CNI News
၂၀၂၅ ခုနှစ်၊ မေလ ၁၆
ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုးမြို့ကို နစကမှ ကိုးကန့်တပ်ဖွဲ့(MNDAA)ထံမှ ပြန်လည်လွှဲပြောင်းရယူခဲ့ ပြီးနောက် ဌာနဆိုင်ရာ ဝန်ထမ်းများအား ပြန်လည်ဆင့်ခေါ်ရာမှာ မူဝါဒချပြီးမှသာလျှင် ခေါ်သင့်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)မှ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က ပြောသည်။
လားရှိုးမြို့နှင့် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)ကို MNDAA က ၂၀၂၄ ခုနှစ်၊ ဩဂုတ်လက တိုက်ခိုက် ထိန်းချုပ်ခဲ့ပြီးနောက် တရုတ်၏ဖိအားပေး ကြားဝင်စေ့စပ်ညှိနှိုင်းမှုကြောင့် နစကနှင့်မြန်မာ့တပ်မတော်ထံ ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၁ ရက်တွင် ပြန်လည်လွှဲပြောင်းပေးခဲ့ရသည်။
ထို့နောက် နစကသည် အရပ်ဖက်ဝန်ထမ်းများကို မူလအတိုင်း ပြန်လည် တာဝန်ထမ်းဆောင်ရန်အတွက် လားရှိုးမြို့သို့ ဆင့်ခေါ်နေရာမှာ မူဝါဒတစ်ခု ချမှတ်ပြီးမှသာ ပြန်ခေါ်သင့်ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ(NDF)မှ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
လားရှိုးမြို့ကို ထိန်းချုပ်ထားချိန်က MNDAA တပ်ဖွဲ့ကို တွေ့ရစဉ်
၎င်းက “အားလုံးက ကစဥ့်ကလျာ ဖြစ်နေကြတဲ့အချိန် ဖြစ်တာကတစ်ခုပေါ့။ လားရှိုးမြို့မှာ တော်တော်များများ အိမ်တွေက ဗုံးကြဲသွားတာတို့၊ ဗုံးမကြဲတဲ့အိမ် ဆိုလို့ရှင်ရင်လည်း အကုန်လုံး ဖောက်ထွင်းခံရပြီးတော့ ရှိသမျှ မီးချောင်း၊ မီးကြိုးပါ မကျန်တဲ့ဟာတွေ အကုန်လုံး ခိုးခံထားရတာ ဖြစ်တဲ့အတွက်ကြောင့်မို့ ဒီအချိန်မှာ ပြန်လာ ပါဆိုတဲ့ အခါကျတော့ မီးလည်းမရှိ ဘာလည်းမရှိ အကုန်လုံး အစစအရာရာ ခက်ခက်ခဲခဲ ဖြစ်နေတဲ့ အနေထား ရှိတာပေါ့ ဒီအတွက်ကြောင့်မို့လို့ အစိုးရအနေနဲ့က လားရှိုးတင်မကပါဘူး။ ဒီတခေါက်က လားရှိုးပေါ့ လားရှိုးရဲ့ နောက်ပိုင်း ကျလို့ရှိရင် တဖြည်းဖြည်းလာမယ်၊ သီပေါတို့၊ ကွက်ခိုင်တို့ ဘာတွေလည်းလာအုံးမယ်။ အဲအခြေအနေ ဖြစ်တဲ့ အချိန်ကြလို့ရှိရင် ကိုယ့်ဝန်ထမ်းတွေအတွက်ကို ကြိုတင်စဥ်းစားထားပြီးတော့ ဝန်ထမ်းတွေရဲ့ ပြန်လာဖို့ လမ်းစရိတ်ကို ဘယ်လိုစီစဥ်ပေးမလဲ အပျက်အစီးတွေနဲ့ ဖြစ်နေတဲ့အချိန်မှာ ဘယ်လိုပုံစံမျိုးနဲ့ ဝန်ကြီးဌာနတွေ ကိုယ့်ဝန်ကြီးဌာနတွေက ဘယ်လိုကူညီနိုင်သလဲဆိုတာကို နည်းနည်းကြိုပြီးတော့ အလုံးစုံ လုပ်ပေးရမယ်လို့ တော့ မဟုတ်ပါဘူး။ ဒါအကုန်လုံးကလည်း ခက်ခက်ခဲခဲ ဖြစ်နေတယ်ဆိုတာကိုတော့ သဘောပေါက်တယ်ပေါ့။ ဒီလိုအချိန်မျိုးမှာ ထိုက်သင့်အားလျော်တဲ့ တာဝန်ယူမှုလေး တစ်ခုလောက် ပါရင်ပိုကောင်းတယ်ပေါ့နော်။ ဝန်ထမ်း တွေ ကြီးငယ် မတူဘူးပေါ့နော်။ ပြန်လာတဲ့အခါကျလို့ရှိရင် ဘယ်လိုပုံစံမျိုး အစိုးရအနေနဲ့ တက်စွမ်းသ၍ တာဝန် ယူမယ် ဆိုတဲ့ဟာမျိုးကို ပေါ်လစီ တစ်ခုချမှတ်ပြီးတော့မှ ဝန်ထမ်းတွေ ဘက်မှာလည်း အခက်အခဲရှိတာပေါ့။ အဲအတွက်ကြောင့်မို့ ပျှမ်းမျှခြင်း ဘယ်လိုပုံစံမျိုးနဲ့ အစိုးရက တာဝန်ယူပြီးတော့မှ ကြေညာပြီးခေါ်တဲ့ ဟာမျိုးလေး ဆိုရင်တော့ ပိုကောင်းပါတယ်လို့ အကြံပြုချင်တာပါ”ဟု ပြောသည်။
နစကသည် လားရှိုးမြို့တွင် တာဝန်ထမ်းဆောင်ခဲ့သော ဝန်ထမ်းများအနက် အရာရှိကြီးများအား မေလ ၅ ရက် နောက်ဆုံးထား ပြန်လာရန် ဆင့်ခေါ်ထားသလို အလယ်အလတ် အရာရှိများနှင့် အငယ်တန်းအရာရှိများကိုတော့ မေလ ၁၅ ရက်နေ့ နောက်ဆုံးထား၍ ပြန်လာရန် ဆင့်ခေါ်ထားကြောင်း သိရသည်။
ဌာနဆိုင်ရာ အကြီးအကဲများက လားရှိုးမြို့သို့ ပြန်လာရန် ဆင့်ခေါ်ရာတွင် မိမိအစီအစဉ်ဖြင့်သာ ပြန်လာရန် ခေါ် နေခြင်းကြောင့် အဆင်မပြေကြောင်း၊ ဝန်ထမ်းများအတွက် နေစရာအိမ်များလည်း အဆင်သင့်မဖြစ်သေးကြောင်း၊ ထို့ကြောင့် လားရှိုးသို့ ပြန်လည်သွားရောက်၍ တာဝန်ထမ်းဆောင်ရန် အခက်အခဲဖြစ်နေကြောင်း ပညာရေးဝန် ထမ်းတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
လားရှိုးမြို့အဝင်းကို တွေ့ရစဉ်
