- By CNI
- Category: နိုင်ငံရေး
- Hits: 1222
CNI International News
လန်ဒန်၊ အောက်တိုဘာ ၂၁
စီးပွားရေး မူဝါဒများကြောင့် သမိုင်းတလျှောက် အရှုပ်အထွေးဆုံး အခြေအနေတစ်ရပ်ကို ရင်ဆိုင်ရပြီးနောက် ဗြိတိန်ဝန်ကြီးချုပ် လစ်ဇ်ထရက်စ်သည် ရာထူးမှ နုတ်ထွက်သွားခဲ့ရပြီ ဖြစ်သော်လည်း ဗြိတိန်၏ နိုင်ငံရေး၊ စီးပွား ရေး မတည်ငြိမ်သေးကြောင်း အေပီသတင်းက ရေးသားထားသည်။
သူမသည် ငွေကြေးဈေးကွက် ဂယက်ရိုက်ခတ်မှုနှင့် ၎င်း၏ပါတီအတွင်း ဆန့်ကျင်သူများကို ကြုံတွေ့ခဲ့ရသည်။
ဝန်ကြီးချုပ်ရာထူးကို ၄၅ ရက်သာ ရခဲ့သူ ထရက်စ်သည် နှစ်ပေါင်းများစွာအတွင်း ဖြုတ်ချခံရသော တတိယ မြောက် ကွန်ဆာဗေးတစ် ဝန်ကြီးချုပ် ဖြစ်ခဲ့သလို ဗြိတိန်သမိုင်းတွင် သက်တမ်းအတိုဆုံး ခေါင်းဆောင်တစ်ဦး အဖြစ်လည်း စာရင်းဝင်သွားခဲ့သည်။
၎င်း၏ နုတ်ထွက်လွှာသည် ဗြိတိန် မတည်မငြိမ် ဖြစ်နေမှုကို ပိုမိုကြာရှည်စေခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ် ရာထူး ယှဉ်ပြိုင်မယ့် အောက်လွှတ်တော်ခေါင်းဆောင် ပဲန်နီမောဒန့် (GETTY IMAGES)
ဗြိတိန်သည် ဥရောပသမဂ္ဂ (EU) ကို ကျောခိုင်း ထွက်ခွာပြီးကတည်းက လူနေမှုစရိတ် အကျပ်အတည်းနှင့် စတင် ရင်ဆိုင်လာခဲ့ရပြီး စီးပွားရေး ကျဆင်းမှုနှင့်အတူ လစ်ဇ်ထရက်စ်၏ ဦးဆောင်မှု အခန်းကဏ္ဍမှာလည်း ယုတ်လျော့ သွားခဲ့သည်။
“ကွန်ဆာဗေးတစ်ပါတီက ရွေးကောက်တင်မြှောက်ပြီး အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကို ကျမ မဆောင်ရွက်နိုင် တော့ဘူး” ဟု အသက် ၄၇ နှစ်ရှိ ထရက်စ်က အမှတ် ၁၀၊ ဒေါင်းနင်းလမ်း ရုံးခန်းအပြင်ဘက်တွင် ပြောကြား ခဲ့သည်။
ယခုအခါ ငွေကြေး ဈေးကွက်များအပေါ် သက်ပြင်းချနိုင်သော်လည်း သဘောထား ကွဲလွဲနေသည့် အာဏာရပါတီ အတွင်း နောက်ထပ် ခေါင်းဆောင်တစ်ဦးကို အလျင်အမြန် ရှာဖွေရမည်ဖြစ်သည်။
အာဏာရ ကွန်ဆာဗေးတစ်ပါတီသည် လာမည့် သီတင်းပတ် အကုန်ပိုင်း၌ ကမ္ဘာ့စီးပွားရေး အကြီးဆုံး နိုင်ငံ တစ်နိုင်ငံဖြစ်သည့် ဗြိတိန်အတွက် ခေါင်းဆောင်သစ်တစ်ဦး အစားထိုး ရွေးချယ်ပြီးချိန်အထိ လက်ရှိ ဝန်ကြီးချုပ် ရာထူးကို ဆက်လက် ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ထရက်စ်က ပြောကြားခဲ့သည်။

ဗြိတိန်နိုင်ငံသားများကိုတွေ့ရစဉ် (GETTY IMAGES)
ပါတီခေါင်းဆောင်သစ်အတွက် ဖြစ်နိုင်ခြေရှိသော ပြိုင်ဘက်များ စာရင်းတွင် ယခင်ယှဉ်ပြိုင်မှု၌ ထရက်စ်ကို ရှုံးနိမ့်ခဲ့သော ဘဏ္ဍာရေးအကြီးအကဲဟောင်း ရီရှီဆန်းနက်၊ အောက်လွှတ်တော်ခေါင်းဆောင် ပဲန်နီမောဒန့်၊ ကာကွယ်ရေးအတွင်းဝန် ဘန်ဝေါလက်နှင့် ပြီးခဲ့သည့် ဇူလိုင်လတွင် ကျင့်ဝတ်ရေးရာ အရှုပ်တော်ပုံကြောင့် ဖြုတ်ချခံခဲ့ရသည့် ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်တို့ တန်းစီပြီး ရှိနေကြသည်။
ထရက်စ်သည် အခွန်ကိစ္စနှင့် မအောင်မြင်ခဲ့သော စီးပွားရေးမူဝါဒများကြောင့် ငွေကြေးဖောင်းပွမှုနှင့် ဖွံ့ဖြိုးမှု အားနည်းခြင်း ဖြစ်ပေါ်စေခဲ့ကြောင်း ဝေဖန်အပြစ် တင်ခံခဲ့ရသည်။
သူမ တာဝန်ယူစဉ်အတွင်း ကပ်ရောဂါဒဏ်ကြောင့် ရုန်းကန်နေရသော စီးပွားရေး လုပ်ငန်းများအတွက် ထိခိုက် စေခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။
Source: AP
- By CNI News
- Category: နိုင်ငံရေး
- Hits: 1652
