CNI News

၂၀၂၄ ခုနှစ်၊ ဧပြီ ၃

“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်/ “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA/UWSP)သည် မြန်မာ့ တပ်မတော်နှင့် ငြိမ်းချမ်းရေး ရယူခဲ့သည်မှာ လာမည့် ဧပြီ ၁၇ ရက်နေ့တွင် ၃၅ နှစ်ပြည့်မည်ဖြစ်၍ အခမ်းအနား ကျင်းပရန် အလံများ မြို့အတွင်း လွှင့်ထူထားသည်ကို တွေ့ရသည်။

၁၉၈၉ ခုနှစ်၊ ဧပြီ ၁၇ ရက်နေ့က UWSA သည် ဗမာပြည်ကွန်မြူနစ်ပါတီကနေ ခွဲထွက်၍ မြန်မာ့တပ်မတော်နှင့် ငြိမ်းချမ်းရေးယူခဲ့သည်။

ထို့ကြောင့် ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၇ ရက်နေ့တွင် ငြိမ်းချမ်းရေးရယူမှု ၃၅ နှစ်ပြည့်မည်ဖြစ်ပြီး အခမ်းအနားများ လည်း ကျင်းပမည် ဖြစ်သည်။

UWSA ကို အထူးဒေသ(၂)အဖြစ် သတ်မှတ်၍ “ဝ”ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးခဲ့သည်။

 ငြိမ်းချမ်းရေး ၃၅ နှစ်ပြည့်အတွက် UWSA အလံများလွှင့်ထူထားစဉ် (CJ)

လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၆(စ)တွင် ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင် မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း(ပန်ခမ်း)မြို့နယ် ခြောက်မြို့နယ်တို့ကို ခရိုင် နှစ်ခရိုင်ဖွဲ့ပြီး “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သတ်မှတ်ပေးထားသည်။

အဆိုပါ ဒေသများ အားလုံးကို UWSA က အုပ်ချုပ်စီမံလျက်ရှိနေသည်။

UWSA သည် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်အားလုံးထက် လူအင်အား၊ လက်နက်အင် အား၊ ငွေကြေးအင်အား အတောင့်အတင်းဆုံး ဖြစ်ပြီး ကွန်ဖက်ဒရေးရှင်း(ကွန်ဖက်ဒရိတ်)အဆင့် အခွင့်အရေး ရရှိထားသည်။