CNI International News

ဘိုဂိုတာ၊ သြဂုတ် ၃

ကိုလံဘီယာသမ္မတ၏ သားဖြစ်သူ နီကိုလက်စ် ပက်ထရို (Nicolas Petro) သည် ငွေကြေးခဝါချမှု၊ တရားဝင်     ဝင်ငွေမပြနိုင်ဘဲ ကြွယ်ဝချမ်းသာအောင် လုပ်ဆောင်မှုတို့ဖြင့် သြဂုတ် ၁ ရက်က ကြားနာစစ်ဆေးမှုတွင် တရားစွဲ ဆိုခံခဲ့ရသည်ဟု အေပီမှ ဖော်ပြခဲ့သည်။

ပက်ထရို (၃၆ နှစ်) သည် မူးယစ်ဆေးဝါး မှောင်ခိုကူးသူများထံမှ ဒေါ်လာထောင်ချီ ရယူခဲ့ပြီး ထိုငွေကြေးများကို တန်ဖိုးကြီး ဇိမ်ခံအိမ်များနှင့် ဈေးကြီးသည့် ကားများကို ဝယ်ယူရန် အသုံးပြုခဲ့သည်ဟု အစိုးရရှေ့နေများက တရား ခွင်တွင် ပြောကြားခဲ့သည်။

ပက်ထရိုကမူ စွဲချက်များ အားလုံးအတွက် အပြစ်မရှိကြောင်း လျှောက်လဲချက်ပေးခဲ့သည်။ မည်သို့ပင်ဆိုစေ ၎င်း၏ အမှုသည် ဖခင်ဖြစ်သူ သမ္မတ ဂူစတာဗို ပက်ထရို(Gustavo Petro)၏ ၂၀၂၂ ခုနှစ် သမ္မတရွေးကောက်ပွဲ မတိုင်မီ မဲဆွယ်စည်းရုံးမှုများအတွက် ရန်ပုံငွေသုံးစွဲမှု အခြေအနေအပေါ် မေးခွန်းများ ထွက်ပေါ်စေခဲ့သည်။

သို့သော် ကြားနာစစ်ဆေးမှု အပြီးသတ်ချိန်တွင် ပက်ထရိုသည် ၎င်း၏ ရပ်တည်ချက်ကို ပြောင်းလဲပုံပေါ်သည့် အနေဖြင့် သမ္မတ ပက်ထရို၏ မဲဆွယ်စည်းရုံးမှုကို စုံစမ်းစစ်ဆေးရန် ကြိုးပမ်းနေသည့် အစိုးရရှေ့နေများနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

"ကျနော့် မိသားစုနဲ့ မကြာခင် မွေးလာတော့မယ့် ကျနော့်ကလေးအတွက် ကျနော်ဒါကို လုပ်ဆောင်သွားမှာပါ '' ပက်ထရိုက ပြောကြားခဲ့ပြီး သူ့အနေနှင့် ငွေကြေး ခဝါချမှုအတွက် ပြစ်မှုထင်ရှား စီရင်ခံရမည်ဆိုပါက ထောင်ဒဏ် အနှစ် ၃၀ အထိ ချမှတ်ခံရနိုင်သည်။ 

ကိုလံဘီယာသမ္မတ ဂူစတာဗို ပက်ထရိုကို တွေ့ရစဉ်

မတ်လအတွင်းက ပက်ထရို၏ ဇနီးဟောင်း ဒေဆူရီစ် ဗက်စ်ကွက် (Daysuris Vasquez)က ဒေသခံ Semana မဂ္ဂဇင်းတွင် ပက်ထရို၏အကြောင်းကို ထုတ်ဖော် ပြောဆိုခဲ့ပြီးနောက် စုံစမ်းစစ်ဆေးမှုများ စတင်လာခဲ့ခြင်း ဖြစ် သည်။ 

သမ္မတ ပက်ထရိုသည် လူထုထောက်ခံမှုနှုန်း ကျဆင်းလာပြီး အတိုက်အခံများ၏ ဝေဖန်တိုက်ခိုက်မှုများကို ခံနေ ရချိန်တွင် သားဖြစ်သူ ပက်ထရို၏ အမှုများ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

Semana မဂ္ဂဇင်းတွင် ဗက်စ်ကွက်က သူသည် အမေရိကန်၌ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုဖြင့် စီရင်ချက်ချခံခဲ့ရဖူး သည့် နိုင်ငံရေးသမားတစ်ဦးထံမှ ပီဆို သန်း ၆၀၀ (ဒေါ်လာ ၁၅၀၀၀၀) လှူဒါန်းမှုအတွက် နီကိုလက်စ် ပက်ထရို စီစဉ်ခဲ့သည့် အစည်းအဝေးကို တက်ရောက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ နိုင်ငံရေးသမားသည် ဂူစတာဗို ပက်ထရို၏ ၂၀၂၂ သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုအတွက် လှူဒါန်း လိုသည့် ဆန္ဒရှိခဲ့ကြောင်း ဗက်စ်ကွက်က ပြောသည်။ 

ထို့ပြင် ဗက်စ်ကွက်က သူ့ခင်ပွန်းဟောင်းဖြစ်သူ နီကိုလက်စ် ပက်ထရိုသည် အဆိုပါ လှူဒါန်းငွေများကို ကြားဖြတ် ရယူခဲ့ပြီး ထိုအကြောင်းကို သမ္မတပက်ထရို၏ မဲဆွယ်စည်းရုံးရေးအဖွဲ့က မသိခဲ့ကြောင်းလည်း ထုတ်ဖော် ပြော ကြားခဲ့သည်။

Source: အေပီ