CNI International News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၀
မစ္စလစ်ဇ်ထရပ်စ်သည် ဗြိတိန်ဝန်ကြီးချုပ် ရာထူးကနေ နုတ်ထွက်ကြောင်း ယနေ့ (အောက်တိုဘာ ၂၀ ရက်)တွင် ဒေါင်းနင်းလမ်းနေအိမ်ရှေ့သို့ ထွက်လာပြီး ကြေညာသွားခဲ့သည်။
မစ္စလစ်ဇ်ထရပ်စ်သည် စက်တင်ဘာလက ဘောရစ်ဂျွန်ဆင်၏ နေရာမှာ တာဝန်ထမ်းဆောင်ရန်အတွက် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။
ထို့နောက် ၄၅ ရက်တာ ဝန်ကြီးချုပ် တာဝန်ကို ထမ်းဆောင်ခဲ့ပြီးနောက် ကွန်ဆာဗေးတစ်ပါတီ အမတ်များက ဝန်ကြီးချုပ် ရာထူးကနေ နုတ်ထွက်ရန် တောင်းဆိုခဲ့ကြခြင်းကြောင့် ယနေ့မှာ နုတ်ထွက် ကြောင်း ကြေညာသွားခဲ့သည်။
သို့သော် သူမ၏ နေရာကို တာဝန်ယူမည့် ဝန်ကြီးချုပ် အသစ် မရွေးချယ်နိုင်သေးခင်အထိ ဆက်လက် တာဝန်ထမ်းဆောင်နေမည်ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1325
CNI International News
မော်စကို၊ အောက်တိုဘာ ၂၀
ရုရှားပိုင်ဆိုင်သည်ဟု အဆိုရှိသည့် နယ်မြေဒေသ ၄ ခု၌ စစ်အုပ်ချုပ်ရေးဥပဒေ (မာရှယ်လော) အမိန့် ထုတ်ပြန် ကြေညာပြီးဖြစ်ကြောင်း သမ္မတ ဗလာဒီမာပူတင်က ရုရှားလုံခြုံရေးကောင်စီသို့ အောက်တိုဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
သမ္မတ၏ အမိန့်အရ ဒွန်နက်စ်နှင့် လူဟန့်စ် ပြည်သူ့သမ္မတနိုင်ငံများနှင့် ဇာပိုရေဇီးယား (Zaporozhye) ၊ ခါဆွန် (Kherson) စသည့် ဒေသများတွင် အောက်တိုဘာ ၂၀ ရက်မှစ၍ မာရှယ်လော စတင်ကျင့်သုံးနေပြီဖြစ်ကြောင်း ရုရှားနိုင်ငံအခြေစိုက် တာ့စ်သတင်းဌာနက ရေးသားဖော်ပြသည်။
ထို့နောက် ယူကရိန်းနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ရုရှား၏ဒေသများမှ အလယ်အလတ် တုံ့ပြန်မှုအဆင့်ကို စောင့်ကြည့်သွားမည်ဖြစ်သည်။

ဒွန်နက်စ်၊ လူဟန့်စ်၊ ခါဆွန်၊ ဇာပိုရေဇီးယား တို့ကိုတွေ့ပြသထားစဉ် (GETTY IMAGES)
လုံခြုံရေးကောင်စီသို့ ပူတင်ပြောကြားခဲ့သော မိန့်ခွန်းနှင့် အဆိုပါ ဒေသများအတွက် လတ်တလော ချမှတ်ထား သော ဥပဒေနှင့်အမိန့်များကို တာ့စ်သတင်းတွင် အနှစ်ချုပ် ဖော်ပြထားသည်။
“မော်စကို ဦးစီးကျင်းပခဲ့သော လူထုဆန္ဒခံယူပွဲတွင် ဒွန်နက်စ်နှင့် လူဟန့်ပြည်သူ့သမ္မတ နှစ်နိုင်ငံ၊ ဇာပိုရေဇီးယား၊ ခါဆွန်ဒေသများတွင် နေထိုင်သူများက ၎င်းတို့၏ဆန္ဒကို ပြတ်သားစွာ ထုတ်ဖော်ခဲ့ကြကြောင်း၊ ၎င်းတို့က ရုရှား နိုင်ငံနှင့် အတူပူးပေါင်း နေထိုင်လိုကြသည်ဟု ထုတ်ဖော်ခဲ့ကြကြောင်း” တာ့စ်သတင်းအရ သိရသည်။
ထို့ပြင် နာဇီလက်သစ်များသည် အကြမ်းဖက် နည်းလမ်းများကို ပြောင်ပြောင်တင်းတင်း အသုံးချ၍ အသက်ကယ် ထောက်ပံ့ရေး အဆောက်အအုံများကို ဖြိုခွင်းခဲ့ကြကြောင်း ပူတင်၏ ပြောကြားချက်တွင် ဖော်ပြထားသည်။
အဆိုပါ မာရှယ်လောအမိန့်ကို ပူတင်က လက်မှတ်ရေးထိုးပေးခဲ့ပြီး အတည်ပြုချက်ရယူရန် ရုရှားဖက်ဒရေး ကောင်စီ ထံသို့ ချက်ချင်းပေးပို့မည် ဖြစ်သည်။ တဆက်တည်းတွင် ဆုံးဖြတ်ချက် ချမှတ်ရန်အတွက် ရုရှားနိုင်ငံ၏ ဒူးမားလွှတ်ထံသို့ အကြောင်းကြား ပေးပို့ရမည်ဟု သိရသည်။

ပူတင်နဲ့ ရုရှားလိုလာသော ဒေသလေးခုမှ ခေါင်းဆောင်များကိုတွေ့ရစဉ်
စစ်အုပ်ချုပ်ရေး စတင်ကျင့်သုံးသော နယ်မြေများအလိုက် အရေးယူ ဆောင်ရွက်မှုများ မကြာမီ လာမည်ဖြစ်၍ နယ်မြေအသီးသီးရှိ အာဏာပိုင်များအနေဖြင့် ၎င်းတို့၏ အဆိုပြုချက်များကို ၃ ရက် နောက်ဆုံးထား၍ တင်ပြသွား ရမည်ဖြစ်သည်။
