CNI International News

ဘန်ကောက်၊ ဇွန်လ ၅

ထိုင်းနှင့် ကမ္ဘောဒီးယားကြား နယ်စပ်ဒေသ အငြင်းပွားမှုများ ဆက်လက် ဖြစ်ပွားနေချိန်တွင် လုံးဝ မဖြေရှင်းနိုင် တော့သည့် အခြေအနေရောက်မှ စစ်ပွဲကို ဆင်နွှဲသင့်ကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဖွမ်သမ် ဝီချာယာချိုင်း (Phumtham Wechayachai ) က ဇွန်လ ၃ ရက်တွင် ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ် မှ ဖော်ပြခဲ့သည်။

ထို့ပြင် ထိုင်းသည် ပဋိပက္ခကို ငြိမ်းချမ်းလိုသည့် ရည်ရွယ်ချက်ဖြင့် ဖြေရှင်းရန် ဆုံးဖြတ်ထားကြောင်းလည်း ဖွမ်သမ်က ထပ်လောင်း အတည်ပြုခဲ့သည်။

ကာကွယ်ရေးဝန်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်နေသည့် မစ္စတာဖွမ်သမ်က နိုင်ငံ့အချုပ်အခြာအာဏာကို ကာကွယ်နေချိန်တွင် အကြမ်းဖက်မှုကို တတ်နိုင်သလောက် ရှောင်လွှဲရန် အရေးကြီးကြောင်းလည်း ပြောကြားခဲ့ သည်။

ကမ္ဘောဒီးယားနိုင်ငံသည် နယ်စပ်ဒေသ အငြင်းပွားမှု ပြဿနာကို နိုင်ငံတကာတရားရုံး(ICJ)သို့ တင်သွင်းရန် ကြိုးပမ်းနေချိန်တွင် ထိုင်းနိုင်ငံကလည်း ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ရေးရာပူးတွဲကော်မတီ (JBC) မှတစ်ဆင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် ကြိုးပမ်းလျက်ရှိသည်။

ထိုင်းစစ်တပ်ကို တွေ့ရစဉ်

“အင်အားသုံးဖြေရှင်းဖို့ ဒါမှမဟုတ် စစ်ပွဲဆင်နွှဲဖို့ကို နောက်ဆုံး လုံးဝမတတ်သာတော့တဲ့ အချိန်ရောက်မှသာ စဉ်းစားသင့်ပါတယ်။ ပဋိပက္ခကို အခြားနည်းလမ်းတွေအားလုံးနဲ့ ဖြေရှင်းလို့ မရတော့တဲ့ အချိန်ကျမှသာ စစ်ပွဲကို စဉ်းစားဖို့ အရေးကြီးပါတယ်” ဟု ဖွမ်သမ်က ပြောကြားခဲ့သည်။

“အခုအချိန်မှာတော့ ကျနော်တို့ဟာ ၂၀၀၀ ပြည့်နှစ်က နားလည်မှု စာချွန်လွှာ၊ JBC လုပ်ထုံးလုပ်နည်းတွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ စတင်ပြုလုပ်နေပါတယ်” ဟု ဖွမ်သမ်က ပြောကြားခဲ့သည်။

ထိုင်းတော်ဝင်စစ်တပ်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့က အငြင်းပွားမှုကို ငြိမ်းချမ်းစွာ အဖြေရှာရန် ပူးပေါင်းလုပ်ဆောင်နေကြပြီး လိုအပ်လာပါက နိုင်ငံ့အချုပ်အခြာအာဏာကို ကာကွယ်ရန်လည်း ပြင်ဆင်ထားကြောင်း ဖွမ်သမ်က ပြောကြားခဲ့သည်။

“စစ်တပ်ကလည်း သင့်တော်သလို ပြင်ဆင်မှုတွေ ပြုလုပ်ထားပါတယ်။ ဘာအားနည်းချက်မှ မရှိပါဘူး”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် နယ်စပ်ဒေသကို ပိတ်ရန် တရားဝင် အမိန့်များ ထုတ်ပြန်ထားခြင်းမရှိဘဲ နယ်စပ်ဒေသ ပိတ်ပင်ရေးနှင့် ပတ်သက်ပြီး ထိုင်းစစ်တပ်နှင့်အစိုးရအဖွဲ့ကြား သဘောထား ကွဲလွဲမှုများ ရှိနေသည်ဆိုသည့် ကောလာဟလ များကိုလည်း ဖွမ်သမ်က ငြင်းဆိုခဲ့သည်။

Source: ဘန်ကောက်ပို့စ်