CNI News
၂၀၂၁ ခုနှစ်၊ ဩဂုတ် ၅
အသက် ၁၂ နှစ်သာ ရှိသေးသော အိုက်ရှက်သည် စစ်သားများအပေါ် မုန်းတီးအောင်နှင့် ၎င်းတို့ကို အတတ်နိုင်ဆုံး သတ်ဖြတ်ချင်စိတ်ပေါက်လာအောင် လေ့ကျင့်ပေးခြင်းခံရသူဖြစ်သည်။ ဇူးလူးကျွန်း၏တောတွင်း၌ အစ္စလာမစ် အစွန်းရောက် ဂျီဟက်တို့နာမည်ဖြစ်သော အဘူဆေယက်ဖ်စခန်းနားတွင် သူ့တိုက်ခိုက်မှုကြောင့် စစ်သား ၃ ဦး သေဆုံးခဲ့သည်။
အိုက်ရှက်သည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလက ဇူးလူးမြို့ရှိ ကက်သလစ်ဘုရားရှိခိုးကျောင်းကို အသေခံ ဗုံးခွဲတိုက်ခိုက်မှုအတွက် တာဝန်ရှိသည့် အင်ဒိုနီးရှားစုံတွဲ၏သမီးများထဲမှတစ်ဦးဖြစ်သည်။ ယင်းဗုံးခွဲတိုက်ခိုက်မှု တွင် လူ ၂၀ သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့သည်။
အိုက်ရှက်၏ အခြားဘဝတစ်ဘက်ခြမ်းတွင်တော့ TikTok ပေါ်တွင် ဖိလစ်ပိုင်သီချင်းများနှင့် ကိုရီးယားကေပေါ့ပ် ကြိုက်နှစ်သက်သည်။ ဆိုင်ကယ်လျှောက်စီးဖို့ပဲ အားသန်နေတတ်သည်။ သူ့အနေဖြင့် နှစ်နှစ်ကာကာ မရှိလှဘဲ သူ့ထက် ၄ နှစ်ကြီးသည့် ဂျီဟက်တိုက်ခိုက်ရေးသမားတစ်ဦးကို လက်ထပ်ခဲ့ရလင့်ကစား ကောင်လေး တစ်ယောက်ကို ကြိတ်ကြွေနေရင်းလည်း သာယာနေတတ်သည်။
ဇွန်လက အဘူဆေယက်ဖ်ခေါင်းဆောင်ပိုင်းနှင့် နီးစပ်သော သူ့ခင်ပွန်းကို ဖမ်းဆီးရန် ဖြိုခွင်းတိုက်ခိုက်ခဲ့ရာမှ သူ့ကို ဖမ်းမိသွားခဲ့သည်။ သူ့ခင်ပွန်းကတော့ လွတ်မြောက်သွားသည်။ အခြားတစ်ဖက်တွင်လည်း အိုက်ရှက်သည် ဖိလစ်ပိုင်တောင်ပိုင်းက ကလေးစစ်သားများကို ဦးနှောက်ဆေးကြောခြင်းနှင့် ပြန်လည်စုစည်းခြင်းအကြောင်း များစွာကို ဖွင့်ချခဲ့သည်။
၁၉၇၀ ပြည့်လွန်နှစ်များက မွတ်ဆလင်ပုန်ကန်မှုသည် ဖိလစ်ပိုင်တောင်ပိုင်းတွင် ပဋိပက္ခအများအပြားကို ဖန်တီးရာရောက်ခဲ့သဖြင့် ကလေးများကို အသုံးချခြင်းမှာ အသစ် အဆန်းတော့ မဟုတ်ပေ။ သို့သော် မကြာသေးမီ အစ္စလာမစ်နိုင်ငံတော် (အိုင်အက်စ်) များက ဆူလဖာသို့ ဝင်တိုက်ဖို့ ကြံရွယ်မှုသည် အန္တရာယ်ရှိသော စံနှုန်းတစ်ခု အဖြစ် သတ်မှတ်၍ရသည်။ သို့သော် အသေခံဗုံးခွဲတိုက်ခိုက်မှုများတွင် ဖိလစ်ပိုင်သူပုန်များ မပါခဲ့ပေ။
