CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၅
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်က တပ်မတော်(လေ) ဖွဲ့စည်း တည်ထောင်မှု ၇၈ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို နေပြည်တော်မှာ ကျင်းပခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “တပ်မတော်(လေ)သည် ယခုအခါ မြန်မာ့ဝေဟင်ပိုင်နက်တစ်ခုလုံးကို အလှမ်း မီ စိုးမိုးနိုင်ရန် ဖြန့်ကျက်ချထားနိုင်ပြီ ဖြစ်ကြောင်း၊ စွမ်းဆောင်ရည်ပိုင်းတွင် သောင်းကျန်းမှု နှိမ်နင်းရေး လေတပ် အဆင့်မှ နည်းဗျူဟာမြောက် လေတပ်တစ်ခုအဖြစ် တိုးတက် တည်ဆောက်နိုင်ခဲ့ကြောင်း”ပြောသည်။

တပ်မတော်(လေ) ဖွဲ့စည်း တည်ထောင်ခြင်း အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီး ချုပ် ဦးညိုစောနှင့် ဇနီး၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ဇနီး၊ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်းနှင့် ဇနီးတို့ တက်ရောက်ခဲ့ကြသည်။
အလားတူ အငြိမ်းစား ကာကွယ်ရေးဦးစီးချုပ်(လေ)များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ လေတပ်စခန်း ဌာနချုပ်မှူးများ၊ တပ်မတော်(လေ)မှ အရာရှိများလည်း တက်ရောက်ခဲ့ကြသည်။
