CNI International News

ဝါရှင်တန်၊ မတ်လ ၂၃

အီရန်အနေဖြင့် လာမည့် ၄၈ နာရီအတွင်း ဟော်မုဇ်ရေလက်ကြားကို အပြည့်အဝ ပြန်ဖွင့်မပေးပါက အီရန်၏ လျှပ်စစ်ဓာတ်အားပေး စက်ရုံများကို တိုက်ခိုက်သွားမည်ဟု ထရမ့်က မတ်လ ၂၁ ရက်တွင် ခြိမ်းခြောက်ခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် အီရန်နိုင်ငံတို့က စစ်ပွဲကို အရှိန်မြှင့်တင်မည်ဟု အပြန်အလှ န်ခြိမ်းခြောက်ခဲ့ကြပြီး စွမ်းအင်နှင့်လောင်စာ စက်ရုံများကို ပစ်မှတ်ထား တိုက်ခိုက်သွားမည်ဟု ပြောကြားခဲ့ကြသည်။

အီရန်စစ်ဆင်ရေးကို အရှိန်လျှော့ချမည်ဟု ထရမ့်က ပြောကြားခဲ့ပြီးနောက် တစ်ရက်အကြာတွင် ယခုကဲ့သို့ ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။

အီရန်ကလည်း ထရမ့်၏ ခြိမ်းခြောက်မှုကို တုန့်ပြန်သည့် အနေဖြင့် အမေရိကန်သည် အီရန်၏ လျှပ်စစ်ဓာတ်အား ပေး စက်ရုံများကို တိုက်ခိုက်ခဲ့မည်ဆိုပါက ပင်လယ်ကွေ့ဒေသရှိ စွမ်းအင်စက်ရုံများ အပါအဝင် အမေရိကန်၏ အခြေခံ အဆောက်အအုံများအား ပစ်မှတ်ထားသွားမည်ဟု ပြန်လည် ခြိမ်းခြောက်ခဲ့သည်။

 ဟော်မုဇ်ရေလက်ကြားမှာ ရေနံတင်သင်္ဘောကို တွေ့ရစဉ်

ထရမ့်ကမူ မရိန်းတပ်ဖွဲ့များနှင့် အကြီးစား ကမ်းတက်သင်္ဘော တစ်စင်းကို အရှေ့အလယ်ပိုင်းသို့ စေလွှတ်မည်ဟု အမေရိကန်သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို တိုက်ခိုက်ခဲ့ပြီးနောက် ဖြစ်ပွားလာခဲ့သည့် စစ်ပွဲ အတွင်း သေဆုံးသူ ၂၀၀၀ ကျော်အထိ ရှိလာခဲ့ကာ ဈေးကွက်များ ထိခိုက်ခြင်း၊ လောင်စာဈေးနှုန်းများ မြင့်တက် ခြင်းတို့ ဖြစ်ပွားနေသည်။

“သမ္မတထရမ့်ကတော့ အီရန်ကို ၄၈ နာရီ အချိန်ပေးထားပါတယ်။ သူခြိမ်းခြောက်ထားတဲ့အတိုင်း တိုက်ခိုက်မယ် ဆိုရင်တော့ ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်တွေ ပြိုကျပြီး ရေနံဈေးတွေဟာလည်း အဆမတန် ထိုးတက်သွားပါလိမ့် မယ်”ဟု ဈေးကွက်ကျွမ်းကျင်သူတစ်ဦးဖြစ်သည့် တိုနီ စကာမော (Tony Sycamore) က ပြောကြားခဲ့သည်။

ထို့ပြင် အီရန်ကလည်း ဆော်ဒီ၊ ယူအေအီးနှင့် ကာတာနိုင်ငံတို့ရှိ စွမ်းအင် အဆောက်အအုံများကို ပစ်မှတ်ထား လိမ့်မည်ဖြစ်သဖြင့် ဒေသတွင်း ကျယ်ပြန့်သည့် ပဋိပက္ခဖြစ်ပွားကာ စွမ်းအင်ဈေးနှုန်းများကို ကာလကြာရှည် ထပ်မံ မြင့်တက်လာနိုင်ကြောင်း ၎င်းကဆိုသည်။

လက်ရှိတွင် အီရန်၏ စစ်ရေးအရ တိုက်ခိုက်မှုများကြောင့် ကမ္ဘာ့ရေနံနှင့် ဓာတ်ငွေ့ထောက်ပံ့မှု စုစုပေါင်း၏ ၅ ပုံ ၁ ပုံခန့် ဖြတ်သန်းသွားလာသည့် ဟော်မုဇ်ရေလက်ကြားသည် ပိတ်ဆို့ခံထားရသည့် အခြေအနေသို့ ရောက်ရှိနေ သည်။

Source: ရိုက်တာ