CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၈


တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်းသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည်။


ထို့နောက် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်နေ့က နေပြည်တော်မှာ နစက၏ ဒုဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံကာ ငြိမ်းချမ်းရေး ပူးပေါင်း ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်။


အဆိုပါ တွေ့ဆုံမှုတွင် မြန်မာ-တရုတ် နယ်စပ် ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်းရေးကို ပိုမိုမြှင့်တင် ရန်အတွက် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ် ရေး လုပ်ငန်းစဉ်နှင့်ပတ်သက်၍ နောက်ဆုံးဖြစ်ပေါ် တိုးတက်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

တရုတ်ထံ UWSA မှ ဖမ်းဆီးရမိသူများကို လွှဲပြောင်းပေးနေစဉ် (WSTV)

ထို့နောက် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်မှုများတွင် တရုတ်နိုင်ငံမှ အပြုသဘော ဆက်လက် ကူညီ ဆောင်ရွက်ပေးသွားမည့် ကိစ္စရပ်များ၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာ အထူးသဖြင့် အာဆီယံနှင့် ကုလသမဂ္ဂတို့တွင် ပိုမို နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး စသည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။

တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းသည် မြန်မာနိုင်ငံသို့ ၃ ကြိမ်ထက် မနည်း လာရောက်ထားသူ ဖြစ်သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွင်းမှာ ရင်းနှီးမြှုပ်နှံမှုများ အများအပြားရှိသလို မြန်မာ-တရုတ် နယ်စပ် တစ်လျှောက်မှာလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များရှိနေသည်။

အလားတူ တရုတ်နိုင်ငံသား အများအပြားသည် တိုင်းရင်းသား လက်နက်ကိုင်များ၏ နယ်မြေဖြစ်သည့် “ဝ”၊ မိုင်းလား၊ ကိုးကန့်ဒေသများတွင် အွန်လိုင်း လောင်းကစား လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နေသလို မူဆယ်မြို့နယ်အတွင်းမှာလည်း အွန်လိုင်းလောင်းကစား လုပ်ငန်းများ လုပ်ကိုင်နေခြင်းကြောင့် တရုတ်အစိုးရ က ဖမ်းဆီးနိုင်ရေး ကြိုးပမ်းလျက်ရှိသည်။