ယနေ့ ရုရှားနိုင်ငံသည် အဆင့်တိုင်းမှ အာဏာပိုင်များ၊ အထူးသဖြင့် နယ်မြေဆိုင်ရာ အကြီးအကဲများ ကိုယ်တိုင် အာရုံစူးစိုက်၍ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း သမ္မတက မှတ်ချက်ချခဲ့သည်။
“ကျနော်တို့ အားသွန်စိုက်၊ မှန်မှန်ကန်ကန်နဲ့ ဟန်ချက်ညီညီ လုပ်သွားမှာဖြစ်တယ်။ အရေးကြီးဆုံးနဲ့ ဦးစားပေး နယ်မြေတွေမှာ ဖြည့်စွက် ညှိနှိုင်းမှုများနှင့် ကြိုးစား အားထုတ်မှုတွေကို အာရုံစိုက် ဆောင်ရွက်ကြဖို့က လိုအပ် ချက် တစ်ခုဖြစ်ပါတယ်” ဟု ဗလာဒီမာပူတင်က ပြောကြားခဲ့သည်။
Source: တာ့စ်သတင်းဌာန
- By CNI
- Category: နိုင်ငံရေး
- Hits: 1199
CNI International News
လန်ဒန်၊ အောက်တိုဘာ ၂၀
ဗြိတိန်ဝန်ကြီးချုပ် လစ်ဇ်ထရက်စ်သည် တိုင်းပြည်စီးပွားရေးအစီအစဉ်နှင့်ပတ်သက်၍ ၎င်း၏အာဏာရ ကွန်ဆာဗေးတစ်ပါတီမှ ရန်လိုသောအတိုက်အခံပြုသူများထံမှ ဒေါသနှင့် ရင်ဆိုင်နေရစဉ်အတွင်း အောက်တိုဘာ ၁၉ ရက်တွင် သူ့ကိုယ်သူ တိုက်ခိုက်လိုသူနှင့်စွန့်စားသူမဟုတ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
အံတုရင်ဆိုင်သော ကြေညာချက် ပြောကြားအပြီး နာရီပိုင်းအတွင်း ထရက်စ်၏အစိုးရသည် ပြိုလဲလုနီးနီး အခြေအနေသို့ ဆိုက်ရောက်လာခဲ့သည်။
ထရက်စ်အပေါ် ဝေဖန်မှုများ စုပြုံနေချိန်အတွင်း အစိုးရအဖွဲ့ဝင်တစ်ဦးလည်း ရာထူးမှ နုတ်ထွက်သွားခဲ့သည်။
ဗြိတိန်အောက်လွှတ်တော်မဲခွဲဆုံးဖြတ်မှုတွင် ရာဇဝတ်မှုနှင့် အနိုင်ကျင့်ခံရမှု စွပ်စွဲချက်များမှာလည်း ကျဆင်း သွားခဲ့သည်။
ပြည်ထဲရေးအတွင်းဝန် ဆူလာဘရေဗာမန်း (Suella Braverman) သည် ၎င်း၏ကိုယ်ရေးကိုယ်တာအီးမေးလ် account အစိုးရဆိုင်ရာစာရွက်စာတမ်းပေးပို့မိသဖြင့် စည်းမျဉ်းချိုးဖောက်မိ၍ ရာထူးမှ နုတ်ထွက်ကြောင်း ပြောကြားခဲ့သည်။ ၎င်းသည် ထရက်စ်အပေါ် ဝေဖန်ရန်အတွက် ၎င်း၏နုတ်ထွက်လွှာကို အသုံးချခဲ့ပြီး အစိုးရ ဦးတည်ချက်များကို စိုးရိမ်မိကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ပြည်ထဲရေးအတွင်းဝန် ဆူလာဘရေဗာမန်း အောက်တိုဘာလ ၁၈ ရက်နေ့က လန်ဒန်မြို့၊ ဒေါင်းနင်းလမ်းသို့ ရောက်ရှိလာစဉ်(ဓါတ်ပုံ-အေပီ)
“အစိုးရရဲ့စီးပွားရေးဦးတည်ချက်ဟာ အမှားတွေရှိနေပြီး တာဝန်ရှိတယ်လို့ ပြည်သူတွေ ယုံကြည်လက်ခံထား ကြပါတယ်။ တကယ်တော့ ကျမတို့ အစိုးရကလည်း အမှားတွေမလုပ်မိခဲ့ဘူးဆိုပြီး ဟန်ဆောင်နေတာရှင့်။ ကျမတို့ လုပ်ထားမိတာတွေကို ပြည်သူတွေ မမြင်သလိုလို ဆက်လုပ်နေတာ။ မှော်ဆန်တဲ့အရာတွေ အမှန်ဖြစ်လာလိမ့် မယ်လို့ မျှော်လင့်နေတာဟာ လေးနက်တဲ့နိုင်ငံရေး မဟုတ်ပါဘူး” ဟု ဆူလာဘရေဗာမန်းက ဆက်လက် ပြောကြားခဲ့သည်။
ဘရေဗာမန်းသည် ကွန်ဆာဗေးတစ်ပါတီထဲတွင် လက်ယာယိမ်းသည်ဟု ရေပန်းစားသူတစ်ဦးဖြစ်ပြီး ယခုနွေရာသီ ၌ ပါတီခေါင်းဆောင်ပိုင်းကို လူဝင်မှုကြီးကြပ်ရေးမူဝါဒများဖြင့် ထိုးနှက်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ အဆိုပါ ထိုးနှက်မှုတွင် ထရက်စ်က အနိုင်ရခဲ့သည်။
ထို့နောက် အစိုးရအဖွဲ့ဝင်များအတွင်း ဘရေဗာမန်းကို လူဝင်မှုကြီးကြပ်ရေးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဝန်ကြီးဟောင်း ဂရန့်ရှက်စ်က ပြည်ထဲရေးအတွင်းဝန်အဖြစ် ပြောင်းလဲခန့်အပ်ခဲ့သည်။
