CNI Sport News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၇

ယူကရိန်းဘောလုံးဂန္တဝင် ရှက်ဖ်ချန်ကိုက ရုရှားတပ်ဖွဲ့တွေရဲ့ အန္တရာယ်တွေကို ရင်ဆိုင်နေရဆဲဖြစ်တာကြောင့် ကျေးဇူးပြုပြီး သူတို့ကို မမေ့ကြပါနဲ့လို့ ကမ္ဘာကြီးကို တိုက်တွန်းခဲ့ပါတယ်။

ရှက်ဗ်ချန်ကိုက ပုဂ္ဂိုလ်ရေးအရ ဒါဟာ ကျနော့်အတွက် တကယ်ကိုခက်ခဲပါတယ်။ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက် ပြီး အခုထိ စိတ်ပျက်နေတုန်းပါပဲ။တစ်ခါတစ်ရံမှာ တူညီတဲ့ မေးခွန်းကိုမေးပြီး အဖြေမရှာနိုင်ခဲ့ပေမယ့် ကျနော်တို့ မှာ ဦးတည်ချက်က တစ်ခုတည်းပဲရှိပါတယ်။ဒီစစ်ပွဲကို အနိုင်ယူဖို့ လိုအပ်ပြီး တိုင်းပြည်ကို ပြန်လည်တည်ဆောက် ရမှာပါ”လို့ CNN Sport ကို ပြောခဲ့တာပါ။

ယူကရိန်းမှာ တိုက်ပွဲတွေဟာ နေ့တိုင်းလိုလိုဖြစ်ပွားနေဆဲဖြစ်ပြီး လူသန်းပေါင်းများစွာဟာ နိုင်ငံအတွင်းကနေ ထွက်ပြေးခဲ့ရတာဖြစ်ပါတယ်။ဖေဖော်ဝါရီ ၂၄ ရက်ကစတင်ပြီး ကျူးကျော်မှုဖြစ်ပွားခဲ့ကတည်းက ရှက်ဖ်ချန်ကိုဟာ နိုင်ငံအတွက် အသိပညာနဲ့ ငွေကြေးထောက်ပံမှုတွေရဖို့ သူ့ရဲ့ ဆိုရှယ်ပလက်ဖောင်းကို အသုံးပြုနေတာပါ။ ယူကရိန်းအသင်းခေါင်းဆောင်နဲ့ နည်းပြဟောင်းဖြစ်သူ ရှက်ဗ်ချန်ကိုဟာ စစ်ပွဲဒဏ်ကို ပြင်းထန်စွာခံခဲ့ရပြီး အိမ်ပြန်ရောက်တဲ့အချိန်မှာ သီတင်းပတ်များစွာ အချိန်ယူခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။


ယူကရိန်းသမ္မတ ဇာလန်းစကီးက စစ်ပွဲအတွက် အလှူငွေတွေလှူဒါန်းနိုင်ဖို့ ရည်ရွယ်ပြီး ရှက်ဗ်ချန်ကိုနဲ့ တင်းနစ်အကျော်အမော် စဗီတိုလီနာတို့ကို UNITED24 ရဲ့ သံတမန်တွေအဖြစ် ခန့်အပ်ကာ အဖွဲ့အစည်းတစ်ခု တည်ထောင်ခဲ့တာပါ။ဒီလိုလုပ်ဆောင်မှုကနေ အခုအချိန်ထိ ဒေါ်လာ ၁၆၆ သန်းစုဆောင်းထားမိပြီး အခုထက်ပိုမို ရရှိနိုင်ဖို့အတွက် နောက်ထပ်ပရောဂျက်များစွာလည်း ရှိနေသေးတာဖြစ်ပါတယ်။

“သတင်းစကားက အလွန်ရှင်းပါတယ်။စစ်ပွဲစတင်ပြီးကတည်းက ယူကရိန်းက အကူအညီတွေအများကြီး လိုအပ်ပါတယ်။လူသားချင်းစာနာမှု၊ဆေးဘက်ဆိုင်ရာအကူအညီတွေအတွက် ရံပုံငွေရှာဖွေဖို့နဲ့ စစ်ပွဲအကြောင်း အသိပညာပေးဆွေးနွေးဖို့တွေအတွက် ဒီပလက်ဖောင်းရဲ့ အစိတ်အပိုင်းအဖြစ် ကျနော်ဒီကို ရောက်လာခဲ့တာပါ။ ဒါက အခုအချိန်မှာ ယူကရိန်းရဲ့ လိုအပ်ချက်ပါ။ကျနော်တို့ရဲ့ အနာဂတ်၊ ကျနော်တို့ရဲ့ လွတ်လပ်ရေးနဲ့ ကျနော်တို့ရဲ့ ဒီမိုကရေစီလမ်းစဉ်ကို ဆက်သွားနိုင်ဖို့ ထောက်ပံ့မှုအချို့လိုအပ်ပါတယ်”လို့ ၂၀၀၄ ခုနှစ် ဘောလွန်းဒီအောဆုရှင် ရှက်ဗ်ချန်ကို က ပြောခဲ့တာပါ။