CNI International News

ဘန်ကောက်၊ မေလ ၁၃

လာမည့် တနင်္ဂနွေနေ့(မေလ ၁၄ ရက်နေ့)ရွေးကောက်ပွဲတွင် UTN ပါတီအနေဖြင့် အစိုးရအဖွဲ့ ဖွဲ့စည်းရန် လွှတ်တော်အတွင်း လုံလောက်သော နေရာ မရရှိခဲ့ပါက နိုင်ငံရေးလောကမှ အနားယူသွားမည်ဟု ထိုင်းဝန်ကြီး ချုပ် ပရာယွတ် ချန်အိုချာ (Prayut Chan-o-cha)မှ ပြောခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထား သည်။

ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ်သည် UTN ပါတီ၏ ဝန်ကြီးချုပ် အမတ်လောင်းဖြစ်ကာ ပါတီမဟာဗျူဟာ အကြီးအကဲအဖြစ် တာဝန်ယူထားသူလည်း ဖြစ်သည်။

ပတ်ခ် ပါနန်း (Pak Phanang) ခရိုင် မဲဆွယ်မှု တစ်ခုအတွင်း တောင်ပိုင်းပြည်နယ်၏ မဲဆန္ဒနယ် ၃ တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ပါတီ၏ ကိုယ်စားလှယ်လောင်း နွန်သီဝပ် နွန်သာပတ်ခ် (Nonthiwat Nonthaphak) ကိုယ်စား မဲဆွယ်မှု လုပ်ဆောင်ပေးနေစဉ်အတွင်း ပရာယွတ်က ထိုသို့ ကတိပေးခဲ့ခြင်း ဖြစ်သည်။

မဲဆန္ဒနယ်တိုင်းမှ ပါတီ ကိုယ်စားလှယ်လောင်းများ အားလုံးသည် အရေးပါသူများ ဖြစ်သည်ဟု ပရာယွတ်က ပြော သည်။

UTN ပါတီကိုတွေ့ရစဉ်

ရွေးကောက်ပွဲအတွင်း လွှတ်တော်နေရာ အနည်းငယ်သာ ရမည်ဆိုလျှင် အိမ်ပြန် အနားယူတော့ မည်ဖြစ်ကြောင်း၊ မြန်ဆန်စွာ ဆောင်ရွက်နိုင်သည့် တောင့်တင်း ခိုင်မာမှုရှိသော အစိုးရတစ်ရပ် ဖွဲ့စည်းရန်အတွက် လွှတ်တော်နေရာ များနိုင်သမျှ များများရရှိရန် လိုအပ်ကြောင်း၊ လွှတ်တော်အတွင်း နေရာ အခိုင်အမာ ရရှိထားခြင်းက ဝန်ကြီးချုပ် ရွေးချယ်တင်မြှောက်ရေးအတွက် အခွင့်အလမ်းကိုလည်း ပိုမိုရရှိစေကြောင်း ပရာယွတ်က ပြောခဲ့သည်။

ယခင်တုန်းက ပါတီများ၊ အဖွဲ့အစည်းများစွာနှင့် အလုပ်လုပ်ခဲ့ဖူးကြောင်း၊ တစ်ချို့က ဆက်ဆံရလွယ်ကူ သော် လည်း တစ်ချို့က ခက်ခဲကြောင်း၊ စစ်သားအဖြစ် အချိန်ပေါင်းများစွာ ဖြတ်သန်းခဲ့ဖူးကာ အခက်အခဲများစွာကို လည်း ရင်ဆိုင်ခဲ့ရကြောင်း၊ ယနေ့အချိန်တွင် နိုင်ငံရေးသမားတစ်ဦးအဖြစ် အရာရာ ခြားနားသွားပြီ ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထို့နောက် စစ်သားများကို စကားပြောဆိုရာတွင် ပြတ်ပြတ်သားသား ပြောဆိုရသော်လည်း အရပ်သားများကို ထိုသို့ ပြောဆို၍ မရကြောင်း၊ အရပ်သားများအား စကားပြောဆိုရသည်ကို ပို၍ သဘောတွေ့မိသည်ဟု ထင် ကြောင်း ပရာယွတ်က ပြောသည်။

 UTN ပါတီကိုတွေ့ရစဉ်

ယခင် ရွေးကောက်ပွဲတွင် ၎င်းအား ယုံကြည်ခဲ့သလိုပင် ယခုရွေးကောက်ပွဲတွင်လည်း ထပ်မံ ယုံကြည် ပေးစေလို ကြောင်းလည်း ပရာယွတ်က မဲဆွယ်ခဲ့သည်။

UTN ပါတီသည် သောကြာနေ့တွင် ၎င်းတို့၏ နောက်ဆုံးသော မဲဆွယ်မှု အခမ်းအနားကို လုပ်ဆောင်ခဲ့သည်။

“ဦးလေးတုကို တစ်ယောက်ထည် မတိုက်ခိုက်ခိုင်းပါနဲ့။ တိုင်းပြည်ကို ကာကွယ်ဖို့ အရှေ့ထွက်ခဲ့ပါ။ ပြည်သူ အားလုံး စည်းလုံးပါစေ။ ညီညွတ်သော ထိုင်းနိုင်ငံဖြစ်ပါစေ” စသည့် ခေါင်းစည်ဖြင့် မဲဆွယ်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ် သည်။

ဦးလေးတု ဆိုသည်မှာ ပရာယွတ်၏ နာမည်ပြောင်ဖြစ်ပြီး သောကြာနေ့ မဲဆွယ်မှုတွင် ပါတီ၏ အရေးပါသော ခေါင်းဆောင်များပါ တက်ရောက် မိန့်ခွန်း ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်