ဘရေဗာမန်းသည် ကွန်ဆာဗေးတစ်ခေါင်းဆောင်နေရာအတွက် ယှဉ်ပြိုင်ကြရာတွင် နောက်ဆုံးအကျော့၌ ထရက်စ်ကို ရှုံးနိမ့်ခဲ့သော ဘဏ္ဍာရေးအဆင့်မြင့်အရာရှိဟောင်း ရီရှီဆန်းနက်ကို တခဲနက်ထောက်ခံခဲ့သူ တစ်ဦးလည်းဖြစ်သည်။
ကွန်ဆာဗေးတစ်လွှတ်တော်အမတ်များ၏ဆန့်ကျင်ဝေဖန်ခံနေရသူ ထရက်စ်သည် လွှတ်တော်အတွင်း အောက်တိုဘာ ၁၉ ရက်၊ ညနေပိုင်း၌ ကမောက်ကမနိုင်လှသော မဲခွဲဆုံးဖြတ်မှုနှင့်အတူ နိုင်ငံရေးအရှုပ်အထွေး များနှင့် ရင်ဆိုင်နေရသည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 1208
CNI International News
ဝါရှင်တန်၊ အောက်တိုဘာ ၂၀
ထိုင်ဝမ်နှင့်လက်နက်များ ပူးတွဲထုတ်လုပ်ရန် အစီအစဉ်ကို အမေရိကန်အစိုးရက စဉ်းစားနေကြောင်း စီးပွားရေးဆိုင်ရာလှုံ့ဆော်ပေးသူ(လော်ဘီ)တစ်ဦးက အောက်တိုဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းဌာနက ရေးသားဖော်ပြသည်။
တရုတ်သည် ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေသော ထိုင်ဝမ်ကျွန်းကို ၎င်း၏ပိုင်နက်နယ်မြေ အစိတ်အပိုင်းအဖြစ် မှတ်ယူထားပြီး စစ်ရေးဖိအားပေးမှု အရှိန်မြှင့်လာသဖြင့် ကျွန်းပေါ်သို့ ဒေါ်လာ ၂၀ ဘီလီယံကျော် လက်နက် ရောင်းချပေးရေးကို အမေရိကန်သမ္မတ အဆက်ဆက် ၂၀၁၇ ခုနှစ်ကတည်းက စတင်ခွင့်ပြုပေးခဲ့သည်။
သို့သော် ယူကရိန်းစစ်ကြောင့် အချို့သော လက်နက်စနစ်များ ဝယ်လိုအား တိုးလာ၍ ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက် အခက်အခဲများနှင့် နောက်ကျ ကျန်နေမှုများကြောင့် ပစ္စည်းရောက်ရှိချိန် နှောင့်နှေးမည်ကို ထိုင်ဝမ်နှင့် အမေရိကန်ကွန်ဂရက်(လွှတ်တော်)တို့က သတိပေးထားကြသည်။

အမေရိကန်-ထိုင်ဝမ်စီးပွားရေးကောင်စီ ဥက္ကဋ္ဌ ရူးဘတ်ဟမ်မွန်ချိန်ဘာ့စ် (GETTY IMAGES)
“ပူးတွဲထုတ်လုပ်ရေး လုပ်ငန်းစဉ် စတော့မယ်ဆိုတာ မှန်ပါတယ်” ဟု အမေရိကန်-ထိုင်ဝမ်စီးပွားရေးကောင်စီ ဥက္ကဋ္ဌ ရူးဘတ်ဟမ်မွန်ချိန်ဘာ့စ် (Rupert Hammond-Chambers) က အတည်ပြုပြောကြားခဲ့သည်။
လုပ်ငန်းစဉ်အရ အမေရိကန် ကာကွယ်ရေးပစ္စည်း ကန်ထရိုက်တာများလည်း အကျုံးဝင်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ထိုင်ဝမ်သို့ ခဲယမ်းမီးကျောက်နှင့် တာရှည်အသုံးခံမည့် ဒုံးကျည်နည်းပညာများ ပေးအပ်ရန် အာရုံစိုက်ထားသော် လည်း မည်သည့် လက်နက်အမျိုးအစားအား တစိတ်တပိုင်း အနေဖြင့် ထည့်သွင်းစဉ်းစားမလဲကို မဆုံးဖြတ်ရသေး ကြောင်း ရူးဘတ်ဟမ်မွန်ချိန်ဘာ့စ်က ရှင်းပြသည်။
သို့ရာတွင် ယခုအစီအစဉ် နိုင်ငံတော်အဆင့်နှင့် ကာကွယ်ရေးဌာနဆိုင်ရာများထံမှ ပူးတွဲထုတ်လုပ်ခွင့် လိုင်စင် ထုတ်ပေးရန် လက်နက်ထုတ်လုပ်သူများအတွက် လိုအပ်မည်ဖြစ်ကြောင်း ၎င်းက သတိပေးခဲ့သည်။
ပြည်ပတစ်နေရာ(ပလက်ဖောင်းတစ်ခု)အတွက် အမေရိကန်၏ အရေးကြီးသော နည်းပညာကို အတည်ပြုရန်မှာ အဆင်မပြေသဖြင့် ပူးတွဲထုတ်လုပ်ခွင့်လိုင်စင် ထုတ်ပေးခြင်းကို အမေရိကန်အစိုးရအတွင်း ခုခံချေပမှုများ ပေါ် ပေါက်လာ နိုင်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

ထိုင်ဝမ်စစ်သားများကိုတွေ့ရစဉ် (GETTY IMAGES)
အမည်မဖော်လိုသူ သတင်းရင်းမြစ် ၃ ခုကို ကိုးကား၍ ဂျပန်နစ်ကိုင်းအေးရှား သတင်းစာက အဆိုပါအစီအစဉ်ကို စတင်ရေးသားဖော် ပြခဲ့သည်။
“ဒါဟာ ပဟေဠိတစ်ခုပါပဲ” ဟု ဟမ်မွန်ချိန်ဘာ့စ်က ရိုက်တာသို့ ပြောကြားခဲ့သည်။
