၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၂

နစက-က ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC) နှင့် နိုင်ငံရေးပါတီအချို့  တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး ၅ နှစ်အတွင်း ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မည်ဟု သဘောတူခဲ့ ကြကြောင်း ဆွေးနွေးမှုတွင် ပါဝင်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက CNI သတင်းဌာနသို့ ပြောသည်။

ဇန်နဝါရီလ ၂၀ ရက်က နေပြည်တော်တွင် NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ကော်မတီနှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့ဘက်မှ အဖွဲ့ခေါင်းဆောင် စိုင်းအိုက်ပေါင်းနှင့်အလုပ်အဖွဲ့ ကိုယ်စားလှယ်များတက်ရောက်၍ ဆွေးနွေးခဲ့ကြပြီးနောက် အထက်ပါအတိုင်း သဘောတူညီခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

စိုင်းအိုက်ပေါင်းက “အဓိကကတော့ Political Dialogue Framework ကို ပြန်ပြီးတော့ ပြန်ညှိနှိုင်းတာ။ NCA သွားမယ်ဆို တော့ ဘယ်လို Framework တွေနဲ့ ဘယ်လိုသွားမလဲ ပြန်ပြီးတော့ Framework ကို ပြန်ပြီး ဆွေးနွေးတာလေ။ အမြင်ချင်း ဖလှယ်တယ်။ ပြီးတော့ အဓိက ပါတီတွေကတော့ အဓိက NCA ကို လုပ်တယ်ဆိုတာ ဖက်ဒရယ် ပြည်ထောင်စုကို သွားမယ် ဆိုလို့ရှိရင် အချိန်ကာလအားဖြင့် အခြေခံဥပဒေ ပြင်ဆင်နိုင်အောင် အကြာဆုံး ၅ နှစ်ဆိုပြီးတော့ အားလုံးသဘောတူ ကြ တယ်။ ဖက်ဒရယ်ပြည်ထောင်စုပုံစံနဲ့ သွားနိုင်အောင် တိုင်းရင်းသားလက်နက်ကိုင်တွေ လိုချင်တာလည်း ဒါပဲလေ ဖက်ဒရယ် ပြည်ထောင်စုပဲလေ။ အဲဒီ ၅ နှစ် အတောအတွင်းမှာ ပြီးအောင်လုပ်ဖို့ ဆိုပြီးတော့ သဘောတူကြတယ်”ဟု CNI သို့ ပြောသည်။

NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကိုတွေ့ရစဉ်။

လက်ရှိ သဘောတူညီမှုသည် နိုင်ငံရေးပါတီ၊ နစက၊ တပ်မတော်တို့အကြား သဘောတူညီမှုသာရှိသေးပြီး တိုင်းရင်းသား လက်နက်ကိုင်များနှင့် ဆွေးနွေးရန် လိုအပ်သေးကြောင်း ၎င်းက ပြောသည်။

စိုင်းအိုက်ပေါင်းက “ပါတီနဲ့ အစိုးရ တပ်မတော်နဲ့ ဒါတော့ သဘောတူတဲ့ အဆင့်မှာရှိတာပေါ့။ ဒါပေမယ့် တိုင်းရင်းသား လက်နက်ကိုင်တွေက မပါသေးဘူးပေါ့။ တိုင်းရင်းသား လက်နက်ကိုင်တွေ ပါမယ်ဆိုရင် သေချာခေါင်းချင်းဆိုင် ဆွေးနွေး ပြီးတော့ မြန်မြန်ဆန်ဆန် လုပ်မယ်ဆိုရင် ဒီထက်လည်း စောနိုင်တာပေါ့နော်”ဟု ပြောသည်။

ဇန်နဝါရီလ ၂၀ ရက်က NSPNC နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှုတွင် နိုင်ငံရေးပါတီ ၉ ပါတီ တက် ရောက်ခဲ့ပြီး NCA လမ်းကြောင်းနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု မူဘောင်များ ပြင်ဆင်ရေး ဆွေးနွေးခဲ့ကြောင်း SNDP ပါတီဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက ပြောသည်။

နိုင်ငံရေးပါတီများနှင့် NSPNC တို့ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၉ ရက်က တွေ့ဆုံစဉ်။

လက်ရှိတွင် တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် နစကနှင့် နိုင်ငံရေး ဆွေးနွေးမှုများ မလုပ်ဘဲ ယာယီ တစ်နှစ် ရပ်ဆိုင်းကြောင်း ၂၀၂၁ ခုနှစ်၊ဖေ ဖော်ဝါရီလက ထုတ်ပြန်ထားသည်။

NCA ကို အခြေခံသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရေးထက် လက်ရှိဖြစ်ပွားနေသည့် နိုင်ငံရေး အကျပ်အတည်းကို ဦးစားပေး ဖြေရှင်းရန် လိုအပ်မည်ဖြစ်ပြီး NCA လက်မှတ်ထိုးထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အနေဖြင့် နိုင်ငံရေးဆွေးနွေးပွဲများကို ရပ်ဆိုင်းထားဆဲဖြစ်ကြောင်း PPST ပြောရေးဆိုခွင့်ရှိသူ ရဲဘော်မျိုးဝင်းက CNI သို့ ပြောကြားထားသည်။

ထို့နောက် NCA လက်မှတ်ထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)တို့နှင့် တပ်မတော်ကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။

နစက-က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယခုနှစ် နှစ်သစ်တွင် ငြိမ်းချမ်းရေးဆွေးနွေးမှု ပုံစံသစ်ဖြင့် စတင် မည်ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခြေအနေကောင်း ရရှိရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၁၄ ရက်က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့သည်။