CNI International News
ဒူဘိုင်း ၊ မေလ ၂၀
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ပင်လယ်ကွေ့နိုင်ငံများသို့ သွားရောက်ခဲ့သည့် ခရီးစဉ် သည် အရှေ့အလယ်ပိုင်း သံတမန် အခင်းအကျင်းကို ပြန်လည်ပုံဖော်ရာ ရောက်ခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့ သည်။
အထူးသဖြင့် ထရမ့်သည် ထိုခရီးစဉ်အတွင်း ၎င်း၏ မဟာမိတ်ဖြစ်သည့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (Benjamin Netanyahu) နှင့် တွေ့ဆုံခဲ့ခြင်းမရှိဘဲ အစ္စရေး၏ ရန်ဘက်ဖြစ်သည့် ဆီးရီးယားသမ္မတ အာမက် အယ်ရှာရား (Ahmed al-Sharaa) နှင့်တွေ့ဆုံပြီး လက်ဆွဲနှုတ်ဆက်ခဲ့သည်။
အစ္စရေးက အယ်ရှာရားကို အနောက်တိုင်း ဝတ်စုံဝတ်ထားသည့် အယ်ကေဒါ အကြမ်းဖက်သမားဟု အစ္စရေးက ပြောကြားထားသည်။
ကာတာရောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
သို့သော် ထရမ့်သည် ယခုသီတင်းပတ်အတွင်း ဆော်ဒီအာရေဗျနိုင်ငံတွင် အယ်ရှာရားနှင့် တွေ့ဆုံခဲ့ချိန်က အယ်ရှာရားကို အလားအလာရှိသည့် စစ်မှန်သောခေါင်းဆောင်ဟု ချီးကျူးပြောဆိုခဲ့သည်။
ထို့ကြောင့် ယခုသီတင်းပတ်အတွင်း ဆော်ဒီအာရေဗျ၊ ကာတာနှင့် ယူအေအီးနိုင်ငံများသို့ သွားရောက်ခဲ့သည့် ထရမ့်၏ ၄ ရက်ကြာ ခရီးစဉ်သည် အရှေ့အလယ်ပိုင်း၏ သံတမန် အခင်းအကျင်းကို ပြန်လည်ပုံဖော်ခဲ့ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ဆွန်နီများ ဦးဆောင်သည့် အရှေ့အလယ်ပိုင်း အခင်းအကျင်း ပေါ်ထွက်လာမှုသည် ရှီးယိုက်နိုင်ငံဖြစ်သော အီရန်၏ လက်အောက်ခံ လက်နက်ကိုင် အင်အားစုများကို မှေးမှိန်စေခဲ့ပြီး အစ္စရေးကို ဘေးရောက်သွားစေခဲ့ကြောင်း ဒေသ တွင်းနှင့် အနောက်နိုင်ငံများမှ သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကိုတွေ့ရစဉ်
ထို့ပြင် ဂါဇာတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့သည့် အစ္စရေးကိုလည်း အမေရိကန်အစိုးရက စိတ်မရှည်တော့ကြောင်း သတင်းများ ထွက်ပေါ်နေသည်။
ထရမ့်၏ ခရီးစဉ်အရ အကျိုးရလဒ်ကို မျှော်သည့် အရှေ့အလယ်ပိုင်းဆိုင်ရာ သံတမန် အခင်းအကျင်းကို မြင်တွေ့ ခဲ့ရပြီး နေတန်ယာဟု အနေဖြင့် အမေရိကန်၏ အလုံးစုံ ထောက်ခံမှုကို ရရှိရန် မသေချာတော့သည့် အခြေအနေ သို့ ရောက်ရှိစေခဲ့ကြောင်း ထိုသတင်းရင်းမြစ်များက ပြောသည်။
“အစိုးရအဖွဲ့က နေတန်ယာဟုကို အရမ်းစိတ်ပျက်နေပြီး စိတ်ပျက်တဲ့ အကြောင်းကိုလည်း ပြသနေပါတယ်” ဟု အမေရိကန်သမ္မတဟောင်း ဂျော့ချ် ဒဗလျူဘုရှ် (George W. Bush) လက်ထက်က အရှေ့ပိုင်းရေးရာ ဒုနိုင်ငံခြား ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဒေးဗစ် ရှန်ကာ (David Schenker) က ပြောကြားခဲ့သည်။
Source: ရိုက်တာ