အိုက်ရှက်၏ ၁၇ နှစ်အရွယ်ရှိ အစ်မဖြစ်သူ ရက်ဇကီကို ဒီတိုနေတာကြိုး၊ ဘက်ထရီကလစ်နှင့် ခလုတ်တို့ လက်ဝယ်တွေ့ရှိပြီး ပြီးခဲ့သည့်အောက်တိုဘာလက အခြားအမျိုးသမီးနှစ်ဦးနှင့်အတူ ဖမ်းမိခဲ့သည်။ ရက်ဇကီသည် လက်ရှိတွင် ဇူးလူးကျွန်းပြင်ပတွင် ထိန်းသိမ်းခံထားရသည်။
မောင်းပြန်ရိုင်ဖယ်ကျွမ်းကျင်စွာ ပစ်တတ်ခြင်းနှင့် ဇူးလူးကျွန်းပေါ်တွင် သုံးသော တော့စလုဘာသာစကား ပြောဆိုနိုင်ခြင်းတို့သည် အိုက်ရှက်၏အားသာချက်များဖြစ်သည်။ သေနတ်ပစ်ခတ်နည်းကို အိုက်ရှက်သည် သူ့ဖခင် ရိုင်ယန်ဇီကီရူလီထံမှ သင်ယူတတ်မြောက်ခဲ့ပြီး အသေခံဗုံးခွဲနည်းကိုလည်း တခြားသူပုန်များထံမှ ရခဲ့သည်။
“အဲဒီ စစ်သားတွေကို ငါ သတ်မယ်၊၊ သူတို့က ဝက်တွေပဲ” ဟု စစ်ကြောမေးမြန်းသူကို အိုက်ရှက်က ပြောသည်။
“ငါ့ကို တပ်မဟာထဲ ခေါ်သွားပါ။ ငါ ဒီကောင်တွေအများကြီးကို သတ်ပစ်မယ်” ဟု ဇူလူးစစ်တပ်ဌာနချုပ်ကို ရည်ညွှန်းပြီး သူက တောင်းဆိုသည်။
အိုက်ရှက်နှင့် ရက်ဇကီဖမ်းဆီးခံရမှုအပေါ် အစိုးရအစီရင်ခံစာများတွင် သူတို့မိခင်ဖြစ်သူကို ဖခင်က အစွန်းရောက်ဝါဒီဘက်ရောက်အောင် တွန်းပို့ခဲ့ပုံနှင့် သားသမီးများကို သူစိမ်းလက်ထဲ ထားခဲ့ပုံများကို ဖော်ပြထားသည်။ အိုက်ရှက်တို့ဖခင် ရူလီသည် ၂၀၁၈ ခုနှစ်တွင် သူ့ဇာတိဖြစ်သော ဆူလာဝေဆီကျွန်းမှ ဇူးလူးကျွန်းပေါ်သို့ ပထမဆုံးရောက်ရှိခဲ့သည်။ မလေးရှားသို့လည်း အလားတူရောက်ရှိခဲ့ပြီးနောက် ပင်လယ်ရေပိုင်နက်ဖြတ်ကျော် သွားလာဖို့ အစိုးရအရာရှိများကို လာဘ်ထိုးပြီး ဇူးလူးကျွန်းရှိ အဘူဆေယက်ဖ် စခန်းသို့ သွားသည်။
