CNI International News

တိုင်ပေ၊ နိုဝင်ဘာ ၁၆

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ပြုလုပ်မည့် ထိုင်ဝမ်သမ္မတ ရွေးကောက်ပွဲနှင့် လွှတ်တော်ရွေးကောက်ပွဲအတွက် ထိုင်ဝမ်၏ အဓိကအင်အားကြီး အတိုက်အခံပါတီနှစ်ခုဖြစ်သည့် ကူမင်တန် (KMT) ပါတီနှင့် ထိုင်ဝမ် ပြည်သူ့ပါတီ (TPP) တို့ပူးပေါင်းပြီး လက်ရှိအာဏာရ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) ကို ယှဉ်ပြိုင်သွားမည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။

တရုတ်နှင့် ဆွေးနွေးမှုများ ပြန်လည်ပြုလုပ်မည်ဟု ကတိပြုခဲ့သည့် ထိုအတိုက်အခံ ပါတီနှစ်ခုသည် ရွေးကောက်ပွဲ များကို ဝင်ရောက်ယှဉ်ပြိုင်ရေးအတွက် ပါတီနှစ်ခုပူးပေါင်းရန် နိုဝင်ဘာ ၁၅ ရက်က သဘောတူညီခဲ့ကြခြင်း ဖြစ် သည်။

အာဏာရ DPP ပါတီကမူ ဇန်နဝါရီ ၁၃ ရက်တွင် ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲကို တရုတ်က ကြားဝင်စွက် ဖက်လိမ့်မည်ဟု ပြောကြားခဲ့သည်။

ထိုင်ဝမ်ပြည်သူများကို တွေ့ရစဉ်

ဇန်နဝါရီ ၁၃ ရက်တွင် ပြုလုပ်မည့် လွှတ်တော်ရွေးကောက်ပွဲနှင့် သမ္မတရွေးကောက်ပွဲများအတွင်း တရုတ်အပေါ် ထားရှိသည့် ထိုင်ဝမ်ပါတီများ၏ မူဝါဒသည် အဓိကနေရာမှ ပါဝင်လျက်ရှိသည်။

တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ နယ်မြေတစ်ခုအဖြစ် ကြေညာထားပြီး ထိုင်ဝမ်အပေါ် စစ်ရေးနှင့် နိုင်ငံရေးဖိအား များ တိုးမြှင့်ခဲ့ကာ ထိုင်ဝမ်ကျွန်းအနီးတွင်လည်း စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။ 

ထိုင်ဝမ်၏ ဒုတိယသမ္မတဖြစ်သည့် အာဏာရ DPP ပါတီမှ သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း လိုင်ချင်တေး ခေါ်  ဝီလျှံလိုင် (Lai Chinge-te/ William Lai) သည် သမ္မတရွေးကောက်ပွဲတွင် ပြိုင်ဘက် KMT ပါတီ၏ ကိုယ်စားလှယ်လောင်း ဟူယူအင် (Hou Yu-ih) နှင့် TPP ပါတီမှ ကိုယ်စားလှယ်လောင်း ကိုဝမ်ကျီ (Ko Wen-Je) တို့ထက် လူကြိုက်များနေပြီး ရွေးကောက်ပွဲအနိုင်ရရန် ရေပန်းစားနေကြောင်း လူထုသဘောဆန္ဒ စစ်တမ်းကောက်ယူမှုများတွင် ဖော်ပြခဲ့သည်။

KMT နှင့် TPP ပါတီတို့သည် သမ္မတရွေးကောက်ပွဲတွင် ပူးပေါင်းယှဉ်ပြိုင်ရန်အတွက် ပြီးခဲ့သည့်လက ဆွေးနွေးမှု များ ပြုလုပ်ခဲ့သော်လည်း ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည့်် ကိုယ်စားလှယ်လောင်းတစ်ဦးကို ရွေးချယ်မှုမှာ  သဘောတူညီမှု မရခဲ့ပေ။

DPP ပါတီခေါင်းဆောင် ဆိုင်အင်ဝမ်ကို တွေ့ရစဉ်

ထို့နောက် KMT နှင့် TPP ပါတီများ၏ ထိပ်သီးခေါင်းဆောင်များအကြား ဆွေးနွေးမှုများ ဆက်တိုက် ပြုလုပ်ခဲ့ပြီး နောက် သမ္မတရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းတစ်ဦး ရွေးချယ်ရန် ဆုံးဖြတ်ခဲ့ပြီး ကိုယ်စားလှယ်လောင်း၏ အမည်ကို နိုဝင်ဘာ ၁၈ ရက်တွင် ကြေညာမည်ဖြစ်သည်။

၂၀၁၆ ခုနှစ်က DPP ပါတီခေါင်းဆောင် ဆိုင်အင်ဝမ် (Tsai Ing-wen) သည် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရ ခဲ့ပြီးကတည်းက တရုတ်သည် ထိုင်ဝမ်နှင့် ဆွေးနွေးမှုများကို ရပ်တန့်ခဲ့သည်။ 

ထိုင်ဝမ်သမ္မတဆိုင်သည် ထိုင်ဝမ်အား ပိုင်ဆိုင်ကြောင်း ကြေညာထားသည့် တရုတ်၏ ကြေညာချက်ကို ငြင်းဆိုထားသူ ဖြစ်သည်။

Source: Nikkei Asia