NCA ထိုးထားသည့် လက်နက်ကိုင် (၁၀) ထဲမှ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့နှင့် တပ်မတော်ကြားမှာလည်း ကရင်ပြည်နယ်၊ ချင်းပြည်နယ်တို့မှာ တိုက်ပွဲများ ဖြစ်ပွားနေသည်။