CNI News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၈

နစကကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးနောက် လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းသည် နည်းလမ်းသစ် ပေါ်လာနိုင် သလားဆိုသည့်အပေါ် နိုင်ငံရေးအသိုင်းအဝိုင်းကြား သုံးသပ်ဆွေးနွေးလျက်ရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၅ ရက်က ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ နစကကို ပြန်လည်ပြင်ဆင် ဖွဲ့စည်းရာ တွင် ယခင် နစကကောင်စီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်တို့ ပါဝင်ခြင်း မရှိတော့ဘဲ ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောတို့ ပါဝင်လာသည်ကို တွေ့ရသည်။

မတည်ငြိမ်သော အစိုးရနှင့် မှားယွင်းသည့် ပေါ်လစီများကြောင့် မြန်မာပြည်တွင် အကျပ်အတည်းများဖြင့် ရင်ဆိုင် နေရခြင်းကြောင့် နစကကို ပြင်ဆင်ခြင်းဟု မြင်မိကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

နစကကနေ ထုတ်ပယ်ခံလိုက်ရတဲ့ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းကိုတွေ့ရစဉ်

၎င်းက “အဲဒီလို ဖြစ်ရတဲ့ အကြောင်းကိစ္စကတော့ သူရင်ဆိုင်နေရတဲ့ နွေဦးစစ်ဆင်ရေးအတွင်းမှာ NUG ဦးဆောင် တဲ့ PDF တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ စစ်ရေးဖိအားကြောင့် သူ့ရဲ့ တပ်မှူး၊ တပ်မဟာ မှူး၊ တပ်ရင်းမှူးတွေက စစ်မြေပြင်မှာ အကျအဆုံးများလာတယ်၊ နောက်ပြီးတော့ အမိန့်မနာခံမှုတွေ ဖြစ်လာ တယ်၊ ဒါက စစ်ရေးစစ်ရာမှာ အကြောင်းအချက်ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ စီးပွားရေးဆိုင်ရာ မှားယွင်း တဲ့ ပေါ်လစီတွေ ညံ့ဖျင်းတဲ့ အုပ်ချုပ်ရေး ဘဏ္ဍာရေးစီမံခန့်ခွဲမှု စနစ်တွေကြောင့် မြန်မာငွေတန်ဖိုး အဆမတန် ကျဆင်းလာတယ်၊ နောက်ပြီးတော့ ကုန်ဈေးနှုန်းတွေ ကြီးမြင့်လာတယ်၊ တစ်ဆက်တည်းမှာ နိုင်ငံခြားသုံးဝင်ငွေ ခန်းခြောက်လာတဲ့အတွက် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြဿနာအမျိုးစုံကြုံနေတာ ဖြစ်ပါတယ်။ မတည်ငြိမ်တဲ့ အစိုးရနဲ့ မှားယွင်းတဲ့ ပေါ်လစီတွေကြောင့် ကျနော်တို့ ဗမာပြည်မှာ အခု အထွေထွေအကျပ်အတည်းတွေ ဖြစ်ပေါ် နေတယ်လို့ ယေဘုယျ သုံးသပ်လို့ ရပါတယ်” ဟု ပြောသည်။

နစကကို ဖေဖော်ဝါရီ ၁ ရက်နေ့တွင် တစ်ကြိမ်၊ ဩဂုတ် ၂ ရက်နေ့၌ တစ်ကြိမ် ပြောင်းလဲခဲ့ပြီး ယခု စက်တင်ဘာ ၂၅ ရက်မှာ ထပ်မံ ပြောင်းလဲခဲ့သည့်အတွက် လက်ရှိ ၂၀၂၃ ခုနှစ်အတွင်း ၃ ကြိမ်ရှိပြီ ဖြစ်သည်။