အဆိုပါ သတင်းနှင့်ပတ်သက်၍ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ နစ်ကိုင်းအေးရှားက သဘောထား မှတ်ချက် တောင်းခံခဲ့ရာ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
သို့သော်လည်း ထိုင်ဝမ်-အမေရိကန် ဆက်ဆံရေးအရ အမေရိကန်သည် ထိုင်ဝမ်တွင် လက်နက်ထုတ်လုပ်ရန် နည်း ပညာပံ့ပိုးပေးခြင်း (သို့မဟုတ်) ထိုင်ဝမ် နယ်မြေ အစိတ်အပိုင်းကို သုံး၍ လက်နက်ထုတ်လုပ်ခြင်း အကျုံးဝင်မည် ဖြစ်ကြောင်း နစ်ကိုင်းအေးရှားသတင်းတွင် ဆက်လက် ဖော်ပြထားသည်။
ထို အစီအစဉ်နှင့်ပတ်သက်၍ မေးမြန်းရာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက “ထိုင်ဝမ်သို့ ခုခံကာကွယ်ရေးစွမ်းရည် အလျင်အမြန် လွှဲပြောင်းပေးရေး သေချာစေဖို့ အမေရိကန်က ရွေးချယ်စရာအားလုံးကို စောင့်ကြည့်နေပါတယ်” ဟု ပြန်လည် ဖြေကြားခဲ့သည်။
Source: Reuters
- By CNI
- Category: နိုင်ငံရေး
- Hits: 1285
CNI International News
နယူးယောက်၊ အောက်တိုဘာ ၁၉
Lafarge အမည်ရှိ ပြင်သစ်ဘိလပ်မြေကုမ္ပဏီသည် ဆီးရီးယားနိုင်ငံတွင် စက်ရုံလည်ပတ်နိုင်ရေး IS အဖွဲ့ကို ဒေါ်လာသန်းနှင့်ချီ၍ ပေးခဲ့ခြင်းအတွက် အပြစ်ရှိကြောင်း အောက်တိုဘာ ၁၈ ရက်တွင် ဝန်ခံခဲ့သည်ဟု အေပီ သတင်းအရ သိရသည်။
ဆီးရီးယားတွင် ပြန်ပေးဆွဲခံခဲ့ရသော အနောက်တိုင်းသားများအပေါ် နှိပ်စက်ညှင်းပန်းမှု၌ IS စစ်သွေးကြွနှင့်အတူ ပါဝင်ပတ်သက်သဖြင့် ဒဏ်ငွေအကြမ်းဖျင်း ဒေါ်လာ ၇၇၈ သန်း ပေးဆာင်ရန် အဆိုပါကုမ္ပဏီက သဘောတူ လက်ခံခဲ့သည်။
Lafarge ကုမ္ပဏီသည် နယ်မြေသစ်များ ရယူပြီး ဆီးရီးယားပြည်တွင်းစစ် ပြင်းထန်နေချိန်၌ စစ်သွေးကြွအဖွဲ့နှင့် ဝင်ငွေခွဲဝေယူခဲ့သည့်အပြင် ရက်စက်ကြမ်းကြုတ်သော IS အဖွဲ့၏ အပြုအမူများကို မျက်ကွယ်ပြုခဲ့ကြောင်း အမေရိကန်တရားရေးဌာနက စွပ်စွဲထားသည်။
ကုမ္ပဏီသည် ဆွစ်ဇာလန်မှ Holcim ဘိလပ်မြေကုမ္ပဏီနှင့် မပူးပေါင်းမီ အဆိုပါလုပ်ရပ်များကို ဆီးရီးယားတွင် ဖော်ဆောင်ခဲ့ကြောင်း ပြင်သစ်ဥပဒေစိုးမိုးရေး အာဏာပိုင်များက စုံစမ်းတွေ့ရှိခဲ့သည်။
Lafarge ကုမ္ပဏီအနေဖြင့် ပြည်ပအကြမ်းဖက်အဖွဲ့နှင့် ထောက်ပံ့ရေးပစ္စည်းများ ပူးပေါင်းကြံစည်မှုတွင် အပြစ် ရှိကြောင်း ဝန်ခံခဲ့သော ပထမဆုံး အမှုဖြစ်ကြောင်း တရားရေးဌာန တာဝန်ရှိသူများက ဆက်လက် ပြောကြားခဲ့သည်။

ပြင်သစ်ဘိလပ်မြေ Lafarge ကုမ္ပဏီကိုတွေ့ရစဉ် (AP)
Lafarge နှင့် တွဲဖက် လုပ်ကိုင်မှု မပြုသည်မှာ နှစ်အတန်ကြာပြီဖြစ်သည့် ဆီးရီးယားလုပ်ငန်းခွဲ တစ်ခုကလည်း ရာဇဝတ်မှုဒဏ်ငွေ ဒေါ်လာ ၉၀ ဒသမ ၇၈ သန်းနှင့် လျော်ကြေးငွေ ဒေါ်လာ ၆၈၇ သန်းကို ပေးဆောင်ရမည့် ကိစ္စ အတွက် ဘရွတ်ကလင်းရှိ ဗဟိုတရားရုံးသို့ အယူခံဝင်ခဲ့သည်။
“နိုင်ငံပေါင်းစုံ ကော်ပိုရေးရှင်း တစ်ခုအနေဖြင့် အကြမ်းဖက်ဟု သတ်မှတ်ထားသော အဖွဲ့တစ်ဖွဲ့အတွက် ငွေပေး ချေမှုမှာ တရားမျှတမှု မရှိပါ။ ထိုသို့ ပေးချေမှုများသည် ဥပဒေများကို ချိုးဖောက်ခြင်းဖြစ်ပြီး အမေရိကန် အာဏာပိုင်များ၏ အမြင့်ဆုံး စိစစ်ဆုံးဖြတ်မှုအပေါ် မူတည်၍ ပြင်းထန်သော ပြစ်ဒဏ်ချမှတ်သင့်ကြောင်း အာမခံ တင်ပြ ပါသည်” ဟု တရားရေးဌာန၊ အမျိုးသားထိပ်တန်းလုံခြုံရေး အရာရှိဖြစ်သူ လက်ထောက်ရှေ့နေချုပ် မက်သရူး အော်ဆန်က ပြောကြားခဲ့သည်။