အိုက်ရှက်ဖမ်းဆီးခံရခြင်းသည် ဖိလစ်ပိုင်နိုင်ငံတွင် အကြမ်းဖက်အစွန်းရောက်မှုဖြစ်လာရန် အလားအလာရှိသော ချိန်ကိုက်ဗုံးတစ်လုံးကို ထုတ်ဖော်ပြသရာရောက်ခဲ့သည်။ မင်ဒါနာအိုကျွန်းတွင် အစ္စလာမစ်အစွန်းရောက်ဝါဒများ ဆယ်စုနှစ်များစွာ ဖြစ်ပေါ်ခဲ့သည်ကို စောင့်ကြည့်နေမှုများရှိသော်လည်း ကိုင်တွယ်ဖြေရှင်းရန် အဆင်သင့် မဖြစ်သေးပေ။ အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံအသီးသီးတွင် အစွန်းရောက်ဝါဒတိုက်ဖျက်ရေးအစီအစဉ်များ စတင်လုပ်ဆောင်နေချိန်၌ ဖိလစ်ပိုင်မှာ ယင်းသို့အစီအစဉ်များ အထမမြောက်ခဲ့ကြောင်း သိရသည်။
အစိုးရအေဂျင်စီများက အစွန်းရောက်ဝါဒစွဲကပ်နေသော ကလေးသူငယ်များကို ကိုင်တွယ်ဖြေရှင်းရန်အတွက် လူမှုရေးနှင့်စိတ်ပိုင်းဆိုင်ရာဗျူဟာများမရှိသည့်အပြင် ပြဿနာများကို ရင်ဆိုင်ထိတွေ့ဖို့ ရွေးကောက်ခံ မွတ်ဆလင်ခေါင်းဆောင်များကိုသာ ချန်ထားခဲ့သည်။ စစ်ရေးအရ အချက်အချာကျသော ဇူးလူးကျွန်းကဲ့သို့ နေရာမျိုးတွင် အကြမ်းဖက်အလေ့အထက နက်နက်ရှိုင်းရှိုင်းထိုးဖောက်နေပြီဖြစ်သည်။
အိုက်ရှက်နှင့် ရက်ဇကီတို့သည် မခံမရပ်နိုင်သည့်အခြေအနေကြောင့် ဇူးလူးကျွန်းပေါ်မှ ထွက်ခွာလိုကြသည်။ သူတို့သည် လျှပ်စစ်မရှိ၊ ရေမရှိသော တောင်တန်းများတွင် ယာယီစခန်းချ၍ နေထိုင်ခဲ့ကြရသည်။ သို့သော် အစွန်းရောက်ဝါဒသည် သူတို့၏အသက်ဝိညာဉ်ဖြစ်သည်ဟု ယုံကြည်စေရေး ဦးနှောက်ဆေးကြောခံထားရသည်။
သူတို့ဖခင်သည် ၂၀၁၅ ခုနှစ်တွင် ဇနီးနှင့်ကလေးများကို တူရကီနိုင်ငံ မပို့ဆောင်မီ အင်ဒိုနီးရှားနိုင်ငံရှိ မိသားစုပိုင်ပစ္စည်းအားလုံးကို ရောင်းချခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် ဖမ်းဆီးခံရပြိး အင်ဒိုနီးရှားနိုင်ငံသို့ ပြည်နှင်ဒဏ်အပေးခံရသည်။ ထိုနှစ်နှောင်းပိုင်းတွင် ရူလီသည် ဆူလာဝေဆီကျွန်းမှ ဇူးလူးကျွန်းသို့ ထွက်ခွာလာခဲ့တော့သည်။
