CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၂၈

မေလတွင် ကျင်းပမည့် ထိုင်းရွေးကောက်ပွဲ၌ မြန်မာ အပါအဝင် ရွှေ့ပြောင်းအလုပ်သမားများ အရေးနှင့်ပတ်သက်၍ ဖြေရှင်းပေးမည့် နိုင်ငံရေးပါတီနှင့် အစိုးရ တက်လာရန် မျှော်လင့်ကြောင်း ထိုင်းတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းအထွေထွေရွေးကောက်ပွဲအား မေလ ၁၄ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်သည်။ လက်ရှိတွင် ထိုင်းနိုင်ငံရှိ နိုင်ငံရေးပါတီများမှ မဲဆွယ်စည်းရုံးမှုများ ပြုလုပ်နေပြီ ဖြစ်သည်။

ထို့ကြောင့် ရွှေ့ပြောင်းအလုပ်သမားကိစ္စ၊ အိမ်နီးချင်းနိုင်ငံ အခြေအနေ၊ လူကုန်ကူးမှု၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ် မှုများ အစရှိသည်တို့ကို အလေးထားကာ ဖြေရှင်းပေးနိုင်မည့် နိုင်ငံရေးပါတီများ၊ ခေါင်းဆောင်များအား အနိုင်ရစေ ချင်ကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းရောက် ရွှေ့ပြောင်းမြန်မာများကိုတွေ့ရစဉ်

ဦးမင်းဦးက “ရွေးကောက်ပွဲကတော့ ဘာပဲပြောပြော အနည်းနဲ့အများ ကျနော်တို့နဲ့ တိုက်ရိုက် မဟုတ်တောင် သွယ်ဝိုက်သော အားဖြင့် ဆက်စပ်လျက်ရှိတာကို။ ဘာလို့လဲဆိုတော့ နိုင်ငံ အဲဒီလိုမျိုး ခေါင်းဆောင် အပြောင်း အလဲ ဖြစ်တယ်ဆိုရင် မူဝါဒတွေ ပြောင်းမယ်။ မူဝါဒအပြောင်းအလဲ ဖြစ်တယ်ဆိုရင် ကျနော်တို့ ရွှေ့ပြောင်း အလုပ် သမားနဲ့ ပတ်သက်တဲ့ဟာ တစ်နည်းမဟုတ် တစ်နည်းကတော့ ဆက်စပ်ပြီးတော့ အပြောင်းအလဲရှိမှာပဲ။ ဒါပေမယ့် အဓိကကတော့ သူတို့ လူထုပေါ့နော်။ လူထုကိုတော့ ပိုပြီးတော့ သူတို့ဘက်ပါအောင်လို့ ခေါင်းဆောင်တွေ က တော့ ပါတီတွေကတော့ ဆွယ်ကြမှာပဲ။ ဒီနေရာမှာ ခုနကပြောတဲ့ ရွှေ့ပြောင်း အလုပ်သမားအရေး၊ ဒေသတွင်း တည်ငြိမ်ရေး၊ ရွှေ့ပြောင်းအလုပ်သမားက တိုင်းပြည်ရဲ့ စီးပွားရေးမှာ ဘယ်လိုမျိုး အရေးပါတယ်ဆိုတဲ့ ဒါမျိုးတွေ ကတော့ ခုနကပြောတဲ့ တချို့ပါတီတွေမှာ ဆိုရင်တော့ လုပ်ထားပြီးသား။ မူဝါဒတွေ ဘာတွေရှိတယ်။ တော်တော် များများမှာ ရှိကြပါတယ်။ အဲဒီအပိုင်းနဲ့ ပတ်သက်ပြီးတော့ သူတို့က ထိပ်ဆုံးမှာ ဦးစားပေးတဲ့အထဲမှာ မပါတောင်မှ ဒုတိယတန်းစား၊ အလယ်လတ်တန်းစား ဦးစားပေးတဲ့ အထဲမှာပါပြီးတော့ သူတို့ ဒီကိစ္စကို မဲဆွယ်စည်းရုံး လှုံ့ဆော်တဲ့အခါမှာ ထည့်ပြီးတော့ ပြောကြ ဆိုကြတာတွေ ရှိမှာပဲ” ဟု ပြောသည်။