အဆိုပါကုမ္ပဏီသည် ကြားခံအဖွဲ့များမှတဆင့် IS နှင့် အယ်လ်နူရက်တပ်ဦး စသည့် စစ်သွေးကြွအဖွဲ့များထံသို့ ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တို့တွင် ဒေါ်လာ ၆ သန်းနီးပါး ပေးအပ်ခဲ့ကြောင်း အမေရိကန် အစိုးရရှေ့နေများက ပြောကြားခဲ့ကြသည်။
၎င်းတို့ သတ်မှတ်ထားသော လစဉ်ပေးချေသည့် ငွေများမှာ အုပ်စုအသီးသီးနှင့် ကုမ္ပဏီ၏ နားလည်မှုကြောင့် မဟုတ်ဘဲ စီးပွားရေးအရ အမြတ်ထုတ်ရန် သက်သက်ဖြစ်ကြောင်း တရားရေးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 1282
CNI International News
ဘန်ကောက်၊ အောက်တိုဘာ ၁၉
ထိုင်းစစ်တပ် အရာရှိတစ်ဦးကို ရန်ပုံငွေ လိမ်လည်မှုဖြင့် စွပ်စွဲပြီးနောက် ထိုင်းစစ်တပ်က ၎င်းနှင့်ပတ်သက်နေသည့် ချေးငွေစနစ်အား စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ပုဒ်တွင် တွေ့ရသည်။
စစ်တပ်အရာရှိများအတွက် အိမ်များဆောက်ရန် ထိုင်းစစ်တပ်နှင့် စာချုပ်ချုပ်ထားသည့် စီးပွားရေးလုပ်ငန်းရှင် နှစ်ဦးဖြစ်သော မစ္စကွိုင် (Ms Koi) နှင့် မစ္စဘတ် (Ms Bird) တို့ကို စုံစမ်းစစ်ဆေးရန် အဆိုပြုပြီးနောက် တဆက် တည်းတွင် ထိုင်းစစ်တပ်အရာရှိ၏ ချေးငွေစနစ်သတင်း ပေါ်ပေါက်လာခဲ့သည်။
၎င်းတို့ကို ထိုင်းစစ်တပ် ထိပ်တန်းအရာရှိတစ်ဦးက ခြိမ်းခြောက်မှုရှိခဲ့ကြောင်း ၎င်းတို့က ထွက်ဆိုကြသည်။
ကွိုင်နှင့်ဘတ် နှစ်ဦးစလုံးသည် စွပ်စွဲခြိမ်းခြောက်မှုများကို ထုချေရှင်းလင်းရန်အတွက် အောက်တိုဘာ ၁၈ ရက် တွင် တရားရုံးသို့ သွားရောက်ခဲ့ကြသည်။

ရှေ့နေ ပိုင်ဆန်ရူရန်ဂရစ်ကိုတွေ့ရစဉ် (GETTY IMAGES)
ချေးငွေများ၊ ရန်ပုံငွေများ လိမ်လည်ရယူကြောင်း မိမိသိရှိသွားသဖြင့် အဆိုပါ စစ်တပ်အရာရှိ၏ ခြိမ်းခြောက်ခြင်း ခံခဲ့ရကြောင်း အဆိုပါအမျိုးသမီးများက ထွက်ဆိုကြသည်။
အတိုးနည်းသည်ဟု ယူဆရသော ချေးငွေများကို စစ်တပ်သက်သာချောင်ချိရေး စနစ်အောက်တွင် အိမ်ဆောက်ရန် အတွက် ငွေကြေးလိုအပ်သော စစ်မှုထမ်းများအတွက် ထိုင်းနိုင်ငံ၌ ထုတ်ပေးလေ့ရှိသည်။
အဆိုပါ အမျိုးသမီးများနှင့်အတူ လိုက်ပါဆောင်ရွက်သည့် ရှေ့နေ ပိုင်ဆန်ရူရန်ဂရစ် (Paisarn Ruangrit)က “စစ်တပ် သက်သာချောင်ချိရေးဌာနမှ ရယူသည်ဟု ယူဆရသော ချေးငွေများကို ၅ ရာခိုင်နှုန်း ပေးရမည်ဟု ဆို၍ ယခုအမှုတွင် စွပ်စွဲခံရသော စစ်တပ်အရာရှိက ချေးငွေအချို့ လိမ်လည်ခဲ့ကြောင်း” ပြောကြားခဲ့သည်။
ချေးငွေရယူသည် စစ်မှုထမ်းများသည် ၅ ရာခိုင်နှုန်း ပေးရမည်ဆိုသဖြင့် အထိတ်တလန့် ဖြစ်သွားခဲ့ကြောင်း ရှေ့နေ မစ္စတာ ပိုင်ဆန်က ဆက်လက် ပြောကြားခဲ့သည်။
မစ္စကွိုင်နှင့် မစ္စဘတ်တို့ အပါအဝင် ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ချေးငွေအတွက် အခကြေးငွေ ကောက်ခံ ခြင်းဖြစ်သည်ဟု မှားယွင်းစွာ ထင်မြင်ခဲ့ကြသည်။

ထိုင်းတရားရေးဝန်ကြီးဌာန အစည်းအဝေးလုပ်နေစဉ် (GETTY IMAGES)
ထို့နောက် ချေးငွေလက်ခံသူများက အဆိုပါ အမျိုးသမီးများကို ဘာကြောင့် ချေးငွေအတွက် အခကြေးငွေ ကောက်ခံရသလဲဟု ရှင်းလင်းပြောကြားရန် တောင်းဆိုခဲ့ကြသည်။
ချေးငွေထဲမှ ဖြတ်တောက် ကောက်ခံခြင်းသည် အကျင့်ပျက် ခြစားမှုတစ်ခုဖြစ်ကြောင်း သတိပြုမိခဲ့သည်ဟု ထို အမျိုးသမီးက အခိုင်အမာ ပြောကြားခဲ့ကြောင်း ၎င်းတို့ရှေ့နေက ရှင်းပြသည်။
စစ်သား အများအပြား၏ ချေးငွေများသည် ထိုင်းစစ်တပ် ထိပ်တန်းအရာရှိ၏ အိတ်ကပ်ထဲသို့ အများဆုံး ဝင်သွား ခဲ့ပြီး တရားမဝင် ဖြတ်တောက် ကောက်ခံခြင်းသာဖြစ်ကြောင်း ရှေ့နေက စွပ်စွဲခဲ့သည်။