၎င်းက “အစတုန်းကတော့ ၁၅ ရက်နေ့ မရောက်ရင် ကိုယ့်တာဝန်ကို ကိုယ်ယူပေါ့။ သူပြောခဲ့တာ အခုကျတော့ လည်း ဘာမှတော့ ပြန်မပြောလာတော့ဘူး။ လားရှိုးက လူတွေမေးတာတော့ သူတို့ကတော့ ဓားမြတိုက်တဲ့ လူတွေ လည်း အရမ်းများတယ်ပေါ့နော်။ ဓားမြတိုက်တာအပြင်ကို လုယက်တာတွေ ပိုများတယ်။ လိုင်းကားတွေ ဘာတွေ သွားရင် ကားတောင်လုတယ်။ ကားနဲ့သွားရင်လည်း မလုံခြုံဘူးဖြစ်နေတာပေါ့။ ဆိုင်ကယ်ဆိုရင်တော့ ပြောမနေနဲ့ လုသွားတာတွေ ရှိတယ်တဲ့။ အဲဒါတွေလည်း ဘာမှမလုပ်ပေးနိုင်သေးဘူးပေါ့။ အဲလိုတော့ပြောတာပေါ့။ ဝန်ထမ်း တွေ ပြန်ခေါ်မယ်ဆိုရင် ကျောင်းနေတဲ့ ဝန်ထမ်းစာရင်းပေါ့နော်၊ တစ်ကျောင်းစီရဲ့ ဝန်ထမ်းတွေကို သူက တာဝန်ခံ ဒါမှမဟုတ်ရင် ကျောင်းအုပ်ရှိမှာဘဲလေ သူတို့ဆီကမှ ကျောင်းတွေမှာ ဘယ်နှယောက်က ပြန်လာနိုင်တယ် ဘယ် နှစ်ယောက်က အခက်အခဲရှိတယ် အဲလိုစာရင်းလေး အရင်ကောက်ပြီးတော့မှ ပြန်မလာနိုင်တဲ့ ဆရာ/ဆရာမတွေ ကိုလည်း သူတို့ ရောက်ရှိနေတဲ့ နေရာမှာဘဲ ဆက်လက်ပြီး တာဝန်ထမ်းဆောင်နိုင်အောင်ပေါ့။ လုပ်ပေးရင်တော့ ပိုအဆင်ပြေမှာပေါ့။ အစ်မကတော့ စာထုတ်ပြီး မခေါ်ထားတဲ့အတွက်ကြောင့် တရားမဝင်ဘူးထင်လို့ကို အခုချိန်ထိ မပြန်သေးတာပေါ့နော်။ စာထုတ်ပြီးမှတော့ ခေါ်သင့်တယ်ပေါ့”ဟု ပြောသည်။
လားရှိုးမြို့သည် တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းပေါ်တွင် တည်ရှိ၍ စီးပွားရေးနှင့်စစ်ရေးအရ အလွန်အရေးပါ သော မြို့ဖြစ်သည်။
လက်ရှိတွင် နစကသည် လားရှိုးမြို့အား MNDAA ထံမှ ပြန်လည်လွှဲပြောင်းရယူပြီးနောက် အစိုးရလုပ်ငန်းများနှင့် အုပ်ချုပ်ရေး လုပ်ငန်းများ လည်ပတ်နိုင်ရေး ပြင်ဆင်လျက်ရှိသလို မူလတာဝန်ထမ်းဆောင်ခဲ့သော အရပ်ဖက် ဝန်ထမ်းများကိုလည်း ဆင့်ခေါ်လျက်ရှိနေသည်။
သို့သော် လားရှိုးမြို့သည် စစ်ပွဲကြောင့် ပျက်စီးမှုများ ခံထားရသလို ခိုးဆိုးလုယက်မှုများ ဖြစ်ပေါ်နေခြင်း၊ ဝန်ထမ်း အိမ်ယာများ ပြန်လည် တည်ဆောက်ရန် လိုအပ်နေခြင်း၊ အစိုးရရုံးများ ပြန်လည် ပြုပြင်ထိန်းသိမ်းရန်လိုအပ်နေ ခြင်း၊ လားရှိုးမြို့သို့ လာရောက်ရန် လမ်းပိုင်းဆိုင်ရာ လုံခြုံမှုအားနည်းနေခြင်း စသည့် အခြေအနေများကြောင့် အရပ်ဖက်ဝန်ထမ်းများသည် လားရှိုးမြို့သို့ ပြန်လာ၍ တာဝန်ထမ်းဆောင်ရန် ဝန်လေးနေကြသည်။