ထိုင်းနိုင်ငံရှိ ပြည်သူများ အနေဖြင့်လည်း လက်ရှိ အာဏာရယူထားသည့် အစိုးရအား လက်မခံချင်တော့သဖြင့် အကောင်းဆုံးဖြစ်မည့် အစိုးရတစ်ရပ်အား စဉ်းစားရွေးချယ်ကြမည် ဖြစ်ကြောင်း ထိုင်းတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက သုံးသပ်သည်။

လက်ရှိ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ လက်ထက်တွင် ရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် အခက်အခဲများ ကြုံတွေ့နေရသောကြောင့် ထိုင်းနိုင်ငံတွင် အရပ်သားအစိုးရသာ အနိုင်ရရှိခဲ့မည်ဆိုပါက ကောင်းမွန်မည် ဖြစ် ကြောင်း ၎င်းတို့က သုံးသပ်သည်။

ထိုင်းရောက် ရွှေ့ပြောင်းမြန်မာများကိုတွေ့ရစဉ်

MWRN မှ အကြံပေး ဦးအောင်ကျော်က “ထိုင်းနိုင်ငံမှာ အခက်အခဲတွေ မြောက်များစွာ ကြုံတွေ့နေကြရတယ်။ စာရွက်စာတမ်းတွေ ပြုလုပ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီးမှ ကိုယ်တွေ့စစ်မှုတွေ။ အစိုးရပိုင်းဆိုင်ရာ ကိုယ်တွေ့စစ်တာက တစ်ပိုင်း၊ ကုန်သည်ပွဲစားတွေ ကိုယ်တွေ့စစ်တာက တစ်ပိုင်း ဖြစ်တဲ့အတွက်ကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေ က အခု ခါးစည်းပြီး ခံနေရတယ်။ ထိုင်းနိုင်ငံသူ ထိုင်းနိုင်ငံသားတွေ အလိုချင်ဆုံးဖြစ်တဲ့ အစိုးရတစ်ခုကို တည် ဆောက်နိုင်မယ် ဆိုရင်တော့ ကျနော်တို့က ဒီမိုကရေစီ အခွင့်အရေးတွေ ပိုမိုပြည့်ဝစွာ ရရှိလာမှာဖြစ်တဲ့ အတွက် ကြောင့် အလုပ်သမားတွေအနေနဲ့ ပတ်သက်တဲ့ အချက်အလက်၊ အခွင့်အရေးပိုင်းတွေမှာလည်း ပြည်သူ တင် မြှောက်တဲ့ အရပ်သားအစိုးရ စစ်စစ်သာ ရရှိခဲ့မယ်ဆိုရင်တော့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေ ဖြစ်ပေါ်လာနိုင် တယ်လို့ သုံးသပ်မိပါတယ်” ဟု ပြောသည်။

ထို့အပြင် အစိုးရအသစ် တက်လာပါက ၎င်းအနေဖြင့် ရွှေ့ပြောင်း အလုပ်သမားအရေး ကိစ္စများအား သက်ဆိုင်ရာ အရပ်ဖက် အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန်လည်း ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက မျှော်လင့်နေသည်။

လက်ရှိ အနေထားအရ ထိုင်းနိုင်ငံတွင် မကြာခင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ ဦးဆောင်သည့် ယူနိုက်တက် ထိုင်းနေရှင်းပါတီနှင့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ သမီး ဦးဆောင်သည့် ဖြူးထိုင်းပါတီတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကြရမည်ဖြစ်ကြောင်းလည်း ထိုင်းသတင်းဌာနများတွင် ရေးသားဖော်ပြလျက်ရှိသည်။