CNI International News

ဘန်ကောက်၊ နိုဝင်ဘာ ၃၀ 

ထိုင်းရဲတပ်ဖွဲ့သည် ပက်ဟမ် သာနီ (Pathu Thani) နှင့် ယာလာ (Yala) ပြည်နယ်များတွင် မူးယစ်ဆေးဝါးဂိုဏ်း တစ်ခု၏ ခေါင်းဆောင်တစ်ဦးနှင့် အပေါင်းပါး ၇ ဦးကို ဖမ်းဆီးရမိခဲ့ပြီးနောက် ထိုမူးယစ်ဆေးဝါးကွန်ရက်မှ ဘတ် သန်း ၁၀၀ နီးပါး တန်ကြေးရှိသည့် ပိုင်ဆိုင်မှုများကို သိမ်းဆည်းရမိခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။ 

ဗဟိုစုံစမ်းထောက်လှမ်းရေးဗျူရို (CIB) အကြီးအကဲဖြစ်သည့် ဒုရဲချုပ် ဂျီရက်ဟော့ ဘူရီဂျက် (Jirabhob Nhuridej) က အသက် ၃၂ နှစ်အရွယ် မူးယစ်ဆေးဝါးဂိုဏ်း ခေါင်းဆောင် ချာရွန် ရတ္တနာဝမ် (Charoen Rattanawan) နှင့် အပေါင်းပါ ၇ ဦးကို ပက်ဟမ်သာနီပြည်နယ်၏ နေရာ ၆ ခုနှင့် ယာလာပြည်နယ်၏ နေရာ တစ်ခုတွင် နိုဝင်ဘာ ၂၈ ရက်၌ ဖမ်းဆီးရမိခဲ့သည်ဟု ပြောကြားခဲ့သည်။

မူးယစ်ဆေးဝါးဂိုဏ်းတစ်ခုမှ ဖမ်းဆီးခံရသူများကိုတွေ့ရစဉ်

ဖမ်းဆီးခံရသူများသည် မူးယစ်ဆေးဝါး မှောင်ခိုကူးခြင်းနှင့် ငွေကြေးခဝါချမှုတို့တွင် ပါဝင်မှု၊ ကူညီပေးမှု အစရှိ သည့် စွဲချက်များဖြင့် ယာလာ ပြည်နယ်တရားရုံး၏ ဖမ်းဝရမ်း ထုတ်ခံခဲ့ရသူများဖြစ်သည်ဟု CIB အကြီးအကဲ ဂျီရက်ဟော့က သတင်းထောက်များကို ပြောကြားခဲ့သည်။ 
စီးနင်းရှာဖွေမှုများအတွင်း ရဲတပ်ဖွဲ့သည် မက်သာဖီတမင်း ဆေးပြား ၈၀,၀၀၀ နှင့် တိုက်ပွဲသုံး လက်နက်များ အပါအဝင် သေနတ် ၉ လက်၊ ကျည်ဆန် ၂၆၂ တောင့်ကို သိမ်းဆည်းရမိခဲ့သည်။ 

ထို့ပြင် အာဏာပိုင်များသည် ဘတ် သန်း ၁၀၀ နီးပါး တန်ကြေးရှိသည့် ပိုင်ဆိုင်မှု ပစ္စည်းများကိုလည်း သိမ်းဆည်း ရမိခဲ့သည်ဟု ဆိုသည်။

ထိုပစ္စည်းများထဲတွင် လူနေတိုက်ခန်းများ၊ ကား ၂၇ စီးနှင့် မော်တော်ဆိုင်ကယ် ၃ စီး ပါဝင်ကြောင်း ဒုရဲချုပ် ဂျီရက်ဟော့က ပြောသည်။

မူးယစ်ဆေးဝါးဂိုဏ်းတစ်ခုမှ ဖမ်းဆီးခံရသူများကိုတွေ့ရစဉ်

ဂျက်ခ်ဆမ်မော် (Jack Sam Mor) ဟူသည့် အမည်ဖြင့် လှုပ်ရှားသော မစ္စတာ ချာရွန်သည် မူးယစ်ဆေးဝါး မှောင်ခို ကူးမှုမှ ရရှိခဲ့သည့် ငွေကြေးများကို လက်ခံရရှိရေးအတွက် ဘဏ်အကောင့်များဖွင့်ရန် ၎င်း၏ အပေါင်းပါများကို အမိန့်ပေးခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ 

ထိုငွေကြေးများကို အခြား မူးယစ်ဆေးဝါး ဂိုဏ်းဝင်များ၏ ဘဏ်အကောင့်များထဲသို့ လွှဲပြောင်းပေးခဲ့သည်ဟု လည်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ဖမ်းဆီးရမိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ချိန်တွင် သံသယရှိသူ အားလုံးသည် ၎င်းတို့၏ စွဲချက်များကို ဝန်ခံပြီး ဖြောင့်ချက်ပေးခဲ့ကာ ၎င်းတို့ကို ရာဇဝတ်မှု နှိမ်နင်းရေးဌာန (CSD) သို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။