၂၀၂၁ခုနှစ်၊ ဒီဇင်ဘာ ၂၆

ထိုင်းနယ်စပ်သို့ ရောက်ရှိနေသည့် လေးကေ့ကော်ဒေသမှ တိုက်ပွဲရှောင် ၁၀၀၀၀ နီးပါးအတွက် လိုအပ်ချက်များရှိနေသည့် အတွက် NUG မှ ထိရောက်သည့် အကူအညီများပေးစေလိုကြောင်း သွားရောက်ကူညီပေးနေသူများက ပြောသည်။

တိုက်ပွဲရှောင် ဉီးရေများသည့်အတွက် စောင်နှင့် အိပ်ယာခင်းများ လူစုံမရရှိပဲ ဖြစ်နေကြောင်း၊ ‌ဆေးဝါးပစ္စည်းများလည်း လိုအပ်နေကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့မှ ကိုသားကြီးက CNI သို့ ပြောသည်။

ကိုသားကြီးက “ဒီစစ်ရှောင်ပြည်သူတွေရဲ့ လက်ရှိခံစားနေရတဲ့ဒုက္ခဟာ ထောင်ဂဏန်းကနေ သောင်းဂဏန်းဖြစ်သွားပြီ ထိုင်း နယ်စပ်မှာ ရွှေ့ပြောင်းလာတာ။ အဲ့တော့ ဒီစစ်ရှောင်ပြည်သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေကို လောလောလတ်လတ် မကုစား ပေးနိုင်ဘူးဆိုရင်တော့ သူတို့ရဲ့ နေထိုင်ခင်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အပြည့်အဝ ရရှိဖို့အတွက်ဟာ G to G ပေါ့။ NUG အစိုးရဟာ ထိုင်းအစိုးရနဲ့ တိုက်ရိုက်ဆွေးနွေးပြီးတော့ အမြန်ဆုံး ထိရောက်တဲ့ အကူအညီတွေကို ပေးစေချင် တယ်”ဟု ပြောသည်။

လက်ရှိ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်လာသည့် တိုက်ပွဲ‌ရှောင်များတွင် အမျိုးသမီးနှင့် သက်ကြီးရွယ်အို များပြား ကြောင်း၊ အဆိုပါ တိုက်ပွဲရှောင်များသည် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှိနေကြကြောင်း၊ လတ်တလောတွင် တိုက်ပွဲရှောင် များကို ထိုင်းအာဏာပိုင်များက နေရာ ၃ နေရာခွဲ၍ ထားထားကြောင်း၊ စားနပ်ရိက္ခာလိုအပ်နေကြောင်း သိရသည်။

ဒီဇင်ဘာ  ၂၃ ရက် ညပိုင်းက လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒေသခံ ၅၀၀၀ နီးပါးသည် ထိုင်းနိုင်ငံဘက်ခြမ်းသို့ အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် ထွက်ပြေးတိမ်း ရှောင် လာကြခြင်းဖြစ်၍ ယနေ့ (ဒီဇင်ဘာ ၂၆ ရက်) သွားရောက်ကာ အဝတ် အစားနှင့် စောင်များ ပေးပို့ရာမှာ ထိုင်းစစ်တပ်က ပိတ်ထားကြောင်း မြန်မာရွှေ့ပြောင်း အလုပ် သမားကူညီစောင့်ရှောက်ရေး အဖွဲ့မှ ကိုသားကြီးက ဆိုသည်။

ပုံ-ထိုင်းဘက်ခြမ်းတွင်တွေ့ရသည့် လေးကေ့ကော်မှတိုက်ပွဲရှောင်များ။

၎င်းက “မနက်တုန်းက ရုံးက အထည်တွေ စောင်တွေ ကျနော့်တပည့်တွေ သွားပို့တာကို စစ်တပ်က ပိတ်လိုက်တယ်တဲ့။ မနေ့ ကနေ စပိတ်လိုက်တယ်တဲ့။ ဒုက္ခသည်ပစ္စည်းတွေ သူတို့ ခဏရပ်ထားတယ်ပေါ့။ ဒီဘက်ကို မနေ့ကနဲ့ တနေ့ကနဲ့ လက်နက် ကြီး ကျတာတွေက များတော့ အဲ့ပစ္စည်းသွားလှူမယ့်ကိစ္စကို ခဏရပ်ဆိုင်းထားတယ်ပေါ့။ မြို့ထဲက သူတို့သတ် မှတ်ထားတဲ့ နေရာမှာပဲပေးပေါ့။ အဲ့မှာ သူတို့ရဲ့ အခက်အခဲက ဘာလဲဆိုတော့ အဓိကကတော့ သူတို့လိုအပ်တာ အထည်။ သူတို့က ကိုယ် တစ်ခု အဝတ်တစ်ထည်ပဲ ပြေးရတာလေ။ ပြေးတော့ အထည်တွေ စားသောက်ကုန်တွေ၊ ဖျာတွေလိုတယ်။ နောက်ပြီးတော့ ခြင်ဆေးတွေ လိုတယ်။ ထွန်းတဲ့ဟာမဟုတ်ဘဲ လိမ်းတဲ့ ခြင်ဆေးရည်လိုပေါ့လေ။ တောထဲမှာ သူတို့အရမ်း ခြင်ကိုက် တယ်ဆို ပြီး အဲ့က အလုပ်သမားတွေက အကူအညီတောင်းလာတယ်”ဟု ပြောသည်။

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ လေးကေ့ကော်ဒေသတွင် တပ်မတော်နှင့်  ကရင်အမျိုးသားအစည်းအရုံး(KNU)၏ လက်အောက် ခံ တပ်ဖွဲ့များကြား ဒီဇင်ဘာ ၁၅ ရက်မှ စတင်ကာ တိုက်ပွဲများဖြစ်ပွားခြင်း ဖြစ်သည်။ အဆိုပါ တိုက်ပွဲအတွင်း ပစ်ခတ်ခဲ့သည့် လက်နက်ကြီးတစ်လုံး ဒီဇင်ဘာ ၂၅ ရက်နေ့က ထိုင်းနိုင်ငံဘက်ခြမ်းရှိ နေအိမ်တစ်လုံးပေါ် ကျရောက်ခဲ့ကြောင်း သိရသည်။

တပ်မတော်နှင့် KNU ၏ လက်အောက်ခံ တပ်ဖွဲ့များကြား တိုက်ပွဲကြောင့် လေးကေ့ကော်ဒေသမှ ဒေသခံများသည် ထိုင်းနိုင်ငံ ဘက်ခြမ်းတွင် လူဉီးရေ ၁၀၀၀၀ နှင့် မြန်မာဘက်ခြမ်း (ပြည်တွင်းတိမ်းရှောင်သူ)အတွင်း ထွက်ပြေးတိမ်းရှောင်နေကြရသူ ၁၀၀၀၀ စုစုပေါင်း ၂၀၀၀၀ ဝန်းကျင်ရှိသည်။