CNI International News

ဘန်ကောက်၊ ဩဂုတ် ၂၃

ထိုင်းနိုင်ငံ၏ ထိပ်သီးနိုင်ငံရေးသမားလည်းဖြစ်၊ စစ်တပ်အကြီးအကဲဟောင်းလည်းဖြစ်သည့် ပရာဝစ် ဝေါင်ဆူဝမ် (Prawit Wongsuwan) သည် သတင်းထောက်တစ်ဦးကို ပါးရိုက်ခဲ့သည့် ဗွီဒီယိုမှတ်တမ်း ထွက်ပေါ်လာခဲ့ပြီး နောက် ထိုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ထိုင်းလွှတ်တော်က ပြောကြားခဲ့သည်ဟု CNA မှ ဖော်ပြခဲ့သည်။

ဩဂုတ် ၁၆ ရက်က ထိုင်း၏ Thai PBS ရုပ်သံဌာနမှ အမျိုးသမီး သတင်းထောက်တစ်ဦးဖြစ်သည့် ဒူအမ်သစ် ယီအမ်ဖို (Duangthip Yiamphop) သည် ဖြူးထိုင်းပါတီခေါင်းဆောင် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) အား ဝန်ကြီးချုပ်ရာထူး ခန့်အပ်မှုနှင့်ပတ်သက်ပြီး မေးမြန်းခဲ့ရာတွင် ပရာဝစ်က ထိုသတင်းထောက် ကို ပါးရိုက်ခဲ့ခြင်းဖြစ်သည်။

ပရာဝစ်သည် လွှတ်တော်တွင်းမှ ထွက်ခွာရန် ပြင်ဆင်နေချိန်တွင် သတင်းထောက်၏ မေးခွန်းကို "မင်း ဘာမေး လိုက်တာလဲ။ ဘာလဲ၊ ဘာလဲ" ဟုပြောကာ ပါးရိုက်လိုက်သည့် မြင်ကွင်းကို ဗွီဒီယိုမှတ်တမ်းထဲတွင် မြင်တွေ့ခဲ့ ရသည်။

၂၀၀၀ ပြည့်နှစ် အစောပိုင်းက ထိုင်းစစ်တပ် အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ပရာဝစ်သည် ပေတုန်တန်၏ အဒေါ်ဖြစ်သော ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် (Yingluck Shinawatra) ကို ရာထူးမှ ဖြတ်ချခဲ့ သည့် ၂၀၁၄ အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူများအနက် တစ်ဦးဖြစ်သည်။

ပေတုန်တန်ကို တွေ့ရစဉ်

သူသည် ၂၀၂၃ ခုနှစ်အထိ စစ်တပ်က ကျောထောက်နောက်ခံ ပြုထားသည့် အစိုးရအဖွဲ့အတွင်း လက်ထောက် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ထိုင်းလွှတ်တော်ကမူ ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး Thai PBS ရုပ်သံက တရားဝင် တိုင်ကြားစာပေးပို့ခဲ့သဖြင့် ထိုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ပရာယွတ်အနေဖြင့် ကျင့်ဝတ်သိက္ခာ ချိုးဖောက်မှုဖြင့် ပစ်မှတ်ထင်ရှား တွေ့ရှိခဲ့မည်ဆိုပါက လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ ဆိုင်းငံ့ခံရနိုင်ပြီး ရာသက်ပန် ပိတ်ပင်ခံရဖွယ်ရှိသည်။

ထိုင်းဂျာနယ်လစ်များ အသင်းကမူ ပရာဝစ်သည် ဂျာနယ်လစ်တစ်ဦးကို အကြမ်းဖက်ခဲ့မှုအတွက် ဝေဖန်ရှုတ်ချခဲ့ပြီး ပရာဝစ်၏ လုပ်ရပ်သည် သတင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်နေကြောင်း ထုတ်ပြန်ခဲ့သည်။

Thai PBS ရုပ်သံဌာန၏ အမှုဆောင် အယ်ဒီတာတစ်ဦးဖြစ်သူ နော့ပါဒိုလ် ဆရီဟတ်တိုင်း (Noppadol Srihatai) ကလည်း ပရာဝစ်၏ လုပ်ရပ်သည် စာနယ်ဇင်းကို ခြိမ်းခြောက်နေကြောင်း သတင်းထောက်များကို ပြောကြားခဲ့ သည်။

Source: CAN