CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁

စပါးအသင်းဟာ အဲဗာတန်အသင်းတိုက်စစ်မှူး ရစ်ချာလီဆန်ကို ပေါင်သန်း ၆၀ နဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုကာ ခေါ်ယူလိုက်ပြီလို့ ကြေညာလိုက်ပါတယ်။

ရစ်ချာလီဆန်ဟာ ပါရီဆစ်၊ ဖရေဆာဖော်စတာ၊ ဘစ်ဆိုမားတို့နောက် အခုနွေရာသီ စပါးအသင်းကို ရောက်ရှိ လာတဲ့ စတုတ္တမြောက်ကစားသမား ဖြစ်လာခဲ့တာပါ။

စပါးအသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိခဲ့တာ ကြောင့် အသင်းလူစာရင်းကို ပိုမိုတောင့်တင်းအောင် ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်နေတာဖြစ်ပါတယ်။

စပါးနည်းပြ ကွန်တီဟာ အသင်းရဲ့ တိုက်စစ်သုံးဦးအတွဲအဖက်အဖြစ် ဆွန်ဟောင်မင်၊ ဟာရီကိန်းနဲ့ ရစ်ချာလီဆန် တို့ကို အသုံးပြုဖို့ရှိလာတာပါ။

ဒါပေမယ့် ဘရာဇီးလ်ကစားသမားဟာ လန်ဒန်ကလပ်မှာ နေရာရဖို့ လူးကပ်စ်မော်ရာ၊ ကူလူဆက်ဗိစကီး၊ ဘာ့ဂျ် ဝင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိ ရစ်ချာလီဆန်ဟာ ပြီးခဲ့တဲ့ရာသီက အဲဗာတန်အသင်း တန်းဆင်းဇုန်က လွတ်မြောက်အောင် အဓိကစွမ်းဆောင်ပေးခဲ့တာဖြစ်ပြီး ၁၀ ဂိုးသွင်းယူကာ ၅ ဂိုးဖန်တီးနိုင်ခဲ့တာပါ။

 ရစ်ချာလီဆန်ဟာ ၂၀၁၈ က ဝက်ဖိုဒ့်အသင်းကနေ အဲဗာတန်အသင်းဆီ ရောက်လာခဲ့ပြီး ပွဲပေါင်း ၁၅၂ ပွဲမှာ ၅၃ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဘရာဇီးလ်ကစားသမားဟာ အဲဗာတန်အသင်း ရဲ့ ပြီးခဲ့တဲ့ရာသီက နောက်ဆုံးကစားခဲ့တဲ့ ၉ ပွဲမှာ ၆ ဂိုးအထိ သွင်းယူနိုင်ခဲ့တာပါ။အဲဒါကြောင့် ရစ်ချာလီဆန်ဟာ အသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။

စပါးအသင်းကတော့ အခြားအသင်းတွေထက် လက်ဦးမှုရယူပြီး ရစ်ချာလီဆန်ရဲ့ အပြောင်းအရွှေ့ကို အမြန်ဆုံး အဆုံးသတ်ခဲ့တာပါ။ကစားသမားဟာ ဘရာဇီးလ်အသင်းနဲ့ ပြီးခဲ့တဲ့ ခြေစမ်းပွဲတွေမှာ ပါဝင်ကစားထားလို့ အားလပ် ရက်ရနေချိန် ဘရာဇီးလ်မှာပဲ စပါးအသင်းက ဆေးစစ်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး ရစ်ချာလီဆန်ဟာ ပရီးမီးယား လိဂ်ကို ၂၀၁၇ မှာ ဖလူမီနက်စ်အသင်းကနေ ဝက်ဖိုဒ့်အသင်းထံ ပြောင်းပြီး ရောက်ရှိလာခဲ့တာပါ။

ရစ်ချာလီဆန်ဟာ ဘရာဇီးလ်လက်ရွေးစင်အသင်းမှာလည်း ခြေစွမ်းပြသနေပြီး ၃၆ ပွဲပါဝင်ကစားထားကာ ၁၄ ဂိုး သွင်းယူပေးထားပါတယ်။သူဟာ လက်ရွေးစင်အသင်းနဲ့ ၂၀၂၀ ကိုပါအမေရိကဖလားကို ရယူနိုင်ခဲ့သလို တိုကျို အိုလံပစ်ပြိုင်ပွဲမှာလည်း ၅ ဂိုးသွင်းပြီး နိုင်ငံအသင်းနဲ့ ရွှေတံဆိပ်ရယူနိုင်ခဲ့တာပါ။

စပါးကစားသမားသစ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် ဘရာဇီးလ်လက်ရွေးစင်အသင်း လူစာရင်းမှာပါဝင်ဖို့ သေချာနေတဲ့သူလည်း ဖြစ်ပါတယ်။

Source:Daily Mail