CNI International News

သည်ဟိတ်၊ မေလ ၅

ရုရှားအား နယ်သာလန်ရှိ စစ်ရာဇဝတ်မှု ခုံရုံးသို့ တင်နိုင်ရေး ဆောင်ရွက်ချက်ကို ယူကရိန်းသမ္မတ ဇာလန်းစကီးက ကြာသပတေးနေ့တွင် စတင်လိုက်သည်ဟု AP သတင်းမှ ဖော်ပြခဲ့သည်။

ယူကရိန်းအား ကျူးကျော်စစ်ပွဲတွင် ရှုံးနိမ့်လျှင် ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) အား အရေးယူ နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်းလည်း ယူကရိန်းသမ္မတက ပြောသည်။

နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးစိုက်ရာ သည်ဟိတ် (The Hague) မြို့တွင် ဇာလန်းစကီးက ပူတင်အား အရေးယူရန် နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်းခဲ့သည်။

ထို့နောက် ရုရှားခေါင်းဆောင် အနေဖြင့် သူ၏ ရာဇဝတ် လုပ်ရပ်များအတွက် အပြစ်ပေးခံရသင့်သည်ဟု ICC တရားသူကြီးများကို ပြောခဲ့သည်။

ICC သည် ပြီးခဲ့သည့် မတ်လတွင် ပူတင်အား ယူကရိန်းမှ ကလေးများအား ပြန်ပေးဆွဲမှုဖြင့် စွပ်စွဲကာ စစ်ရာဇဝတ် မှုများအတွက် ဖမ်းဝရမ်းထုတ်ခဲ့သည်။

 ဇာလန်းစကီးကိုတွေ့ရစဉ်

ယင်းက ကုလလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံမှ ခေါင်းဆောင်တစ်ဦးကို ကမ္ဘာလုံးဆိုင်ရာ တရား ရုံးက ပထမဆုံးအကြိမ် ဝရမ်းထုတ်မှုလည်း ဖြစ်သည်။

ဇာလန်းစကီး၏ ကြိုတင် ကြေညာထားခြင်း မရှိသော နယ်သာလန်သို့ ခရီးစဉ်သည် သူ၏ ဖင်လန်ခရီးစဉ်အပြီး နောက်တစ်ရက် အကြာတွင် ပေါ်ပေါက်လာသည်။

ယူကရိန်းခေါင်းဆောင်သည် သူ၏ ခရီးစဉ်တွင် စစ်ပြေပြင်၌ တရားမျှတမှု ရရှိရေးအတွက် ယူကရိန်းသို့ ခေတ်မီ လက်နက်များ ထောက်ပံ့ပေးရေး ဘယ်လ်ဂျီယံနှင့် နယ်သာလန် ခေါင်းဆောင်များကို တွန်းအားပေးရန်လည်း အသုံးချခဲ့သည်။

ဇာလန်းစကီးသည် ရုရှားကျူးကျော်စစ် စတင်ချိန် ၂၀၂၂ ခုနှစ်ကတည်းက ယူကရိန်း၏ ကာကွယ်ရေးအတွက် အ‌နောက်အုပ်စုထံမှ စစ်ရေးနှင့် နိုင်ငံရေးဆိုင်ရာ အကူအညီများစွာ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။

ဇာလန်းစကီးသည် နယ်သာလန်ဘက်မှ ထောက်ပံ့ပေးသော ရဟတ်ယာဉ်၊ သံချပ်ကာ ကားတို့ဖြင့် ခရီးသွားခဲ့ကာ ၎င်းအတွက် လုံခြုံရေးကိုလည်း အထူးတင်းကြပ်ခဲ့သည်။

ယူကရိန်းစစ်သားကိုတွေ့ရစဉ်

ယူကရိန်းသမ္မတသည် လာမည့် သီတင်းဘက်တွင် ဘာလင်သို့ သွားရောက်မည်ဟု ယူဆရပြီး ယင်းက ပူတင်အား ဆန့်ကျင်ရေးတွင် အနောက်နိုင်ငံများ စည်းလုံးမှု ရှိသည်ဆိုသည့် ပြယုဂ်တစ်ခုလည်း ဖြစ်သည်။

ဇာလန်းစကီး၏ ခရီးစဉ်များအားလုံးသည် ယူကရိန်းအတွက် များစွာအကျိုး ဖြစ်ထွန်းစေလျက် ရှိသည်ကိုလည်း တွေ့ရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလက ဝါရှင်တန်သို့ သွားရောက်ခဲ့ပြီးနောက် ယူကရိန်းသမ္မတသည် လန်ဒန်၊ ပဲရစ်နှင့် ဘရပ်ဆဲလ်တို့သို့ ဖေဖော်ဝါရီလတွင် သွားရောက်ခဲ့ကာ ယူကရိန်းအတွက် အမြောက်နှင့် တင့်ကားများစွာ ရရှိစေခဲ့သည်။

သို့သော် ပူတင်အား သည်ဟိတ်တွင် စွဲချက်တင်နိုင်ရေး မျှော်လင့်ချက်ကတော့ ဝေဝါးလျက်ပင် ရှိသည်။

တရားရုံးသည် လူတစ်ဦးချင်းစီကို လူမျိုးသုဉ်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူသားချင်းစာနာမှုအပေါ် ဆန့်ကျင့် သည့် ပြစ်မှုအပြင် ရန်လိုမှုများအတွက် တရားစွဲဆိုမှု လုပ်ဆောင်ခဲ့သော်လည်း ယင်းတွင် ဝရမ်းအတိုင်း လိုက်နာ ဆောင်ရွက်ပေးမည့် ရဲတပ်ဖွဲ့ အင်အား ရှိမနေပေ။

ရုရှားသမ္မတ အနေဖြင့်လည်း ICC ၏ အဖွဲ့ဝင် ၁၂၃ နိုင်ငံသို့ သွားရောက်မည့် ပုံစံမရှိပေ။ ထိုနိုင်ငံများ အနေဖြင့် ၎င်းတို့ စွမ်းဆောင်နိုင်လျှင် ပူတင်အား ဖမ်းဆီးခွင့် ရှိသည်။

Source: AP