CNI Sport News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၃၀
ဘုန်းမောက်အသင်းဟာ ပြီးခဲ့တဲ့အပတ်က လီဗာပူးလ်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ၉ ဂိုး- ဂိုးမရှိနဲ့ အရှက် တကွဲ ရှုံးနိမ့်ပြီးနောက် ၃ ရက်အကြာမှာ နည်းပြဖြစ်သူ စကော့ပါကားကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။
ပါကားဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပထမဆုံး ထုတ်ပယ်ခံရတဲ့ နည်းပြလည်း ဖြစ်လာတာပါ။
ဘုန်းမောက် အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၄ ပွဲ ကစားအပြီးမှာ ၁ ပွဲ အနိုင်ရရှိကာ ၃ ပွဲ အရေးနိမ့်ပြီး အမှတ်ပေးဇယား အဆင့် ၁၇ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
ဘုန်းမောက်အသင်းဟာဆိုရင် ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ဗီလာကို အနိုင်ရပြီး အသင်းကြီး ၃ သင်းဖြစ်တဲ့ မန်စီးတီး၊ အာဆင်နယ်နဲ့ လီဗာပူးလ် အသင်းတို့ကို အရေးနိမ့်ခဲ့ပါတယ်။
ပါကားက အခုနွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ လုပ်ဆောင်မှုတွေအပေါ် စိတ်ပျက်မိကြောင်းနဲ့ ပရီးမီးယား လိဂ် စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ သူ့ရဲ့ လူငယ်အသင်းက လုံလောက်မှု မရှိကြောင်း ပြောထားခဲ့ ပါတယ်။
လီဗာပူးလ်အသင်းနဲ့ ပွဲမှာတွေ့ရတဲ့ စကော့ပါကား (လက်ပိုက်နေသူ)
ဘုန်းမောက် အသင်းပိုင်ရှင်ဖြစ်သူက “ကျနော်တို့နဲ့ အတူရှိနေချိန် သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေအတွက် စကော့နဲ့ သူ့ရဲ့ အဖွဲ့ကို ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်ချင်ပါတယ်။ သူ့ရဲ့ လက်အောက်မှာ ပြီးခဲ့တဲ့ရာသီက အသင်း ဟာ ပရီးမီးယားလိဂ်ကို တန်းပြန်တက်နိုင်ခဲ့ပါတယ်။ ဒါကို ကျနော်တို့ရဲ့ သမိုင်းမှာ အောင်မြင်မှု အရှိဆုံး ရာသီ အဖြစ် အမြဲတမ်း အမှတ်ရနေမှာပါ။ အခုတော့ နည်းပြသစ် ရှာဖွေမှု စတင်ရတော့မယ်”လို့ ပြောပါတယ်။
ပါကားရဲ့ နည်းပြအဖွဲ့ထဲမှာ ပါဝင်ခဲ့တဲ့ ဂယ်ရီအိုနေးလ်က လက်ရှိအချိန်မှာ အသင်းကို ယာယီနည်းပြအဖြစ် တာဝန်ယူရမှာ ဖြစ်ပါတယ်။ ပါကားဟာ ဖူလ်ဟမ်အသင်းကနေ ထွက်ခွာပြီး မနှစ်က နွေရာသီမှာ ဘုန်းမောက် အသင်းကို ကိုင်တွယ်ခဲ့တာပါ။
သူ့ရဲ့ ကိုင်တွယ်မှုနဲ့အတူ ဘုန်းမောက်အသင်းဟာ ပရီးမီးယားလိဂ်ကို တန်းပြန်တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လီဗာပူးလ်ကို ဂိုးပြတ် ရှုံးနိမ့်မှုနဲ့အတူ ရာထူးက ထုတ်ပယ်ခံရဖို့ အကြောင်းဖန်လာခဲ့တာပါ။
ဘုန်းမောက်အသင်းဟာ ကြားရက်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝုလ်ဗ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Daily Mail