CNI International News

ဘန်ကောက်၊ ဒီဇင်ဘာ ၂၃

ဒီဇင်ဘာ ၂၂ ရက်က ထိုင်းနိုင်ငံ၊ မောင်း (Muang)ခရိုင်ရှိ Youtuber တစ်ဦး၏အိမ်ကို ရဲတပ်ဖွဲ့က ဝင်ရောက် ရှာဖွေခဲ့ချိန်အတွင်း လက်နက်နှင့် ခဲယမ်း အများအပြားကို တွေ့ရှိခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ဆိုက်ဘာရဲတပ်ဖွဲ့ (Police Cyber Taskforce) မှ အရာရှိများနှင့် ဒေသခံရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းထားသည့် အဖွဲ့သည် ဘန်ကရန် (Ban Krang) ရပ်ကွက်ရှိ အိမ်တစ်လုံးကို ဝင်ရောက်ရှာဖွေခဲ့ခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့သည် ခရစ္စမတ်ကာလနှင့် နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲများ မတိုင်မီ အများပြည်သူ လုံခြုံရေးကို မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် သံသယရှိသည့် နေရာများကို ဝင်ရောက်ရှာဖွေသော စစ်ဆင်ရေးကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Tacticool BoB အမည်ဖြင့် YouTube ချန်နယ်တစ်ခုဖွ င့်ထားပြီး လက်နက်များအကြောင်းကို ဗွီဒီယိုများ တင်ဆက်ပေးနေသည့် ထရင်ဆက် ဝါချီရာဆရီစီရီကူလ် (Transak Wachirasrisirikul)၏ နေအိမ်ခြံဝင်းအတွင်း ရဲအရာရှိများက တရားရုံး၏ ရှာဖွေခွင့်ဝရမ်းဖြင့် ဝင်ရောက်ရှာဖွေခဲ့သည်။

ထိုရှာဖွေမှုအတွင်း အမျိုးအစားစုံလင်သည့် သေနတ် ၈၇ လက်၊ ကျည်ဆန် ၄၅၇၆ တောင့်၊ ကျည်အိမ် ၇ ခုကို တွေ့ရှိခဲ့ကြောင်း ရဲချုပ် နစ်ခွန်း ခူနိုပါရတ် (Nikhom Kheunopparat) က ပြောကြားခဲ့သည်။

အသက် ၃၃ နှစ်အရွယ် မစ္စတာ ထရင်ဆက်က သူသည် ထိုလက်နက်များကို သူ့အဖေထံမှ အမွေရရှိခဲ့ခြင်းဖြစ် သည်ဟု ရဲတပ်ဖွဲ့ကို ပြောကြားခဲ့သည်။

ထိုလက်နက်အားလုံးကိုလည်း သူ့ဖခင်အမည်ဖြင့် တရားဝင် မှတ်ပုံတင်ထားခဲ့သည်ဟု ဆိုသည်။

လက်ရှိတွင် ရဲတပ်ဖွဲ့သည် ထိုလက်နက်များ၏ မှတ်ပုံတင်ပိုင်ဆိုင်ခွင့်ကို မစ္စတာ ထရင်ဆက်အား တရားဝင် လွှဲပြောင်းရန် သင့််/မသင့် စဉ်းစားသုံးသပ်လျက်ရှိသည်။

အကယ်၍ မှတ်ပုံတင် မူပိုင်ခွင့်နှင့်ပတ်သက်ပြီး မှတ်တမ်းမရှိပါက ထရင်ဆက်သည် လက်နက်ခဲယမ်းများကို တရားမဝင် ပိုင်ဆိုင်မှုနှင့်ဆက်နွှယ်သည့် စွဲချက်များဖြင့် အမှုရင်ဆိုင်ရနိုင်သည်။

ရဲတပ်ဖွဲ့သည် ထိုလက်နက်များကို သိမ်းဆည်းခဲ့ပြီးနောက် မစ္စတာ ထရင်ဆက်သည် ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသည် ဟု အတည်မပြုနိုင်သည့် သတင်းများ ထွက်ပေါ်လျက်ရှိသည်။

Source: ဘန်ကောက်ပို့စ်