CNI International News

ဘန်ကောက် သြဂုတ် ၃၀

ထိုင်းနိုင်ငံတွင် စစ်အာဏာသိမ်းမှုများကို ကြုံတွေ့ခဲ့ရသည့်နေ့ရက်များအား ဖြတ်သန်းနိုင်ခဲ့ပြီဟု ယုံကြည် ကြောင်း ဖြူးထိုင်းပါတီ၏ လက်ထောက်ခေါင်းဆောင်ဖြစ်သူ ဆူတင်ကလန်ဆန်း (Sutin Klungsang) က ပြောကြားခဲ့သည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။

ထိုင်းစစ်တပ် အရာရှိဟောင်းများဖြစ်သည့် အကြံပေးပုဂ္ဂိုလ်များ၏ အကူအညီနှင့်အတူ ထိုင်းနိုင်ငံ၏ အရေးအကြီးဆုံး ဝန်ကြီးရာထူးများထဲမှ တစ်နေရာကို ၎င်းအနေဖြင့် စီမံခန့်ခွဲနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း လည်း ဆူတင်က ဆက်လက် ပြောကြားခဲ့သည်။

ဆူတင်သည် ထိုင်းနိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးသစ်ဖြစ်လာမည်ဟု ထင်ကြေးပေးခံထားရသူဖြစ်သည်။

မည်သို့ပင်ဆိုစေ ထိုထင်ကြေးပေးမှုများအား ဆူတန်အနေဖြင့် အတည်ပြုခဲ့ခြင်းမရှိဘဲ တရားဝင်ကြေညာချက် ထွက်ပေါ်လာသည့်အချိန်အထိ စောင့်ဆိုင်းရန် အစိုးရအိမ်တော်တွင် သတင်းထောက် များနှင့် တွေ့ဆုံချိန်က ပြောခဲ့သည်။

ဆူတင်ကလန်ဆန်း (Sutin Klungsang)အား တွေ့ရစဉ်(Bangkok Post)

ထိုင်းအစိုးရအဖွဲ့သစ်အတွင်း ဝန်ကြီးဌာန ရာထူးနေရာများအတွက် အမည်စာရင်းပါဝင်ခံရသူများထဲမှ တစ်ဦးဖြစ်သည့် ဆူတင်သည် ထိုင်းအစိုးရအဖွဲ့ အတွင်းဝန်များရုံး၏ အတည်ပြုချက်ကို စောင့်ဆိုင်းနေသူများထဲ တစ်ဦး အပါအဝင်ဖြစ်သည်။

ဖြူးထိုင်းပါတီအနေနှင့် စစ်တပ်ကို ပြုပြင်ပြောင်းလဲမည် ဟုတ်၊မဟုတ် သတင်းထောက်များ၏ မေးမြန်းမှု ခံရချိန်တွင် ၎င်း၏ပါတီသည် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုအတွင်း ပြောကြားခဲ့သည့် ကတိကဝတ်များ အားလုံး အကောင်အထည်ဖော်လုပ်ဆောင်သွားမည်ဟု ဆိုသည်။

ဗိုလ်ချုပ်ကြီး ပရာယွတ်အားတွေ့ရစဉ် (EPA)

ကျောင်းဆရာဟောင်းတစ်ဦးဖြစ်ပြီး ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဆူတင်သည် ကာကွယ်ရေးဝန်ကြီး ရာထူးနေရာအတွက် ဝန်ကြီးချုပ် ဆရီသာ သာဗီဇင်(Srettha Thavisin)၏ အမည်စာရင်း တင်သွင်းခြင်းကို ခံထားရသည်။

စစ်တပ်အတွင်းရှိ မည်သူမဆို နောက်ထပ်စစ်အာဏာသိမ်းမှုကို မြင်တွေ့ချင်သည့် ဆန္ဒရှိမည် မဟုတ်ကြောင်း ၎င်းအနေဖြင့်ယုံကြည်သည်ဟု ဆူတင်က ပြောကြားခဲ့သည်။

''အခုချိန်ကစပြီး နောက်ထပ်စစ်အာဏာသိမ်းမှုတွေ မရှိသင့်တော့ဘူးဆိုတာကို ကျွန်တော်ယုံကြည်ပါတယ်။ အဲဒီကာလတွေကို အချိန်အကြာကြီးကျွန်တော်တို့ဖြတ်သန်းပြီးပါပြီ"ဟု ဆူတင်က ပြောကြားခဲ့သည်။

Source : Thai PBS World