ဘန်ဒါစီရီဘီဂါဝမ်၊အောက်တိုဘာ ၂၉

မြန်မာနိုင်ငံသည် အာဆီယံမိသားစု၏အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ဘရူးနိုင်းနိုင်ငံက ထိပ်သီးအစည်းအဝေး အပြီးတွင် ပြောကြားခဲ့သည်ဟု အယ်လ်ဂျာဇီးယားသတင်းဌာနက အောက်တိုဘာ ၂၉ ရက်(ယနေ့)တွင် ရေးသား ဖော်ပြသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် ဧပြီလ အာဆီယံအစည်းအဝေးတွင် သဘောတူညီခဲ့သည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအစီအစဉ်ကို အကောင်အထည်ဖော်ရန် ပျက် ကွက်ခဲ့ခြင်းကြောင့် ယခု ထိပ်သီးအစည်း အဝေးသို့ တက်ရောက်ခွင့်ဆုံးရှုံးပြီးနောက် ဘရူးနိုင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလက စစ်တပ်က အာဏာသိမ်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးကာ လူထုဆန္ဒပြမှုများနှင့် စီးပွားရေး ကမောက်ကမဖြစ်ပေါ်ခဲ့သည်။

အာဏာသိမ်းမှုဆန့်ကျင်သောလှုပ်ရှားမှုများကို ဖြိုခွင်းခဲ့ရာ လူပေါင်း ၁၂၀၀ ကျော် သေဆုံးခဲ့ပြီး နယ်စပ် ဒေသများ၌ မတည်ငြိမ်မှုများ တိုးလာနေသော်လည်း အာဆီယံအချက် ၅ ချက် သဘောတူညီမှု၏ တစိတ်တပိုင်း အဖြစ် အကြမ်းဖက်မှုများ အဆုံးသတ်မည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အာဆီယံ ခေါင်းဆောင်များ ကတိပြုထားပြီးဖြစ်သည်။

ယခုထိပ်သီးအစည်းအဝေးပြီးဆုံးပြီးနောက် မြန်မာနိုင်ငံ၏အလားအလာကို မေးမြန်းခဲ့ရာ ဘရူနိုင်းဘုရင် စူလတန်ဟာဆန်နယ်ဘော်လ်ကိတ်က အာဆီယံအဖွဲ့ဝင်အဖြစ် မြန်မာ ဆက် လက်တည်ရှိမှုကို အလေးအနက် ပြောကြားခဲ့သည်။

 

“မြန်မာနိုင်ငံဟာ အာဆီယံမိသားစုရဲ့ အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီးတော့ သူ့ရဲ့အဖွဲ့ဝင်အဖြစ် ရပ်တည်မှုကို မေးခွန်းထုတ်စရာ မရှိပါဘူး။ အာဆီယံက မြန်မာနိုင်ငံအတွက် အမြဲရှိနေမှာဖြစ်ပြီး အချက် ၅ ချက် သဘောတူညီမှုကို အကောင်အထည်ဖော်စေခြင်းအားဖြင့် အကူအညီဆက်ပေးနေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အဆိုပါသဘောတူညီမှု အချက် ၅ ချက်တွင် အာဆီယံအထူးသံတမန်တစ်ဦးစေလွှတ်၍ လူသားချင်း စာနာမှု အကူအညီနှင့် ဖျန်ဖြေရေးကြိုးပမ်းမှုများ ပံ့ပိုးပေးရန် ကတိကဝတ်လည်း ပါဝင်သည်။

အောက်တိုဘာ ၂၈ ရက်တွင် ပြီးဆုံးခဲ့သော ၃ ရက်ကြာ အွန်လိုင်းထိပ်သီးအစည်းအဝေးတွင် ဦးဆောင်သူ စူလတန် က “အာဆီယံသည် မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရန် ၎င်း၏သံတမန်နှင့် လက်တွဲလုပ်ဆောင်မည်ဟု မျှော်လင့်ကြောင်းနှင့် မြန်မာနိုင်ငံ ပုံမှန်အခြေအနေပြန်ရောက်မည်ဟု ယူဆကြောင်း” ဆက်လက်ပြောကြား ခဲ့ သည်။

အခြားသီးသန့်သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆာဖတ်ဒင် အဗ္ဗဒူလာက “ယခုသီတင်းပတ် မြန်မာဘက်မှ တက်ရောက်မှုမရှိခြင်းမှာမြန်မာ၏ရွေးချယ်မှုပင်ဖြစ်ကြောင်း၊ နောင်လာမည့် အစည်းအဝေးများသို့ မြန်မာအနေဖြင့် တက်/မတက်ဆိုသည်မှာ မရေရာသေးကြောင်း ပြောကြားခဲ့သည်ဟု အယ်လ်ဂျာဇီးယားက ရေးသားဖော်ပြထားသည်။