ကရင်ပြည်နယ်၊မြဝတီခရိုင်းအတွင်း ကနဲလေး-မောခီးကြားရှိ အူးဟူချောင်းတံတား တည်ဆောက်ရေး လုပ်ငန်းတွင် အလုပ်လုပ်နေသူ ၂၅ ဦးကို KNU ၏ လက်အောက်ခံ လုံခြံုရေးတပ်ဖွဲ့ ဖြစ်သည့် KNDO က ဖမ်းဆီးကာ စစ်တပ်ထောက်လှမ်းရေးများဟု စွပ်စွဲ၍ သတ်ဖြတ်ခဲ့ကြောင်း၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၃ ရက်က သတင်းမီဒီယာများက ရေးသား ထုတ်လွှင်၍ သတင်းများပျံ့နှံ့ခဲ့သည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး KNU က " ဤအဖြစ်မှန်ပေါ်ပေါက်ရေးအတွက် KNU ဗဟိုမှနေ၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးသွားမည်ဖြစ်ပြီး ရရှိလာသောစုံစမ်း စစ်ဆေးမှု ရလဒ်အား ဆက်လက်၍ အသိပေးထုတ်ပြန်ပေးမည်”ဟု ဇွန်လ ၁၆ ရက်နေ့ ထုတ်ချက်မှာ ပြောထားသည်။ ထို့နောက် KNU အနေဖြင့် လက်နက်ကိုင် တိုက်ခိုက်မှုများအတွင်း အရပ်သားများတို့ကို သတ်ဖြတ် သည့် ဖြစ်စဉ်များတို့ကို လက်ခံနိုင်ခြင်းမရှိသည့် Geneva Convention ကို လိုက်နာပြီး ထိုကဲ့သို့သော ကိစ္စရပ်များနှင့် ပတ်သက်၍လည်း မိမိတို့၏ သက်ဆိုင်ရာ ဥပဒေများနှင့်အညီ အရေးယူမှုများ ပြုလုပ်ရန် သတ်မှတ်ချက်များရှိပါသည်ဟု လည်း ထုတ်ပြန်ချက်မှာဖော်ပြထားသည်။ KNDO သည် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဝေါလေမြို့နယ်ခွဲ ကနဲလေး-မောခီးကျေးရွာကြား ရှိ အူးဟူချောင်းတံတား တည်ဆောက်ရေး လုပ်ငန်းခွင်မှ အလုပ်သမား ၄၇ ဦးကို မေလ ၃၁ ရက်က ဖမ်းဆီးသွားခဲ့ပြီး ၂၅ ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ KNDO စစ်ဦးစီးချုပ် ဗိုလ်ချုပ်နယ်ဒါးမြ၏ ပြောရေးဆိုခွင့်ရှိသူ စောဝါးနနူးက “တချို့ပစ်သတ် တယ်၊ တချို့ကျတော့ သူတို့ လက်နက်ကြီးနဲ့သူတို့ မှန်တယ်။ ကျနော်တို့လူတောင် ၂ ယောက်ဒဏ်ရာ ရပါတယ်၊ သူတို့က လမ်းလုပ်သားတွေ မဟုတ်ဘူး။ သူတို့မှာ ယူနီဖောင်းတွေ အပွင့်အခက်တွေရှိတယ်၊ သူတို့မှာ စက်တွေရှိတယ်။ ကျနော်တို့အကုန်ရထားတယ်”ဟု ဇွန်လ ၁၄ ရက်က ဧရာဝတီသတင်းဌာန၏ ဖော်ပြချက်တွင်း ပြောထားသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)က ဝေါလေမြို့နယ်ခွဲ ကနဲလေးကျေးရွာနှင့်မောခီးကျေးရွာကို ဆက်သွယ်မည့် အူးဟူချောင်းတံတား ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ အရပ်သား ဝန်ထမ်းများကို KNDO က ဖမ်းဆီးသွားခဲ့ပြီး အရပ်သား ၂၅ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ဇွန်လ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ဝေါလေမြို့နယ်ခွဲတွင် KNDO နှင့် စစ်တပ်ကြား မေလ ၃၁ ရက်မှ ဇွန်လ ပထမအပတ်အထိ တိုက်ပွဲများ ဖြစ်ပွါးခဲ့ပြီး အူးဟူချောင်းတံတား လုပ်ငန်းခွင်မှ အရပ်သား စုစုပေါင်း ၄၇ ဦး(အမျိုးသမီး ၆ ဦး၊ ကလေး ၁၀ ဦး၊ အမျိုးသား ၃၁ ဦး)ကို KNDO က ဖမ်းဆီးသွားခဲ့ကာ အမျိုးသား ၆ ဦး၊ ကလေး ၁၀ ဦး၊ အမျိုးသမီး ၆ ဦးတို့ကို ဇွန်လ ၁ ရက်နှင့် ၉ ရက်တို့က ပြန်လွှတ်ပေးခဲ့သည်။ သို့သော် ကျန် ၂၅ ဦးမှာ သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ နစကက ဇွန်လ ၁၁ ရက်တွင် ရပ်အလောင်း ၆ လောင်း တစ်စုတည်း မြှုပ်နှံထားသည်ကို ကနဦးတွေ့ရှိခဲ့ရပြီ ဇွန်လ ၁၂ ရက်၌ ရုပ် အလောင်း ၁၈ လောင်းကို ထပ်မံတူးဖော် တွေ့ရှိခဲ့ကြောင်း နစကက ဇွန်လ ၁၃ ရက်မှာ ထုတ်ပြန်ခဲ့သည်။ ကရင်ပြည်နယ်အတွင်းတွင် စစ်တပ်နှင့် KNU လက်အောက်ခံ KNDO-KNLA တို့ဖြင့် တိုက်ပွဲများ ဖြစ်ပွါးချက်ရှိနေသည်။ KNU နှင့် စစ်တပ်သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA)ကို လက်မှတ်ထိုးထားသည်။
လူ ၂၅ ဦးသေဆုံးမှု KNDO ကို စစ်ဆေးမည်ဟု KNU ပြော
- By CNI
- Category: နိုင်ငံရေး
- Hits: 634