ယခုအတောအတွင်း တရားရေးဝန်ကြီး၏ အတွင်းရေးမှူး သနာရစ်ဂျီတားရက်က ၎င်းတို့ဝန်ကြီးဌာန အနေဖြင့် ယခုအမှုကို စုံစမ်းစစ်ဆေးနေသည့် သက်ဆိုင်ရာ အာဏာပိုင်များနှင့် ဆက်သွယ်ဆောင်ရွက်ပြီးပြီဟု ပြောကြား ခဲ့သည်။
၂၀၂၀ ပြည့်နှစ်၌ လူ ၂၉ သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရခဲ့သော နခွန်ရက်ချာစီ ချေးငွေစနစ် အရေးအခင်းတွင် အကျင့်ပျက် ခြစားမှု ရှိနေနိုင်ကြောင်း သဘောထား မှတ်ချက်ကို ထိုင်းစစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်ချုပ်ကြီး နီရန်ဒွန်စရိကာချာက အောက်တိုဘာ ၁၈ ရက်မှာ ငြင်းဆိုခဲ့သည်။
Source: Bangkok Post
- By CNI
- Category: နိုင်ငံရေး
- Hits: 1235
CNI International News
တီဟီရန်၊ အောက်တိုဘာ ၁၉
ရုရှားထံသို့ မောင်းသူမဲ့ လေယာဉ်များ (ဒရုန်းများအပြင်) မြေပြင်မှ မြေပြင်ပစ် ဒုံးကျည်များ ထပ်မံ ပို့ဆောင်ပေး မည်ဟု အီရန်သဘောတူ ကတိပြုထားကြောင်း အီရန်အစိုးရ အဆင့်မြင့် အရာရှိနှစ်ဦးနှင့် အီရန်သံတမန်နှစ်ဦး တို့က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။
ထိုလုပ်ရပ်သည် အမေရိကန်နှင့် အခြားအင်အားကြီး နိုင်ငံများကို ဒေါသထွက်စေနိုင်စရာ ရှိနေသည်။
အီရန်ဒုတိယသမ္မတ မိုဟာမက်မိုကာဘာ၊ အီရန်တော်လှန်ရေး အစောင့်တပ်မှ ထိပ်တန်း အရာရှိနှစ်ဦးနှင့် အမျိုသားလုံခြုံရေးကောင်စီ ထိပ်တန်းအရာရှိ တစ်ဦးတို့သည် ရုရှားနှင့် ဆွေးနွေးရန်အတွက် အောက်တိုဘာ ၆ ရက်တွင် မော်စကိုမြို့သို့ သွားရောက်ခဲ့ကြပြီး လက်နက်များ ပေးအပ်သွားရန် သဘောတူခဲ့ကြသည်။
“ရုရှားဘက်က ဒရုန်းတွေနဲ့ ပိုပြီးတိကျတဲ့ အီရန်ပဲ့ထိန်းဒုံးကျည်တွေ၊ အထူးသဖြင့် ဖာတာ (Fateh) နဲ့ ဇွယ်ဖာဂါ (Zolfaghar) ဒုံးကျည်အုပ်စုတွေ ထပ်လိုချင်တယ်လို့ တောင်းဆိုခဲ့ပါတယ်” ဟု ၎င်းတို့၏ မော်စကို ခရီးစဉ်နှင့် ပတ်သက်၍ အီရန်သံတမန်တစ်ဦးက ရှင်းပြခဲ့သည်။

အီရန်ရဲ့ ဖာတာ (Fateh) ဒုံးကျည်ကိုတွေ့ရစဉ် (GETTY IMAGES)
ဇွယ်ဖာဂါ အပါအဝင် မြေပြင်မှမြေပြင်ပစ် တာတိုပဲ့ထိန်းဒုံးကျည်များ ပေးအပ်ရန် အီရန်နှင့်ရုရှားတို့အကြား သဘောတူညီမှု ရရှိထားကြောင်း အနောက်အုပ်စု နိုင်ငံတစ်နိုင်ငံမှ အရာရှိတစ်ဦးက အတည်ပြုခဲ့သည်။
အီရန်ပံ့ပိုးပေးမည့် မောင်းသူမဲ့လေယာဉ် (ဒရုန်း) များအနက် တစ်ခုမှာ ရှာဟက်-၁၃၆ (Shahed-136) ဖြစ်ပြီး ခါမိခါဇီ (kamikaze) အမည်ရှိ ဝေဟင်မှ မြေပြင်သို့ တိုက်ခိုက်နိုင်သော ဒယ်လ်တာ (delta) အတောင်ပံပါသည့် လက်နက်အမျိုးအစား ဖြစ်သည်။
၎င်းသည် ပေါက်ကွဲလွင့်စဉ်နိုင်သော ခဲယမ်းထိပ်ဖူးငယ် တစ်ခုကို တပ်ဆင် သယ်ဆောင်သွားနိုင်သည်။
Fateh-110 နှင့် Zolfaghar တို့သည် အီရန်၏ တာတိုပစ် ဒုံးကျည်များဖြစ်ပြီး မြေပြင်ပစ်မှတ်များကို ကီလိုမီတာ ၃၀၀ နှင့် ကီလိုမီတာ ၇၀၀ (၁၈၆ မိုင် နှင့် ၄၃၅ မိုင်) အကြား အကွာအဝေးအထိ ပစ်ခတ်နိုင်သည်။
ထိုသို့ လက်နက်ပေးပို့ လွှဲပြောင်းမှုသည် ၂၀၁၅ ခုနှစ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို ချိုးဖောက်သည်ဟု အနောက်အုပ်စု၏ ပြောကြားချက်ကို အီရန်သံတမန်က ပယ်ချခဲ့သည်။
Source: Reuters
- By CNI
- Category: နိုင်ငံရေး
- Hits: 1215
CNI International News
ဘာလင်၊ အောက်တိုဘာ ၁၈
