CNI International News

ဝယ်လင်တန်၊ ဖေဖော်ဝါရီ ၇

နယူးဇီလန် ဒုတိယဝန်ကြီးချုပ် ဒေးဗစ် ဆေးမိုး (David Seymour) က ကိုလိုနီပြုခြင်းသည် နိုင်ငံ၏ ဌာနေ တိုင်းရင်းသားများဖြစ်သည့် မော်ရီ (Maori) လူမျိုးများအတွက် ကောင်းကျိုးများရှိခဲ့သည်ဟု ပြောကြားခဲ့သဖြင့် ဝေဖန်ခံနေရကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

သို့သော် ဆေးမိုးကမူ ၎င်း၏ မှတ်ချက်စကားနှင့် ပတ်သက်ပြီး ဝေဖန် ကန့်ကွက်မှုများကို ပယ်ချခဲ့သည်။

၁၈၄၀ ပြည့်နှစ်တွင် ဗြိတိသျှဘုရင်ခံ၏ ကိုယ်စားလှယ်များနှင့် မော်ဝါရီဌာနေ အကြီးအကဲ ၅၀၀ ကျော်တို့က နိုင်ငံကို အုပ်ချုပ်မည့် သတ်မှတ်ချက်များ ထည့်သွင်းချုပ်ဆိုခဲ့သည့် ဝိုင်တန်ဂီစာချုပ် (Waitangi Treaty) ချုပ်ဆိုခဲ့သော နေရာတွင် ဖေဖော်ဝါရီ ၆ ရက် အရုဏ်တက်ချိန်က ဝတ်ပြုဆုတောင်းပွဲ ကျင်းပခဲ့သည်။

ထိုဆုတောင်းပွဲတွင် ဆေးမိုးလ်သည် ဆုတောင်းစကား ပြောကြားရန် ထရပ်လိုက်စဉ်မှာပင် လူပေါင်းများစွာက ၎င်းအား လှောင်ပြောင်အော်ဟစ်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြသည်။

ဆေးမိုးလ်သည် ဖေဖော်ဝါရီ ၅ ရက်က ကျင်းပသည့် ဝိုင်တန်ဂီနေ့ (Waitangi Day) အထိမ်းအမှတ် မိန့်ခွန်းအတွင်း ကိုလိုနီပြုခြင်းသည် ဌာနေတိုင်းရင်းသားများအတွက် ယေဘုယျအားဖြင့် အပြုသဘောဆောင်သော အတွေ့အကြုံ ဖြစ်ခဲ့သည်ဟု အငြင်းပွားဖွယ် မှတ်ချက်များကို ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

နယူးဇီလန် ဒုတိယဝန်ကြီးချုပ် ဒေးဗစ် ဆေးမိုးကို တွေ့ရစဉ်

ဝိုင်တန်ဂီနေ့သည် ဌာနေမျိုးနွယ်စုများက ၎င်းတို့၏ နစ်နာချက်များကို တင်ပြခွင့်ရသည့် နှစ်စဉ် ကျင်းပလေ့ရှိသော နိုင်ငံရေး လူစုလူဝေးပွဲတစ်ခု ဖြစ်သည်။

လက်ယာယိမ်း ACT ပါတီ၏ ခေါင်းဆောင်ဖြစ်ပြီး မော်ဝါရီ လူမျိုးစုဝင် တစ်ဦးလည်းဖြစ်သူ ဆေးမိုးလ်က “ကိုလိုနီ ပြုတာနဲ့ ကျနော်တို့နိုင်ငံမှာ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက ဆိုးရွားခဲ့တယ်ဆိုတဲ့ အမြင်ကျဉ်းမြောင်းတဲ့ ပြောဆို သံတွေအပေါ် ကျနော် အမြဲတမ်း အံ့ဩမိပါတယ်။ အမှန်တရားကတော့ အရာရာတိုင်းဟာ အလုံးစုံ ဆိုးရွားနေတာ မျိုးက အလွန်ရှားပါတယ်” ဟု ပြောကြားခဲ့သည်။

ထို့နောက် ဖေဖော်ဝါရီ ၆ ရက် ဆုတောင်းပွဲတွင်  ၎င်းအား အော်ဟစ် ကန့်ကွက်သူများကို အမှောင်ထဲ၌ အော်ဟစ် နေသည့် လူပြိန်းတစ်စုဟု သုံးနှုန်းပြောဆိုခဲ့ပြီး “ဒီနိုင်ငံတစ်ဝန်းမှာရှိတဲ့ တိတ်ဆိတ်စွာ နေထိုင်ကြတဲ့ လူအများစု ဟာ အခုလို ဟန်ဆောင် လုပ်ရပ်မျိုးတွေကို စိတ်ကုန်နေကြပြီ” ဟု ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၆ ရက်တွင် ဆေးမိုးလ်၏ ဝတ်ပြုဆုတောင်းစကား အပြီး၌ လက်ဝဲယိမ်း လေဘာပါတီခေါင်းဆောင် ခရစ် ဟစ်ကင်စ် (Chris Hipkins) သည်လည်း ဆုတောင်းပွဲ တက်ရောက်လာသူများ၏ လှောင်ပြောင်ခြင်းကို ခံခဲ့ရသည်။

Source: အယ်ဂျာဇီးယား