CNI News

၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၈

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပြဿနာအားလုံးကို ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်း မဖြေရှင်းနိုင်သလို တပ်မတော်အစုအဖွဲ့ တစ်ခုတည်းကလည်း ဖြေရှင်းနိုင်မှာမဟုတ်ဘူးဟု မဟာဗျူဟာနှင့်မူဝါဒလေ့လာရေးအဖွဲ့(ISP)မှ ဒါရိုက်တာ တစ်ဦးဖြစ်သူ ဦးအောင်သူငြိမ်းက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် နိုင်ငံရေးပဋိပက္ခများကို တွေ့ဆုံ ဆွေးနွေး အဖြေရှာကြရန် နိုင်ငံတကာက တောင်းဆိုလျက်ရှိသော်လည်း တစ်ဦးတစ်ယောက်တည်းကသာ ဖြေရှင်းနိုင်သည့် အခြေအနေမျိုးကို ရပ်တည်နေခြင်း ကြောင့် မြန်မာ့နိုင်ငံရေးသည် ပိုမိုရှုပ်ထွေးလာနေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုကြသည်။

အာဆီယံအဖွဲ့ဝင် နိုင်ငံများက မြန်မာ့နိုင်ငံရေး ပဋိပက္ခများ ဖြေရှင်းနိုင်ရေး ဒေါ်အောင်ဆန်းစုကြည်ဖြင့် တွေ့ဆုံ ဆွေးနွေး ခွင့်ပြုရန် တောင်းဆိုလျက်ရှိရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက NLD အစိုးရလက်ထက်တွင် ဒုသမ္မတ(၂)အဖြစ် တာဝန်ယူခဲ့သူ ဦးဟင်နရီဗန်းထီးယူနှင့်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့ဖြင့်သာ တွေ့ဆုံ ခွင့်ပေးမည်ဟု ညှိနှိုင်း လျက်ရှိနေသည်။

ပုံ-ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ရစဉ်(AFP)

နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက မြန်မာနိုင်ငံ၏ သမိုင်းအစဉ်အဆက်နှင့် မြန်မာနိုင်ငံ ၏ ဖြေရှင်းလာခဲ့သော ကိစ္စရပ်များကို ကြည့်ပါက လူပုဂ္ဂိုလ်ပိုင်းဆိုင်ရာ အကန့်အသတ်ဖြင့် လုပ်ခြင်းသည် နယ်ပယ်ကျဉ်း မြောင်းလွန်းသလို ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းသာ ဖြေရှင်းနိုင်သည်ဟု ယုံကြည်ပါက မျက်ကန်းယုံကြည်မှုသာ ဖြစ်သည်ဟု ဆိုသည်။

၎င်းက “ကျနော်တို့ နိုင်ငံမှာ ဖြစ်နေတဲ့ ပြဿနာတွေက ဒီပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၊ ဒီအဖွဲ့အစည်း တစ်ယောက်တည်း နဲ့ ဖြေရှင်း ပြေလည်သွားတာမျိုးမရှိဘူး၊ အဲတော့ ဒီဟာတွေကို ဒီနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်းနဲ့ တွေ့ဆုံပြီးတော့ ဖြေရှင်းပေးဖို့ ဖြစ်နိုင်တယ်လို့ ယုံကြည်ရင် အဲယုံကြည်မှုဟာ ကျနော်ပြောချင်တာ မျက်ကန်းယုံကြည်မှုလို့ ပြောချင်တာ။ ဒါတွေကို ကျနော်ပြောနေတာ အကြောင်းမဲ့ ပြောနေတာမဟုတ်ဘူး၊ မြန်မာနိုင်ငံရဲ့ သမိုင်းအစဉ်အဆက်ကို ကြည့်။ မြန်မာနိုင်ငံရဲ့ ဖြေရှင်း လာတဲ့ ကိစ္စတွေကိုကြည့်။ အကန့်အသတ်နဲ့ လူပုဂ္ဂိုလ်ပိုင်းဆိုင်ရာ အကန့်အသတ်နဲ့ လုပ်တယ်ဆိုတာက နယ်ပယ်ကျဉ်းမြောင်းလွန်းပါတယ်။ အာဆီယံအစည်းအဝေးမှာ ကျနော်တို့ သဘော တူညီချက် ၅ ရပ်ရှိခဲ့တယ်။အဲ ၅ ချက်က ကျယ်ကျယ် ပြန့်ပြန့်ပါပြီးဖြစ်တယ်”ဟု ပြောသည်။

နိုင်ငံတကာက တောင်းဆိုနေကြသည်မှာ စေ့စပ်ညှိနှိုင်းကြရန်ဖြစ်ပြီး အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်သည် အရေး ပါသည့် အချက်များသည်ဟု ယူဆကြောင်း၊ မြန်မာ့ပြဿနာများအားလုံးကို ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းကပဲ မဖြေရှင်းနိုင်သလို တပ်မတော် တစ်ခုတည်းကပဲ ဖြေရှင်းနိုင်မှာမဟုတ်ကြောင်း ISP မှ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးအောင်သူ ငြိမ်းက ပြောသည်။

