တီးတိန်မြို့နယ်အတွင်းရှိ PDF စခန်း တစ်ခုကို ZRA က မေလ ၂၂ ရက်က ပထမအကြိမ် အနေဖြင့် ဝင်ရောက် ဖျက်ဆီးခဲ့ပြီနောက် ဇွန်လ ၁၆ ရက်တွင် ဒုတိယအကြိမ် ဝင်ရောက် ဖျက်ဆီးခဲ့ကြောင်း သိရသည်။ အဆိုပါ ဒုတိယ အကြိမ် ဖျက်စီး ရာတွင် PDF စခန်းက မိုးကာတဲအိမ် (18-50) သုံးတဲ၊ မီးစက်နှင့် ဓာတ်ဆီများ၊ ဆန်- ဆီ- ဆား- အားလူး လူ အယောက် ၁၀၀ အတွက် ၄၅ ရက်စာ စားနပ်ရိက္ခာများ၊ အားဆေးနှင့် အခြားသော ဆေးဝါးများ၊ တူမီးသေနတ် တချို့၊ တစ်လုံးပြူး သေနတ် ငါးလက်၊ ငွေကျပ် သိန်း ၆၀ ဝန်းကျင် စသည်တို့ကို ဖျက်စီးသိမ်းဆည်းခဲ့ကြောင်း သိရသည်။ ZRA အရှေ့ပိုင်းတိုင်း ဒါရိုက်တာ ပူဇိုထန်က “ ဟုတ်တယ်၊ ကျနော်တို့ ဖျက်ဆီး လိုက်တာ သူတို့ကို ကျနော်တို့ အကြိမ်ကြိမ် သတိပေးပြီးပြီ လက်နက်ကိုင် အဖွဲ့ အနေနဲ့ မလုပ်နဲ့ ကျနော်တို့အောက်ကနေ လာပါ၊ မဟုတ်ရင် ရှုပ်ကုန်မယ်။ ဒါကြောင့် ကျနော်တို့ ပြောတာကို မသိသလိုလုပ်ပြီး သူတို့က လုပ်နေလို့ အခုလို ဖျက်ဆီးလိုက်တာပါ၊ ကျနော်တို့ PDF အနေနဲ့ဟုတ်လား မဟုတ်လားတော့ မသိဘူး၊ တီးတိန်ခုခံကာအဖွဲ့လိုတော့ ကြားတာပဲ၊ ဒါပေမယ့် ဘယ်လိုနေနေ ကျနော်တို့က တခြား လက်နက်ကိုင်အဖွဲ့ရှိတာ လက်မခံနိုင်ဘူး။ ဒါကြောင့် အကြိမ်ကြိမ် သတိပေးတာ မလိုက်နာလို့ ဖျက်စီးလိုက်တာ”ဟု CNI သတင်းဌာနသို့ ပြော သည်။

ပုံ-တီးတိန်မြို့နယ်အတွင်း တစ်နေရာက PDF စခန်းတစ်ခုကို ZRA က ဖျက်စီးခဲ့စဉ်

တီးတိန်မြို့နယ် PDF တာဝန်ရှိသူများကလည်း သူတို့၏ စခန်း ဖျက်ဆီးခံခဲ့ရ ကြောင်း ရုပ်သံရိုက်ကူး၍ ထုတ်ပြန်ခဲ့သည်။ ဇိုမီးတော်လှန်ရေးတပ်မတော်(အရှေ့ပိုင်းတိုင်း)သည် စစ်ရေးကဏ္ဍတွင် အမျိုး သား တပ်မတော် တစ်ရပ်တည်း ရှိရမည့် မူအရ မိမိတို့ လှုပ်ရှားနယ်မြေအတွင်း သီးခြား လက်နက်ကိုင်တပ်ဖွဲ့ ထူထောင်ခြင်းကို လုံးဝ လက်ခံမည် မဟုတ် ကြောင်း တာဝန်ရှိသူများမှ အကြိမ်ကြိမ် သတိပေး ပြောကြားခဲ့ပြီးဖြစ်သည်ဟု ဇွန်လ ၁၇ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့နောက် စစ်အာဏာရှင် စနစ် အပြီးတိုင် တိုက်ဖျက်ရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံချက်ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီနှင့် အစည်းအဝေးများအရ သော်လည်းကောင်း ကာကွယ်ရေးဝန်ကြီးဌာန၊ NUG နှင့်ဆက်သွယ်ရာတွင်သော်လည်းကောင်း PDF ကို လေ့ကျင့်ပေးရန် သဘော တူ ထားသည့်အတိုင်း ဇိုမီးအမျိုးသားပြည်သူ့စစ်တပ်(Zomi National Volunteer)ကို အပတ်စဉ်(၁၀)အထိ လေ့ကျင့်ပျိုးထောင်ခဲ့ပြီး ဖြစ်သည်ဟု လည်း ဆိုထားသည်။ ZRA က“ထို့ကြောင့် တပ်နေရာချထားရေး၊ စည်းရုံးရေး စစ်ဆင်ရေးအတွက် အကျိုးမရှိသည့်အပြင် အနှောင့်အယှက် ဖြစ်စေသည့် ZRA ဖြစ်သည်ဟု လူထု အတွင်း လိမ်လည်ပြောဆိုပြီး မိမိတို့ နယ်မြေအတွင်း ရောက်ရှိလာကြသည့် တာဝန်ယူ တာဝန်ခံသည့် ခေါင်းဆောင်မရှိ၊ အဖွဲ့အစည်း အမည်တောင် မသိကြသည့် သီးခြားလက်နက်ကိုင်တပ် ကဲ့သို့သော လူစုလူဝေးများကို လုံးဝ သည်းခံမည်မဟုတ်ပါ”ဟု ဇွန်လ ၁၇ ရက်နေ့ ထုတ်ပြန်ချက်မှာ ပြောထားသည်။

ZRA သည် ၁၉၉၇ ခုနှစ်က ဖွဲ့စည်းခဲ့ပြီ မြန်မာနိုင်ငံအတွင်းက ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ တီးတိန်မြို့နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့နယ်၊ တမူးမြို့နယ်၊ ကဘော်ချိုင့်ဝှမ်းဒေသ၊ မြန်မာ-အိန္ဒိယနယ်စပ် စသည့် နေရာ ဒေသများတွင် လှုပ်ရှားလျက်ရှိရာ ၎င်းတို့ လှုပ်ရှားနေသော ဒေသများအတွင် နွေဦးတော်လှန်ရေးကတဆင့် ဖွဲ့စည်းလာနေသော PDF အဖွဲ့များအပါအဝင် တခြားသော လက်နက်ကိုင်အဖွဲ့များ လှုပ်ရှားခြင်းကို ခွင့်မပြုနိုင်ကြောင်း ဆိုသည်။ သို့သော် PDF များကို ဦးဆောင်နေသော အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ (NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ(CRPH)တို့နှင့် မဟာ မိတ်ဖွဲ့ကာ ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်က တပ်မတော်အာဏာသိမ်းမှုကို ဆန့်ကျင် ကန့် ကွက်လျက်ရှိသည်။