ဇူးလူးကျွန်းပေါ်ရှိ ကက်သလစ်ဘုရားရှိခိုင်းကျောင်းတွင် ၂၀၁၉ ခုနှစ်က အသေခံဗုံးခွဲမခံရမီ တစ်ပတ်အလိုတွင် ဇူးလူးဆီသို့ ဇနီးသည်လိုက်လာရန် ရူလီက လှမ်းခေါ်ခဲ့သည်။ “အဖေက တဲအပြင်မှာ လင်မယားချင်း စကားပြောကြကြီးတော့ အမေက ငိုပြီး တစ်ခုခုဆုတောင်းနေသံကြားရတယ်” ဟု ရက်ဇကီက အသက် ၃၀ ကျော်ရှိ သူ့မိခင်အကြောင်းနှင့် မိခင်ခန္ဓာကိုယ်တွင် ဗုံးကပ်ပေးခြင်းဖြင့် သေဖို့နီးလာသည့်အကြောင်း ရက်ဇကီက ပြန်လည်ပြောပြသည်။
ရက်ဇကီကိုယ်တိုင် ဇူးလူးမှ ထွက်ခွာဖို့ စီမံခဲ့သော်လည်း ဇူးလူးကျွန်းမရောက်မီ ဆာဘက်ရှိ ဆီအုန်းခြံတွင် ဆုံခဲ့သော ခင်ပွန်းဖြစ်သူ မလေးရှားဂျီဟက်ဝါဒီတစ်ဦးက သူ့ကို ပြန်လာခိုင်းခဲ့သည်။ ထိုဂျီဟက်ဝါဒီသည် အဘူဆေယက်ဖ်နှင့် ပူးပေါင်းခဲ့ပြီး ယမန်နှစ်က ရက်ဇကီအဖမ်းမခံရမီ လေးလအလိုတွင် သတ်ဖြတ်ခံခဲ့ရသည်။ အိုက်ရှက်၏မောင်လေးသည် အသက်နှစ်နှစ်သာရှိသေးပြီး ဇူးလူးရှိ အဘူဆေယက်ဖ်အုပ်စု၏ အကြီးတန်း ခေါင်းဆောင် ရာဒူလာရှဟီရွန်၏သွန်သင်မှုအောက် ရောက်ရှိနေသည်။ သူပုန်စခန်းများတွင် သူနှင့်သက်တူရွယ်တူ အီဂျစ်ယောက်ျားလေးများကို တွေ့ခဲ့ရသည်ဟု အိုက်ရှက်က ပြောပြသည်။ ထိုကလေးများသည် ၂၀၁၉ ခုနှစ်နှောင်းပိုင်းက အီဂျစ်သားအဖ အသေခံဗုံးခွဲတိုက်ခိုက်မှုနှင့် ဆက်စပ်နေသည်ဟု ယူဆရသည်။
စစ်တပ်စခန်းတစ်ခုကို တိုက်ခိုက်ခြင်းမအောင်မြင်ဘဲ စစ်သားများ ပြန်လှန်ပစ်ခတ်၍ အသေခံဗုံးခွဲ တိုက်ခိုက်ရန် အလို့ငှာ ပစ်မှတ်ထားတုံ့ပြန်တော့မည်ဆိုလျှင် “အလ္လာ အက္ကဘာ” ဟု မအော်ရကြောင်း အိုက်ရှက်သိလာခဲ့သည်။ သူ့မိဘတွေ လုပ်ခဲ့တာမျိုး သူ မလုပ်နိုင်ကြောင်း အိုက်ရှက်က ငြင်းသည်။ သူတို့ကိုလည်း အိုက်ရှက်က သတိရသည်။
အိုက်ရှက်လိုကလေးသူငယ်တွေ ဇူးလူးကျွန်းပေါ် မည်မျှရှိကြောင်း ကျနော်တို့ မသိနိုင်ပေ။ သို့သော် အကြောက်တရားတချို့ ရှိနေလျှင်တော့ အရွယ်ရောက်လာသည့် သူတို့လေးတွေ၏စိတ်ထဲ ဖြစ်ပေါ်နေသော အကြမ်းဖက်စရိုက်က ဆုံးခန်းတိုင်လိမ့်မည်မဟုတ်ချေ။
Source: Nikkei Asia
#Sulu
#Abusayyaf
#Phillipine
#Child#Islamic
#CNINews
#CNIMyanmar
#ChannelNewsIndepent