CNI International News

တီဟီရန်၊ ဖေဖော်ဝါရီ ၂၃

အီရန်နျူကလီးယား အစီအစဉ်ကို ကန့်သတ်ထိန်းချုပ်ရေး သဘောတူညီချက် ပြန်လည်ဆွေးနွေးရန်နှင့် ပိတ်ဆို့ဒဏ်ခတ်မှုများ ဖြေလျော့ရေးဆိုင်ရာ ဆွေးနွေးပွဲများ ပြီးစီးလုနီးဖြစ်နေချိန် အီရန်နှင့်အမေရိကန် နှစ်နိုင်ငံအကြား အကျဉ်းသားလဲလှယ်ရေး ကိစ္စ ဖြစ်ပေါ်လာမည်ဟု မျှော်မှန်းထားကြောင်း ကိုးကားလျက် ရိုက်တာက သတင်းဖော်ပြသည်။

“JCPOA ပြန်လည် ဆွေးနွေးပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများသည် အပြီးသတ်မျဉ်းကို ဖြတ်ကျော်တော့မည်” ဟု ရုရှားသံတမန် တစ်ဦးဖြစ်သည့် မီးခေးလ်အော်ယန်နော့ဗ်က တွစ်တာလူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

JCPOA ဆိုသည်မှာ ၂၀၁၅ ခုနှစ် သဘောတူညီချက်ဖြစ်ပြီး အရှည်အားဖြင့် ပူးတွဲလုပ်ဆောင်ချက် ဘက်စုံစီမံချက် (Joint Comprehensive Plan of Action) ဟု အမည်တွင်သည်။

တီဟီရန်နှင့် အင်အားကြီး ဝါရှင်တို့အကြား လပေါင်းများစွာကြာအောင် ဆွေးနွေးပြီးနောက် ဗီယင်နာမြို့တွင် အမေရိကန်-အီရန် သဘောတူညီချက်တစ်ရပ် ထွက်ပေါ်လာခဲ့ကြောင်း ရိုက်တာသတင်းမှာ ယခင်သီတင်းပတ်က ဖော်ပြပြီးဖြစ်သည်။

ထိုသဘောတူညီချက်အတွက် ဆွေးနွေးနေမှုကို ၂၀၁၈ ခုနှစ်တွင် အမေရိကန်က ကျောခိုင်းခဲ့ပြီး အီရန်အပေါ် ပြင်းထန်သော ပိတ်ဆို့အရေးယူမှုများ ပြန်လည်ချမှတ်ခဲ့သူမှာ ယခင်သမ္မတ Donald Trump ဖြစ်သည်။

အဆိုပါ သဘောတူညီချက် မူကြမ်းစာသားတွင် အခြားပြဿနာများကိုသာ ဝိုးတဝါး ထင်ဟပ်ဖော်ပြထားပြီး တောင်ကိုရီးယား ဘဏ်များ၌ ဒေါ်လာဘီလီယံနှင့်ချီသော အီရန်ငွေကြေးများကို ဆက်လက် ဆုပ်ကိုင်မထားစေရန်နှင့် အီရန်တွင် ဖမ်းထားသည့် အနောက်တိုင်းမှ အကျဉ်းသားများကို ပြန်လွှတ်ပေးရန်တို့ ပါဝင်ကြောင်း သံတမန်သတင်း ရပ်ကွက်ထံမှ သိရသည်။

အီရန်နဲ့ အမေရိကန် နျူကလီးယားအရေး ဆွေးနွေးနေကြစဉ်(GETTY IMAGES)

ဖေဖော်ဝါရီ ၁၉ ရက်တွင် အီရန်နိုင်ငံခြားရေးဝန်ကြီး ဟူစိန်အမီရာ အဘူရာဟင်က အစ္စလာမ္မစ်သမ္မတနိုင်ငံ တစ်ရပ်အနေဖြင့် အမေရိကန်ပြည်ထောင်စုနှင့် အကျဉ်းသားများ အပြန်အလှန်လဲလှယ်ရန် ချက်ချင်း အသင့်ရှိကြောင်း ပြောကြားခဲ့သည်။

“အီရန်သည် အကျဉ်းသားများ လဲလှယ်ရေး အဆင်သင့်ဖြစ်နေသည်ဟု အမြဲတမ်းလိုလို ထပ်တလဲလဲ ပြောကြားခဲ့ကြောင်း၊ လွန်ခဲ့သည့်လများ၌ မိမိတို့အနေဖြင့် အသင့်ဖြစ်ခဲ့သော်လည်း အမေရိကန်ဘက်မှ သဘောတူညီချက်ကို ပျက်ပြားစေခဲ့ ကြောင်း” တီဟီရန်အစိုးရ အကြီးတန်းအရာရှိတစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

“အခု သူတို့အနေနဲ့ ၅ ယောက်၊ ၆ ယောက်လောက်တော့ ပြန်လွှတ်ပေးမယ်လို့ ယုံကြည်ပါတယ်။ ဒါပေမယ့် အဲဒီ အကျဉ်း သားတွေကိစ္စက နျူကလီးယား သဘောတူညီချက်နဲ့ ဆက်စပ်နေတာတော့ မဟုတ်ဘူး။ ဒါက အီရန်ရဲ့ လူသားချင်း စားနာမှု အတိုင်းအတာပဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဓါးစာခံအဖြစ် ချုပ်နှောင်ထားသည့် ဘာကွာ (Baquer)နှင့် ဆိုင်မတ်နာမာဇီ (Siamak Namazi) အပါအဝင် အမေရိကန်နိုင်ငံ သား ၄ ဦးကို တီဟီရန်က ပြန်မလွှတ်ပေးလျှင် နျူကလီးယား သဘောတူညီချက်ကို အာမခံချက်ပေးရန် မဖြစ်နိုင်ကြောင်း အမေရိကန် စေ့စပ်ညှိနှိုင်းရေးမှူး ရောဘတ်မာလေး (Robert Malley) က အကြံပြုထားသည်။

Source: Reuters