၎င်းက “ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်းကပဲ မြန်မာ့ပြဿနာတွေအားလုံး မဖြေရှင်းနိုင်ဘူးဆိုတာ လက်ခံပါ တယ်။ စစ်အုပ်စုကလည်း သူတစ်ယောက်ပဲ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး၊ ကျနော်သိရသလောက် နိုင်ငံတကာက တောင်း ဆို နေကြတာက စေ့စပ်ညှိနှိုင်းကြဖို့ပါ။ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်က အရေးပါတဲ့အချက်တွေလို့ ကျနော်ယူ ဆ ပါတယ်။ သွေးထွက်သံယို ကိစ္စတွေရပ်ဆိုင်းဖို့၊ အင်အားစုတွေ စေ့စပ်ညှိနှိုင်းနိုင်ဖို့၊ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်တယ် စတဲ့အချက်တွေပါ”ဟု ပြေ ာသည်။

ပုံ-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုတွေ့ရစဉ်

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းကတော့ မြန်မာ့ပြဿနာများကို ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းကသာ ဖြေရှင်းနိုင်သည်ဟု မိမိအနေဖြင့် မမြင်ကြောင်း၊ သို့သော် NUG နှင့် CRPH တို့ဖြင့် ဆွေးနွေးမည်ဆိုလျှင်လည်း ရှေ့ရောက် သည့် ဆုံးဖြတ်ချက်များ ချနိုင်မည်မဟုတ်သည့်အတွက် လက်ရှိ ပဋိပက္ခများ ဖြေရှင်းနိုင်ရေးတွင် ဒေါ်အောင်ဆန်းစုကြည် က အဓိက ကျသည့် နေရာမှာ ရှိနေဆဲဖြစ်ကြောင်း ဆိုသည်။

၎င်းက “လက်တွေ့အခြေအနေကတော့ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်းက ဆုံးဖြတ်တာလို့တော့ မြန်မာနိုင်ငံ ရဲ့ အခြေအနေ တစ်ခုလုံးကို ဆုံးဖြတ်တယ်လို့တော့ ကျနော်လည်း မမြင်ပါဘူး။ သို့သော် အခု နစက-က အာဏာထိန်း ထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြည်သူလူထု မကျေမနပ်ဖြစ်နေတဲ့ကိစ္စကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးမှသာ လျှင် ပြေလည်မယ်လို့ ထင်တယ်။ NUG တို့၊ CRPH တို့နဲ့ ဆွေးနွေးတာက ကျနော်ထင်တယ် ရှေ့ရောက်တဲ့ ဆုံးဖြတ်ချက် တွေ ချနိုင်လိမ့်မယ်လို့ မထင်ဘူး။ ဆိုလိုတာက လိုရင်းလည်း ရောက်မှာမဟုတ်ဘူး။ အဲတော့ သူတို့အာဆီယံက ဆုံးဖြတ် ထားတဲ့ ပြဿနာတွေကို တွေ့ဆုံဆွေးနွေးဖြေရှင်းကြပါဆိုတဲ့ကိစ္စပေါ့နော်။ အာဆီယံတို့၊ နိုင်ငံတကာတို့က ပြောနေတဲ့ဟာ တွေရဲ့ ဆန့်ကျင်ဘက် အဖွဲ့အစည်းမှာ အဓိကတော့ ဒေါ်အောင်ဆန်းစုကြည်ပဲလို့ ကျနော်ကတော့ မြင်တယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။

အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်အထိ အာဆီယံထိပ်သီး အစည်းအဝေး ကျင်းပမည်ဖြစ်ပြီး အာဆီယံ သဘောတူညီ ချက် ၅ ချက်ကို အကောင်အထည်မဖော်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်မရပါက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ(နစက)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အစည်းအဝေးမဖိတ်ကြားရန် အာဆီယံအဖွဲ့ဝင် နိုင်ငံများကြား တွင် ဆွေးနွေးလျက်ရှိနေသည်။

ဦးအောင်သူငြိမ်းက “ အနောက်နိုင်ငံအများစု ဥပမာ အီးယူ၊ အမေရိကန်ပြည်ထောင်စုတို့က အာဆီယံကို ရှေ့တန်းတင်ပြီး (ASEAN centrality)ဖြေရှင်းရေး တိုက်တွန်းပါတယ်။ တရုတ်နိုင်ငံကလည်း အလားတူ သဘောထားရှိပါတယ်။ အခု အာဆီယံ အနေနဲ့ အလုပ်မဖြစ်ဘူးလို့ ဖန်တီးနေတဲ့ အချက်က အနောက်နိုင်ငံတွေကို ပိုပြီးစွက်ဖက်ပါလို့ ကိုယ်ကိုယ်တိုင် က ဖိတ်ခေါ်နေရာ ကျပါတယ်။ အခုတစ်ခါ မြန်မာကို အာဆီယံ ထိပ်သီးအစည်းအဝေး(ဆမ်းမစ်)ငြင်းပယ်ခံရတယ်ဆိုပါစို့၊ နောက်တစ်ခါ ဘယ်တော့ ဖိတ်ကြားခံရမှာလဲ။ မသိနိုင်ပါဘူး။ အကျိုးဆက်တွေ ပိုတွက်ဆဖို့ လိုအပ်ပါမယ်”ဟု ပြောသည်။

မြန်မာနိုင်ငံအနေနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်နေ ပြီး အာဆီယံပဋိဉာဉ် စည်းမျဉ်းစည်းကမ်းများအတိုင်း လုပ်ဆောင်သွား မည်ဟု နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

အာဆီယံပဋိဉာဉ် စည်းမျဉ်းစည်းကမ်းများတွင် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းနိုင်ငံရေးကို ဝင်ရောက် စွက် ဖက်ခွင့်မရှိကြောင်း ပြဋ္ဌာန်ထားသည်။