CNI News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၇

ပြည်သူ့စစ်မှုထမ်းတွင် မပါဝင်လိုပါက ငွေကျပ်သိန်း ၁၃၀ ပေးရန် တောင်းဆိုခဲ့သော ရွှေဘိုမြို့နယ်နှင့် ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများနှင့် ရဲမှူးတစ်ဦးတို့ကို ဖမ်းဆီး၍ အရေးယူခဲ့ကြောင်း နစက-က ဇန်နဝါရီ ၂၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက် ည ၇ နာရီခန့်တွင် ရွှေဘိုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်၊ မြို့နယ် ရဲမှူး သန်းဇော်တို့ ဦးဆောင်၍ ရွှေဘိုမြို့၊ အမှတ်(၄) ရပ်ကွက်အတွင်း ဧည့်စာရင်းစစ်ကြရာ မောင်ကျော်မင်းခန့် (ကျောက်မြစ်ကျေးရွာနေထိုင်သူ)သည် ဧည့်စာရင်းတိုင်ကြားထားခြင်းမရှိဘဲ ရောက်ရှိနေထိုင်လျက်ရှိသဖြင့် ပြည်သူ့စစ်မှုထမ်း စာရင်းသွင်းမည်ဟုဆိုကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်သွားခဲ့ကြသည်။

ထို့နောက် မောင်ကျော်မင်းခန့်၏ မိဘများထံသို့ ရွှေဘိုခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အငယ်တန်းစာရေး သူရိန်ညွန့်က ငွေကျပ်သိန်း ၁၃၀ ပေးပါက အခြားသူတစ်ဦးအား လူစားလဲလှယ်ပေးမည်ဟု ဆက်သွယ်လာ၍ ဇန်နဝါရီ ၂၅ ရက်တွင် မောင်ကျော်မင်းခန့်၏ ဖခင်ဖြစ်သူ ဦးကိုကိုလေးက သွားရောက်ပေးဆောင်ခဲ့သည်။

အဆိုပါ ငွေကျပ်သိန်း ၁၃၀ အား ရွှေဘိုမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဇော်က ၂၅ သိန်း၊ ရွှေဘိုမြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ အကြီးတန်းစာရေး ကျော်ခိုင်လတ်က ၂၅ သိန်း၊ ရွှေဘိုခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အငယ်တန်းစာရေး သူရိန်ညွန့်က ၃၀ သိန်း၊ မောင်ကျော်မင်းခန့်အစား လူစားထိုးလဲလှည်မည့် ရွှေဘိုမြို့၊ အမှတ် (၁၀)ရပ်ကွက်တွင် နေထိုင်သူ သန်းစိုးထိုက်က ၅၀ သိန်း စသဖြင့် အသီးသီးခွဲယူခဲ့ကြောင်းသည်ဟု နစက-က ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ပြည်သူ့စစ်မှုထမ်းဥပဒေကို အလွဲသုံးစားပြုလုပ်၍ ငွေကြေးရယူဆောင်ရွက်ခဲ့ကြသူများအား တရား ဥပဒေနှင့်အညီ ထိရောက်စွဦ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ၎င်းတို့ ရယူခဲ့ကြသည့် ငွေကျပ်သိန်း ၁၃၀ ကိုလည်း မောင်ကျော်မင်းခန့်၏ မိသားစုများထံသို့ သက်ဆိုင်ရာတာဝန်ရှိသူများက ဇန်နဝါရီ ၂၆ ရက်တွင် ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့များအနေဖြင့် ပြည်သူ့စစ်မှုထမ်းများအား ဆင့်ခေါ်ရာတွင် သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေသတ်မှတ်ချက်များအတိုင်သာ ဆင့်ခေါ်သွားရန်နှင့် ငွေ ကြေးများ တောင်းခံခြင်း၊ လူစားထိုးလဲလှယ်ခြင်းများ မရှိစေရေး တာဝန်ရှိသူများမှ ဆောင်ရွက်လျက်ရှိကြောင်း နစက-က ထုတ်ပြန်ခဲ့သည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင် အာဏာသက်ဝင်စေခဲ့ပြီးနောက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အပတ်စဉ်(၉)အထိ ခေါ်ယူထား ပြီးဖြစ်သည်။