CNI International News

ဝါဆော၊ ဇူလိုင် ၃၁ 

ဘယ်လာရုစ်နှင့် ပိုလန်နယ်စပ်အနီးတွင် ရုရှား၏ ပုဂ္ဂလိက ကြေးစားစစ်သားအုပ်စု ဝဂ်နာတပ်ဖွဲ့များ လှုပ်ရှားနေမှု ကို စိုးရိမ်ကြောင်း ပိုလန်ဝန်ကြီးချုပ် မာသက်ရှ် မိုရာယက်စကီး (Mateusz Morawiecki) က ပြောသည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

"ဝဂ်နာ ကြေးစားစစ်သား ၁၀၀ ကျော်ဟာ ဘယ်လာရုစ်ရဲ့ ဂရော့ဒ်နို (Grodno) မြို့ကနေ သိပ်မဝေးတဲ့ Suwalki Gap နယ်စပ်စင်္ကြန်ဆီကို ချီတက်လာခဲ့တဲ့အကြောင်း ကျနော့်တို့ သတင်းရထားပါတယ်"ဟု မိုရာယက်စကီးက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

လက်ရှိဖြစ်စဉ်သည် နယ်စပ်ဒေသတွင် ဖြစ်ပွားနေသည့် အခြေအနေများကို ပိုမိုခြိမ်းခြောက် နေသည်ဟုလည်း မိုရာယက်စကီးက ပိုလန်နိုင်ငံတောင်ပိုင်း ဂလီဝစ် (Gliwice)ရှိ လက်နက်စက်ရုံသို့ သွားရောက်သော ခရီးစဉ်တွင် ပြောကြားခဲ့သည်။

ပိုလန်ဝန်ကြီးချုပ် မာသက်ရှ် မိုရာယက်စကီးကိုတွေ့ရစဉ်

ဂရော့ဒ်နိုမြို့သည် ဘယ်လာရုစ်နိုင်ငံ အနောက်ပိုင်းတွင် တည်ရှိပြီး နေတိုးအဖွဲ့ဝင်များဖြစ်သည့် ပိုလန်နှင့် လစ်သူ ယေးနီးယား နိုင်ငံတို့နှင့် ထိစပ်နေကြောင်း၊ နယ်စပ်နှင့် ၁၅ ကီလိုမီတာ (ကိုးမိုင်) အကွာတွင် တည်ရှိသည်။

နေတိုးနှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင်ဖြစ်သည့် ပိုလန်သည် ၎င်း၏ အရှေ့ပိုင်းနယ်စပ်ရှိ ယူကရိန်းနှင့် ရုရှား၏ မဟာမိတ် ဘယ်လာရုစ်တွင် ဖြစ်ပျက်နေသည့် အခြေအနေများအပေါ် စိုးရိမ်လျက်ရှိသည်။ 


ယခုလ အစောပိုင်းတွင် ဘယ်လာရုစ်သို့ ရုရှား၏ ဝဂ်နာကြေးစားစစ်သားများ ရောက်ရှိလာပြီးနောက်ပိုင်း ပိုလန်၏ စိုးရိမ်မှုများ ပိုမိုမြင့်တက်လာခဲ့သည်။

အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ ရွှေ့ပြောင်း နေထိုင်သူများသည် ပိုလန်၊ လစ်သူယေးနီးယား နယ်စပ်မှဖြတ်ပြီး ဥရောပသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့မှုနှင့်အတူ ပိုလန်-ဘယ်လာရုစ်နယ်စပ်တွင် တင်းမာမှုများ မြင့်တက်ခဲ့သည်မှာ နှစ်ချီကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ပိုလန်အစိုးရကမူ ရုရှားနှင့် ဘယ်လာရုစ်သည် ရွှေ့ပြောင်းနေထိုင်သူများကို အသုံးချပြီး ပိုလန်နှင့် ဥရောပနိုင်ငံ များ၏ တည်ငြိမ်မှုကို ပျက်ပြားစေရန် လုပ်ဆောင်နေသည်ဟု စွပ်စွဲခဲ့သည်။

Source: အယ်လ်ဂျာဇီးယား