နစကကို ပြင်ဆင်ဖွဲ့စည်းမှုမှာ မည်သည့် ရည်မှန်းချက်ဖြင့် သွားနေသည်ကို မသိနိုင်ကြောင်း၊ သို့သော်လည်း လက်ရှိ အကျပ်အတည်းများကို ကျော်လွှားနိုင်ရေး လုပ်ဆောင်ခြင်းဟု မြင်မိကြောင်း ဖက်ဒရယ်ဒီမိုကရက်တစ် ပါတီမှ ဒေါ်ချိုချိုကျော်ငြိမ်းက CNI သတင်းဌာနသို့ ပြောသည်။

နစက အဖွဲ့၀င် ဖြစ်လာတဲ့ ဒုတိယဗိုလ်ချုပ်ကြီးညိုစောကို တွေ့ရစဉ်

၎င်းက “အဲဒါက အန်တီပြောသလိုလေ၊ အန်တီက နိုင်ငံရေးပဲ သိတာလေ၊ ဒို့နိုင်ငံရေးရဲ့ လမ်းစဉ် ဘယ်လိုလုပ်မယ်၊ ဘယ်လိုသွားမယ်ဆိုတာပဲ သိတာ၊ စစ်တပ်ဖက်က တိုင်းပြည်အုပ်ချုပ်နေတဲ့ အာဏာရှိတဲ့ သူတွေလေ၊ အဲဒီတော့ သူတို့ကလည်း ဘာလုပ်မလဲ သူတို့ရဲ့ ရည်မှန်းချက်ဆိုတာ သတင်းစာမှ နေ့တိုင်းပါနေတာပဲ။ သူတို့က သူတို့ ရည်မှန်းချက် အတိုင်းရအောင် သူတို့နည်း၊ သူတို့ဟန်၊ သူတို့ ဥပဒေနဲ့ သူတို့ ကြိုးစားနေမှာပဲ၊ အန်တီတို့ကလည်း သူတို့နဲ့ နီးနီးစပ်စပ် မရှိဘူး။ တပ်ကလူတွေနဲ့ အဲဒီတော့ အန်တီပါတီကလည်း အဆင်သင့်ဖြစ်အောင် သူတို့က ဒါလုပ်၊ လူတွေရှာထား၊ စစ်မှန်တဲ့ အဖွဲ့ဝင်တွေ ရှာထားမယ်၊ ဒီဟာနဲ့ သွားတာ၊ UEC က ပြောလို့ရှိရင် အဲဒီအတိုင်း လုပ်မယ်၊ အဲဒါက အန်တီတို့ နိုင်ငံရေးသမားတွေ လောလောဆယ် လုပ်နေရမယ့် အလုပ်လေ၊ သူတို့သွားတယ်၊ သူတို့ဟာနဲ့ သူတို့ way ၊ သူတို့နည်းအတိုင်း သွားမှာပဲ၊ သူတို့ စစ်တပ်က တိုင်းပြည်အုပ်ချုပ်နေတဲ့ လူတွေဆိုတော့ သူတို့လည်း သူတို့ အခက်အခဲတွေ ကျော်လွှားနိုင်အောင် သူတို့ လုပ်နေမှာပဲ၊ အန်တီတော့ ဒီလိုပဲ မြင်တယ်” ဟု ပြောသည်။

နစက အနေဖြင့် လာမည့် ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံတစ်ဝှမ်း သန်းခေါင်စာရင်း ကောက်ယူမည် ဖြစ်ကြောင်း၊ ထို့နောက် အထွေထွေရွေးကောက်ပွဲ ကျင်းပပေးပြီး အနိုင်ရသည့် နိုင်ငံရေးပါတီအား နိုင်ငံတော်အာဏာ လွှဲအပ် မည်ဟု ပြောကြားထားသည်။

ထို့အတူ နစကနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့တို့ ငြိမ်းချမ်း‌ရေး တွေ့ဆုံဆွေးနွေးမှု အတွင်းမှာလည်း ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ဆွေးနွေးမှုများ ရှိနေသည်။