CNI News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၃

ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့် ဒုရဲအုပ် ချယ်ရီထက်ကို ဒီဇင်ဘာ ၃၀ ရက်နေ့က ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေ နှင့် ထောင်ဒဏ် ၃ နှစ် အမိန့်ချခံလိုက်ရကြောင်း နီးစပ်သူများထံမှ သိရသည်။

လက်ရှိတွင် နေပြည်တော်အကျဉ်းထောင်ကနေ ရမည်းသင်းအကျဉ်းထောင်သို့ ပြောင်းရွှေ့ခံထားရကြောင်း သိရသည်။

ချယ်ရီထက်သည် ပြီးခဲ့သည့် ဇွန်လက NLD ပါတီ၏ ဘီးလင်းမြို့နယ်မှ လွှတ်တော်အမတ် ဒေါ်သီရိရတနာနှင့် အဆက် အသွယ် လုပ်၍ NUG ၏ သတင်းများအပြန်အလှန်ပေးပို့ခြင်း၊ လက်နက်ကိုင်ဆောင်သည့် မှတ်တမ်း ဓာတ်ပုံများ ပေးပို့ခြင်း၊ ပြည်ပသတင်းဌာနများ၏ သတင်းရုပ်သံဖိုင်များ ပေးပို့ခြင်းတို့ကြောင့် အမှုဖွင့်ရခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ထို့နောက် ချယ်ရီထက်သည် May Mi ဆိုသော လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မတ်လအတွင်းက “မတရားတာကို မတရား ဘူးလို့ မပြောရဲရင် ပါးစပ်ပိတ်ထားပါ၊ တရားပါတယ်လို့တော့ မပြောပါနဲ့”၊ We Love Daw Aung San Su Kyi Page ကနေ တင်ထားသည့် “လွမ်းလိုက်တာအမေ”ဆိုသော စာသားကို ဝေမျှခဲ့သည့် အတွက်လည်း အမှုဖွင့်ရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်များကြောင့် ချယ်ရီထက်ကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ အပြင် ပုဒ်မ ၅၀၅(က)တို့ဖြင့် အမှုဖွင့် ဖမ်းဆီးခဲ့ရာ ဒီဇင်ဘာ ၃၀ ရက်နေ့က ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် ထောင်ဒဏ် ၃ နှစ် အမိန့် ချခြင်းခံခဲ့ရသည်။

ထို့ကြောင့် ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲခံထားရသော အမှုကို ဆက်လက် ယှဉ်ဆိုင်ရအုံးမည်ဖြစ်သည်။