တေဂူဆီလ်ဂါပါ၊ နိုဝင်ဘာ ၃၀

ဖြုတ်ချခံခဲ့ရသော သမ္မတဟောင်း မဲဇီလာယာ၏ဇနီးဖြစ်သူ ဇီမာရာကက်စထရိုဒီဇီလာယာသည် ဟွန်ဒူးရပ်စ်နိုင်ငံ၏ ရွေးကောက်ပွဲတွင် ရှေ့ဆုံးမှ ဦးဆောင်မဲများ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

၎င်း၏ နိုင်ငံရေးလှုပ်ရှားမှုကို ၁၂ နှစ်ကြာ ကန့်သတ်ခံရပြီးနောက် ယခုကဲ့သို့ ရွေးကောက်ပွဲ ဝင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း အေပီ သတင်းတွင် ဖော်ပြထားသည်။

အကယ်၍ နိုဝင်ဘာ ၂၈ ရက် ရွေးကောက်ပွဲမှ ပဏာမစာရင်းများကို အတည်ပြုမည်ဆိုလျှင် ၎င်းသည် အမေရိကတိုက် အလယ်ပိုင်းရှိ ဟွန်ဒူးရပ်စ်နိုင်ငံအတွက် ပထမဆုံး အမျိုး သမီးဖြစ်လာမည်ဟု အေပီက ဆက်လက် ရေးသားထားသည်။

ဒီဇီလာယာ၏ အောင်ပွဲခံမှုသည် ၂၀၀၉ ခုနှစ် အာဏာသိမ်းခံရပြီးနောက် ဖြုတ်ချခံခဲ့ရသော ၎င်း၏အမျိုးသားကို သမ္မတ အိမ်တော်သို့ တကျော့ပြန် ခေါ်ဆောင်နိုင်မည့် အလား အလာလည်း ဖြစ်သည်။

သူမသည် နိုင်ငံ၏မြို့တော် တေဂူဆီလ်ဂါပါတွင် မွေးဖွားကြီးပြင်းခဲ့သော်လည်း အိမ်ထောင်ကျပြီးနောက် မွေးမြူလုပ်ငန်းများ လုပ်ကိုင်ရန် ခင်ပွန်းဖြစ်သူ၏ ဆွဲဆောင်မှုဖြင့် ကျေးလက်ဒေသဖြစ်သော အိုလန်ချိုဘက်သို့ ပြောင်းရွှေ့ခဲ့သည်။

ကလေး ၄ ယောက်ကို ဇနီးမောင်နှံ နှစ်ဦးတို့ ပြုစုပျိုးထောင်ခဲ့ကြပြီး ခင်ပွန်းဖြစ်သူ၏ ၂၀၀၆-၂၀၀၉ သမ္မတ ရာထူးသက်တမ်း အတွင်း အမျိုးသမီးနှင့်ကလေးများအတွက် အစီ အစဉ်များကို ကြီးကြပ်မှု၌ သမ္မတကတော်အနေဖြင့် အနည်းငယ်သာ ပါဝင် ဆောင်ရွက်ပေးခဲ့သည်။

ပုံ- ဟွန်ဒူးရပ်စ်နိုင်ငံ၏ ပထမဆုံးအမျိုးသမီး သမ္မတဖြစ်မယ့် ဒီဇီလာယာကိုတွေ့ရစဉ်။(AP)

သို့သော် ခင်ပွန်းသည်ကို ပြည်နှင်ဒဏ်ပေးဖို့ ဦးတည်လာခဲ့သည့် ၂၀၀၉ ခုနှစ် အာဏာသိမ်းမှု အပြီးတွင် ဒီဇီလာယာ၏ အခန်း ကဏ္ဍသည် ရှေ့တန်းရောက်လာခဲ့သည်။

ထို့နောက် ခင်ပွန်းသည် သမ္မတဟောင်းသည် ကော်စတာရီကာနိုင်ငံသို့ ရောက်သွားခဲ့ပြီး နီကာရာဂွာသို့ ထပ်မံပြောင်းရွှေ့ကာ အဝေးရောက် အစိုးရပုံစံမျိုး လုပ်ကိုင်နေသည်။ထို့ကြောင့် သမ္မတဟောင်း ပြန်လာ၍ ရာထူးလက်ခံရေးမှာ ဒီဇီလာယာအပေါ် တွင် မူတည်နေသည်။ သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သမ္မတဟောင်း ပြန်လည် အရွေးခံခြင်းကို တားမြစ်မှုများ ရှိသည်။

၂၀၁၇ ခုနှစ်က အချိန်ကြာအောင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲအပြီးတွင် ဆန္ဒပြသူအချို့ လမ်းပေါ်ထွက်လာခဲ့ပြီး အစိုးရက ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ရသည်။ ထို့နောက် ရက်သတ္တ ၃ ပတ်အကြာတွင် အမေရိကန်မှ ရွေးကောက်ပွဲ စောင့်ကြည့် အဖွဲ့ များက ရွေးကောက်ပွဲ ပြန်လည် ကျင်းပသင့်ကြောင်း တောင်းဆိုခဲ့သော်လည်း ဟာနန်ဒက်ဇ်သည်သာ အနိုင်ရသူအဖြစ် ကြေညာခြင်း ခံခဲ့ရသည်။

ထိုအချိန်မှစ၍ ဒီဇီလာယာသည် ဟာနန်ဒက်ဇ် ပြုတ်ကျစေရေးအတွက် မျက်ခြေမပြတ် လှုပ်ရှားဆောင်ရွက်နေခဲ့ သည်။

ဟာနန်ဒက်ဇ်သည် မူးယစ်ဆေးသုံးစွဲသူဖြစ်ပြီး နိုင်ငံရေးထဲတွင် ငွေကြေးသုံး၍ လှုံ့ဆော်နေကြောင်း နယူးယောက်မြို့ရှိ ရှေ့နေအဖွဲ့တစ်ဖွဲ့က စွပ်စွဲခဲ့သည်။ ယင်းစွပ်စွဲချက်များကို ဟာနန်ဒက်ဇ်က ငြင်းပယ်ခဲ့ပြီး တရားဝင် စွဲချက်တင်ခြင်း ယနေ့ အချိန်အထိ မရှိသေးသော်လည်း သမ္မတရာထူးမှ ရှုံးနိမ့်ခဲ့ပါက အခြေအနေမှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်စရာရှိသည်။

Source: AP