CNI News

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၃

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင်ရှိသော ဒုက္ခသည်ပြဿနာများအား AA အနေဖြင့် ဖြေရှင်းနိုင်မည် မဟုတ် ကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ် မောင်တောမြို့ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ(နခခ)၅ ကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၈ ရက်က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ လက်ရှိတွင် မောင်တောမြို့တစ်ခုလုံးအား ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း AA မှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်၌ ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် AA သည် မြန်မာ-ဘင်္ဂလား‌ဒေ့ရှ်နယ်စပ် တစ်လျှောက်ကို ထိန်းချုပ်သွားနိုင်ပြီဖြစ်၍ နှစ်နိုင်ငံ ဒုက္ခသည် ပြဿနာကို ဘယ်လိုနည်းလမ်းဖြင့် ကိုင်တွယ် ဖြေရှင်းမလဲ မေးခွန်းထုတ်မှုများ ရှိလာခဲ့သည်။ 

ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း နယ်စပ်ဒုက္ခသည် ပြဿနာကို ဖြေရှင်းရာမှာ AA ၏ အနေအထားကို ထည့်သွင်း စဉ်းစားရန်လိုအပ်သလို စကားပြောရန်လည်း လိုအပ်လာသည်ဟု ထုတ်ဖော် ပြောကြားထားသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသသည် မြန်မာအစိုးရ၏ ထိန်းချုပ်မှုအောက်တွင် မရှိပါက ဒုက္ခသည်ပြဿနာ များအား ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပိုမိုခံရမည်ဖြစ်ပြီး AA အနေဖြင့် နယ်စပ်ဒုက္ခသည် ပြဿနာများအား ဖြေရှင်းနိုင် သော အနေအထားမရှိကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

၂၀၁၉ ခုနှစ်၊ ဧပြီ ၈ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ခရိုင်အတွင်းက ဒုက္ခသည်စခန်းတစ်ခုကို တွေ့ရစဉ် 

၎င်းက “ဒုက္ခသည်ပြဿနာကို ဖြေရှင်းမယ်ဆိုရင် နိုင်ငံတော်အစိုးရ အချင်းချင်းကပဲ ဆောင်ရွက်လို့ ရနိုင်ခြေများ တယ်၊ ဒုက္ခသည်ပြဿနာသည် အဲဒီနယ်စပ် တစ်လျှောက်လုံးကို မြန်မာအစိုးရ မရသမျှ ကာလပတ်လုံး ဒုက္ခသည် ပြဿနာကတော့ ဘင်္ဂလားဒေ့ရှ်ဘက်က ပိုပြီးခံရမှာ။ ပြည်တော်ပြန်ဝင်ဖို့ ULA/AA နဲ့ ညှိလို့ရနိုင်တဲ့ အနေအထား နိုင်ငံတကာဥပဒေအရလည်း မရှိနိုင်ပါဘူး၊ ဘယ်လိုမှလည်း မဖြစ်နိုင်ဘူးဆိုတဲ့ အနေအထားဖြစ်တာပေါ့၊ ဘယ်လိုမှ မဖြေရှင်းနိုင်ဘူး၊ ULA/AA ဆိုတာကလည်းပဲ လက်နက်ကိုင်တော်လှန်နေတဲ့ လူမျိုးစု၊ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ သူ့ရဲ့ပါတီပေါ့ဗျ၊ အဲတော့ နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း အသိအမှတ်ပြုဖို့က ပြုမှု၊ မပြုမှုနဲ့လည်း ဆိုင်တာ ပေါ့ နိုင်ငံတစ်ခုမှ မဟုတ်တာ၊ အဲတော့ တည်ငြိမ်တဲ့ အခင်းအကျင်းကလည်း မရှိဘူးလေ၊ တည်ဆဲအစိုးရနဲ့ နိုင်ငံ ရေး၊ စစ်ရေးအားဖြင့် ညှိနှိုင်းမှုတစ်ခုရလို့ “ဝ”လို၊ မိုင်းလားလိုဆိုရင်တော့ နောက်ပိုင်း အစိုးရရယ်၊ ခုန ULA/AA ရယ်၊ ဘင်္ဂလားဒေ့ရှ်အစိုးရရယ် ပူးပေါင်းပြီးမှ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းလို့ ရကောင်းရနိုင်တာပေါ့ဗျ။ ဆိုတော့ ခင်ဗျားတို့ပြောတဲ့ RSO တို့၊ ARSA တို့ စသည်ဖြင့်ပေါ့နော် သူတို့ဘက်မှာလည်း လွတ်မြောက်မှုနဲ့ ပတ်သက်လို့ လက်နက်ကိုင် အဖွဲ့အစည်းတွေ ရှိတာ‌ပေါ့၊ အဲတော့ လူမျိုးတိုင်းမှာရှိသလို ဘင်္ဂါလီတွေမှာလည်း ရှိတာပေါ့။ အဲတော့ ထိပ်တိုက်တွေ့တာပေါ့” ဟု ပြောသည်။

ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောမြို့အား AA က ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်ကစပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ARSA၊ RSO၊ ARA စသည့် အဖွဲ့များဖြင့်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

AA ခေါင်းဆောင်များသည် ရခိုင်ပြည်နယ်အရေးကို အပြုသဘောဆောင် ချဉ်းကပ်၍ ဆောင်ရွက်သွားလိမ့်မည်ဟု မျှော်လင့်ကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက CNI သတင်းဌာနသို့ ပြော သည်။

၎င်းက “ကျနော်တို့ မြင်သ‌လောက်ကတော့ ဒီ AA ပေါ့နော်၊ AA ခေါင်းဆောင်တွေက သူတို့ထုတ်ပြန်ထားတဲ့ သဘောထား တွေအရ‌ရော သူတို့အနေနဲ့ ဒီကိစ္စရပ်တွေကို သူတို့ ကျယ်ကျယ်ပြန့်ပြန့် စဥ်းစားသုံးသပ်ပြီးတော့မှ သူတို့က ဆောင်ရွက်နေတာ၊ ကိုင်တွယ်နေတာ ဖြစ်တယ်လို့ပဲ ကျနော်တို့ သိရတာဖြစ်ပါတယ်၊ ဒါကြောင့်မို့လို့ AA အနေနဲ့ ကတော့ ဒီအပေါ်မှာ သူတို့အပြုသဘောဆောင်တဲ့ ချဥ်းကပ်မှုမျိုးတွေနဲ့ ဆောင်ရွက်သွားလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။

AA တပ်ဖွဲ့ကို တွေ့ရစဉ်

စစ်ရေးအရ မောင်တောမြို့သည် AA ၏ ထိန်းချုပ်မှုအောက် ရောက်သွားပြီး အုပ်ချုပ်ရေးယန္တရားများ တည်ဆောက်ကောင်း တည်ဆောက်နိုင်သော်လည်း စစ်ပွဲပြီးဆုံးသွားပြီဟု သုံးသပ်၍မရကြောင်း၊ တပ်မတော်က ထိုးစစ်များ ဆင်လာနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက သုံးသပ်သည်။

လက်ရှိတွင် မြန်မာ့တပ်မတော်၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တည်ရှိရာ အမ်းမြို့ အပါအဝင် တောင်ကုတ်နှင့် ဂွမြို့နယ်၌ နှစ်ဖက် တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။

ရခိုင်ပြည်နယ်တွင် AA နှင့် မြန်မာ့တပ်မတော်တို့ကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသူ အများအပြားလည်း ရှိလာနေသည်။

ထို့အပြင် လူနေအိမ်များ အပါအဝင် စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများ၊ ဘာသာရေးကျောင်းများ၊ ဈေးများ၊ လမ်းတံတားများ ပျက်စီးဆုံးရှုံးနေရသလို စားနပ်ရိက္ခာ၊ ဆေးဝါး၊ စက်သုံးဆီ ပြတ်လပ်မှုများဖြင့် လည်း ရင်ဆိုင်နေကြရသည်။

အလားတူ ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သော ဘင်္ဂါလီအရေးသည်လည်း မဖြေရှင်းနိုင်သေးဘဲ ဖြစ်နေသည်။