CNI News

၂၀၂၄ ခုနှစ်၊ ဧပြီ ၅

မြန်မာနိုင်ငံ၏ ခေါင်းဆောင်ဟောင်းများဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း)နှင့် သမ္မတ (ငြိမ်း) ဦးသိန်းစိန် တို့ အပါအဝင် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး(ငြိမ်း)နှင့် ဝန်ကြီးချုပ်ဟောင်း ဦးနု၏သမီးဖြစ်သူ ဒေါ်သန်းသန်းနုတို့ ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai က တွေ့ဆုံခဲ့သည်။

အဆိုပါ တွေ့ဆုံမှုနှင့်ပတ်သက်ပြီး တရုတ်သံရုံး၏ We Chat အကောင့်ကနေ ဧပြီ ၅ ရက်နေ့က သတင်းထုတ် ပြန်ခဲ့သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ကူညီပံ့ပိုးရန် ဆန္ဒရှိသလို ပြန်လည်သင့်မြတ်ရေး၊ စီးပွားရေးနှင့် ပြည်သူများ စားဝတ်နေရေး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ တွင်လည်း ကူညီပေးနိုင်ရန် ဆန္ဒရှိသည်ဟု တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဧပြီ ၅ ရက်က သမ္မတ(ငြိမ်း) ဦးသိန်းစိန်နဲ့ တရုတ်သံအမတ်ကြီး တွေ့ဆုံစဉ်(တရုတ်သံရုံး)

ပြီးခဲ့သည့် ဧပြီ ၁ ရက် (၂၀၂၄ ခုနှစ်)ကလည်း တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းနှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ နေပြည်တော်မှာ တွေ့ဆုံ၍ နယ်စပ်ကုန်သွယ်ရေး ဖွင့်လှစ်နိုင် ရေး အပါအဝင် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပိုမိုဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြသေးသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများသည် တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုများ ကြောင့် အရှိန်မြင့်လျက်ရှိပြီး တဖက်မှာတော့ တရုတ်သည် သံတမန်လမ်းကြောင်းကို အားကောင်းအောင် ဖော်ဆောင်နေ ခြင်းကြောင့် “မီးစတစ်ဖက် ရေမှုတ်တစ်ဖက်”နည်းလမ်းကို ကျင့်သုံးနေသည်ဟု စစ်ရေးနှင့် နိုင်ငံရေး အကဲခတ် များက ထောက်ပြကြသည်။