CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၃

အချိန်တစ်ခု ရောက်လာသည့်အခါမှာ မျက်ရည်ကိုသုတ် ဓားကိုဆုပ် ရှေ့တစ်လှမ်းတိုးကြပါစို့ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)ဥက္ကဋ္ဌ ဦးခင်ရီက ပြောသည်။

ဦးခင်ရီသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ USDP ရုံးချုပ်တွင် တိုင်း၊ ခရိုင်နှင့် မြို့နယ်တချို့မှ ပါတီဝင်များ အပါအဝင် သတ်ဖြတ်မှုများ ခံခဲ့ရသည့် ပါတီဝင် မိသားစုဝင်များဖြင့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်က တွေ့ဆုံ စဉ် အထက်ပါ အတိုင်း ပြောကြားသွားခြင်း ဖြစ်သည်။

ဦးခင်ရီက “အခုအချိန်ကစပြီး မှတ်ထားဖို့က ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး။ ကျနော်တို့မှာ ပါတီဆိုတဲ့ အစုအဖွဲ့ကြီး ရှိတယ်။ တစ်ယောက်အားနဲ့မရရင် အများအားနဲ့ ဆောင်ရွက်ရမယ်။ ငါ့နောက်မှာ၊ ငါ့ဘေးမှာ၊ ငါ့အဖေ ရှိတယ်၊ ငါ့အစ်ကို ရှိတယ်၊ ငါ့မောင်တွေ ရှိတယ်၊ ခင်ဗျားတို့ရှေ့မှာ အနစ်နာခံဖို့ အဆင်သင့် ရှိနေဆဲပဲ၊ ရှေ့ခရီးမှာ သားသမီးတွေအတွက် ဘာလုပ်မလဲဆိုတာ စဉ်းစားရမယ်။ ကူညီပေးဖို့ ၊ နားထောင်ဖို့၊ ဖြေရှင်းဖို့ ကျနော်လာခဲ့တာပါ။ အချိန်တစ်ခု ရောက်လာတဲ့အခါမှာ မျက်ရည်ကိုသုတ်၊ ဓားကိုဆုပ်၊ ရှေ့တစ်လှမ်းတိုး ကြပါစို့"ဟု ပြောသည်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်က မုံရွာမြို့မှာ ဦးခင်ရီ ပါတီဝင်များနဲ့တွေ့ဆုံစဉ်

ဦးခင်ရီ၏ မုံရွာခရီးစဉ်တွင် USDP ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ဦးမြင့်စိုး၊ ပါတီဗဟိုအတိုင်ပင်ခံ ဒေါက်တာ မြင့်သိန်းတို့ ပါဝင်ခဲ့ကြောင်း USDP က ထုတ်ပြန်ထားသည်။

ဦးခင်ရီသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၅ -၆ ရက်များက ကျင်းပခဲ့သော USDP ၏ တတိယအကြိမ် ပါတီညီ လာခံကနေ ဥက္ကဋ္ဌအဖြစ် ရွေးကောက် တင်မြောက်ခံခဲ့ရသူ ဖြစ်သည်။

ယခင်က USDP ၏ ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူနေပြီး နစက၏ လ.ဝ.က ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။

လက်ရှိတွင် ဦးခင်ရီသည် USDP ပါတီဥက္ကဋ္ဌအဖြစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးသို့ သွားရောက်ကာ ပါတီစည်းရုံးရေးများကို လုပ်ဆောင်လျက်ရှိနေသလို သတ်ဖြတ်ခံရသော USDP ပါတီဝင် မိသားစုများနှင့် တွေ့ ဆုံလျက်ရှိနေသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျပ်အတည်းဖြစ်ကာ လက်နက် ကိုင် ပဋိပက္ခများ ကျယ်ပြန့်လာပြီး USDP ပါတီဝင် ၂၀၀၀ ကျော် သတ်ဖြတ်ခံထားရသလို အရပ်သား ပြည်သူ ၂၀၀၀ ကျော်လည်း သတ်ဖြတ်ခံထားရသည်။