ဂျာမနီနိုင်ငံရှိ ဟမ်းဘတ်ဆိပ်ကမ်းမှာ တရုတ်သင်္ဘောကုမ္ပဏီ တစ်ခုဖြစ်သည့် COSCO ကို ရင်းနှီးမြှုပ်နှံခွင့်ပြုရန် သင့်/မသင့် ကိစ္စနှင့်စပ်လျဉ်း၍ ဘာလင်မြို့တော်၌ အခြေအတင် အငြင်းပွားနေသည့်ကြားမှ “တရုတ်သည် ဂျာမနီ၏ အရေးကြီးသော အခြေခံ အဆောက်အုံများ၌ အစုရှယ်ယာ အသုံးချလာနိုင်ကြောင်း ဂျာမနီ ထောက်လှမ်းရေး အကြီးအကဲများက အောက်တိုဘာ ၁၇ ရက်တွင် သတိပေးခဲ့သည်ဟု ရိုက်တာသတင်းအရ သိရသည်။
အဆိုပါ အငြင်းပွားမှုမှာ နိုင်ငံရေး ရည်မှန်းချက်များ အကောင်အထည် ဖော်ရန်အတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေခြင်းနှင့်လည်း ဆက်စပ်နေသည်။
နိုင်ငံ၏ အရေးပါဆုံး ဆိပ်ကမ်း ၃ ခုအနက်မှ အစုရှယ်ယာတစ်ခုကို ဝယ်ယူရန် COSCO ၏လေလံဆွဲမှုကို ဂျာမနီ စီးပွားရေးဝန်ကြီးဌာနက ဗီတိုအာဏာ သုံးဖို့ လိုလားနေကြောင်း၊ ယင်းကိစ္စအတွက် ဝန်ကြီးချုပ်(အဓိပတိ)ဖြစ်သူ ဆိုရှယ်ဒီမိုကရက် (SPD) ပါတီခေါင်းဆောင်က မျက်နှာသာပေးခဲ့ကြောင်း အစိုးရသတင်းရင်းမြစ်များ ကိုးကား၍ ရိုက်တာက ဆက်လက် ရေးသားသည်။
ဆိပ်ကမ်းအရေး အငြင်းပွားမှုသည် ဂျာမနီ၏ ထိပ်တန်း ကုန်သွယ်ဘက်ဖြစ်သော တရုတ်နိုင်ငံအပေါ် မှီခိုအားထား နေရမှု လျှော့ချရေးနှင့်ပတ်သက်၍ ဂျာမနီပြည်တွင်း၌ အပြင်းအထန် သဘောထား ကွဲလွဲနေကြခြင်းကို ထင်ဟပ် စေသည်။
ယူကရိန်းကို ရုရှားကျူးကျော်ဝ င်ရောက်ပြီးနောက် အင်အားကြီး အာဏာရှင်နိုင်ငံ တစ်နိုင်ငံအပေါ် မှီခိုအားထားမိ သည့် အန္တရာယ်များမှာ မီးမောင်းထိုးပြစရာ ဖြစ်လာခဲ့သည်။

တရုတ်နဲ့ ဂျာမနီ အလံကိုတွေ့ရစဉ် (Reuters)
စီးပွားရေးအရ ဆက်ဆံမှုကို နိုင်ငံရေးအရ မဝေဖန်ရန် (သို့မဟုတ်) အမျိုးသားလုံခြုံရေးအရ အကာအကွယ်ပေး ရေးကိုသာ ပါဝင်ဆောင်ရွက်ကြရန် တရုတ်က ဂျာမနီကို လတ်တလော တိုက်တွန်းထားသည်။
လုံခြုံရေး ကိစ္စရပ်များနှင့်ပတ်သက်၍ လွှတ်တော်အတွင်း ကြားနာကြစဉ် ဂျာမနီ ပြည်တွင်း/ပြည်ပ ထောက်လှမ်း ရေး အေဂျင်စီ အကြီးအကဲများက COSCO အနေဖြင့် ဆိပ်ကမ်း လေလံဆွဲမှုကို အများသူငှါ အနေဖြင့် အကဲမဖြတ် နိုင်သော်လည်း ယေဘုယျအားဖြင့် သတိထားကြဖို့ လိုကြောင်း ထောက်ပြကြသည်။
“တိုင်းပြည်ရဲ့ အရေးကြီးတဲ့ အခြေခံ အဆောက်အုံတွေမှာ တရုတ် ပါဝင်ပတ်သက်နေတာကို ကျနော်တို့အတွက် သိပ်ကို ဝေဖန်စရာဖြစ်ပါတယ်” ဟု ဂျာမနီပြည်ပ ထောက်လှမ်းရေးဌာန (BND) အကြီးအကဲ ဘရူနိုခဲက ပြော ကြားခဲ့သည်။
ဆိပ်ကမ်းတစ်ခုကို အရေးပါသော အခြေခံ အဆောက်အအုံအဖြစ် သတ်မှတ်သင့်ကြောင်း လွှတ်တော်အတွင်း ကြားနာမှု တစ်ခုအတွင်း ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ တစ်ဆက်တည်းမှာပင် ရင်းနှီး မြှုပ်နှံမှုမှန်သမျှကို ဂရုတစိုက် ပြန်လည် သုံးသပ်သင့်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ဂျာမနီသည် 5G အခြေခံ အဆောက်အအုံ (သို့မဟုတ်) ၎င်း၏ အကြံဉာဏ်များ ယူ၍ အကောင်အထည် ဖော်ရန် အတွက် စီးပွားရေး အင်အား အပါအဝင် နည်းပညာကို တရုတ်ထံမှ ယူငင်သုံးစွဲရန် မျှော်လင့်သင့်ကြောင်း ဘရူနိုခဲ က ဖြည့်စွက် ပြောကြားခဲ့သည်။
“တကယ်လို့ တရုတ်နဲ့ဂျာမနီကြားမှာ နိုင်ငံရေးအရ သဘောထား ကွဲလွဲမှုတွေ ကြုံလာတဲ့ အခါကျရင် အခု ဆိပ်ကမ်းလို ကိစ္စမျိုး လက်နက်သဖွယ် သုံးလာလိမ့်မယ်” ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
Source: Reuters
