CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၅

ဘော်ဒိုးအသင်းဟာ ဘဏ္ဍာရေးဆိုင်ရာ မမှန်မကန်မှုတွေကြောင့် ပြင်သစ်ဘောလုံးလိဂ်ရဲ့ တတိယတန်းကို တန်းဆင်းခဲ့ရပြီဖြစ်တယ်လို့ ပြင်သစ်လိဂ်အဖွဲ့ချုပ်က အင်္ဂါနေ့က ပြောလိုက်ပါတယ်။

ပြင်သစ်ထိပ်တန်းအသင်းတစ်သင်းဖြစ်တဲ့ ဘော်ဒိုးအသင်းဟာ ပြီးခဲ့တဲ့ရာသီက လီဂူးဝမ်းရဲ့ အမှတ်ပေးဇယား အောက်ဆုံးမှာသာ ရပ်တည်နိုင်ခဲ့တာကြောင့် ဒုတိယတန်းကို တန်းဆင်းခဲ့ရတာပါ။

ပြင်သစ်ဘောလုံးရဲ့ ဘဏ္ဍာရေး စောင့်ကြည့်အဖွဲ့ DNCG က ဘော်ဒိုးအသင်းကို ဒုတိယတန်းပြိုင်ပွဲကနေ တန်းဆင်းစေဖို့ ထပ်မံ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ RMC Sports က ဘော်ဒိုးအသင်းဟာ အကြွေးယူရို သန်း ၄၀ ဝန်းကျင်ရှိတယ်လို့ ဖော်ပြခဲ့တာပါ။

ပြီးခဲ့တဲ့ရာသီကတည်းက စီးပွားရေးလုပ်ငန်းရှင် ဂျရတ်လိုပတ်ဇ် ပိုင်ဆိုင်တဲ့ ဘော်ဒိုးအသင်းဟာ ဒီဆုံးဖြတ်ချက် ကို အယူခံဝင်မှာလို့ ထုတ်ပြန်ခဲ့ပါတယ်။

ဘော်ဒိုးအသင်းရဲ့ ထုတ်ပြန်ချက်မှာတော့ “ကလပ်အသင်းကို တတိယတန်း တန်းဆင်းစေခဲ့တဲ့ DNCG ရဲ့ ဆုံးဖြတ်ချက်ကို အယူခံဝင်သွားမှာပါ။ ကလပ်အသင်းအနေနဲ့ လာမယ့် ရာသီသစ်အတွက် ခိုင်မာတဲ့ပရောဂျက်ကို ပြသနိုင်ဖို့ ယုံကြည်မှုရှိနေဆဲဖြစ်ပါတယ်။ဒီအယူခံဝင်မှုဟာ ဒုတိယ တန်းမှာ ဆက်ရှိတာသေချာစေဖို့အတွက် ဖြေရှင်းချက်အသစ်တွေကို အပြီးသတ်ဖို့ အချိန်ပေးရမယ်”လို့ ဖော်ပြခဲ့ တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘော်ဒိုးအသင်းဟာ လာမယ့်ရာသီ တတိယတန်းကနေ စတင်ယှဉ်ပြိုင်ရမှာပါ။

အဆိုပါ စောင့်ကြည့်ရေးအဖွဲ့က ဘော်ဒိုးအသင်းကို တန်းဆင်းအောင်ပြုလုပ်ဖို့ ကြိုးစားခဲ့တာတော့ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။DNCGဟာ ဘော်ဒိုးအသင်းကို မနှစ်ကရာသီက ဒုတိယတန်း တန်းဆင်းဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ကလပ်အသင်းက အယူခံအောင်မြင်ခဲ့တာကြောင့် လီဂူးဝမ်းမှာ ဆက်လက်ယှဉ်ပြိုင်ခွင့်ရခဲ့တာဖြစ်ပါတယ်။

ဘော်ဒိုးအသင်းဟာ လီဂူးဝမ်းချန်ပီယံဆုကို ၆ ကြိမ်ရရှိထားပြီး ပြင်သစ်ဖလား ၄ ကြိမ်ရယူထားနိုင်ခဲ့တာပါ။ ဒါ့အပြင် ဘော်ဒိုးအသင်းဟာ ၁၉၉၆ က ယူအီးအက်ဖ်အေဖလား ဗိုလ်လုပွဲတက်နိုင်ခဲ့ပြီး ၂၀၀၉-၁၀ ရာသီက ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ရောက်ရှိခဲ့တာလည်းဖြစ်ပါတယ်။

Source:ChannelNewsAsia