CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၀

ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအဖွဲ့အစည်း(PFA)က တစ်နှစ်တာ အကောင်းဆုံးအသင်းရဲ့ လူစာရင်းကို ထုတ်ပြန်ခဲ့ရာ စပါးအသင်း တိုက်စစ်မှူး ဆွန်ဟောင်မင် မပါဝင်တာ တွေ့ရပါတယ်။

PFA ရဲ့ တစ်နှစ်တာ အကောင်းဆုံးအသင်းရဲ့ လူစာရင်းမှာ မန်စီးတီးနဲ့ လီဗာပူးလ် ကစားသမားတွေသာ ကြီးစိုးထားတာ တွေ့ရပြီး ဂိုးသမားအဖြစ် လီဗာပူးလ်အသင်း ဂိုးသမား အလီဆန်၊ နောက်တန်းမှာဆို အာနိုးလ်၊ ဗန်ဒိုက်၊ ရူဒီဂါနဲ့ ကန်ဆယ်လို၊ အလယ်တန်းမှာတော့ ဘာနာဒိုဆေးလ်ဗား၊ သီယာဂိုနဲ့ ဒီဘရိုင်းတို့ကို ရွေးချယ်ထားပါတယ်။

ရှေ့တန်းမှာတော့ ဆွန်ဟောင်မင်ကို ချန်လှပ်ခဲ့ပြီး ဆာလတ်၊ မာနေးနဲ့ ရော်နယ်ဒိုတို့ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ 

ဆွန်ဟောင်မင်ဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပင်နယ်တီသွင်းဂိုး မပါဘဲ ၂၃ ဂိုးသွင်းပြီး ဆာလတ်နဲ့အတူ ဂိုးသွင်းအများ ဆုံး ရွှေဖိနပ်ဆုကို ပူးတွဲ ရရှိခဲ့သူ ဖြစ်ပါတယ်။ ဒီနောက်မှာတော့ ဆွန်ဟောင်မင်ဟာ ဂိုးသွင်းရွှေဖိနပ်ဆုရရှိတဲ့ ပထမဆုံး အာရှ ကစားသမားအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။

ဒါပေမယ့် PFA တစ်နှစ်တာ အကောင်းဆုံးအသင်း လူစာရင်းမှာ မပါဝင်ခဲ့သလို PFA တစ်နှစ်တာ အကောင်းဆုံးဆုအတွက် ဆန်ကာတင် စာရင်းမှာလည်း မပါဝင်ခဲ့တာကို တွေ့ရပါတယ်။

PFA   တစ်နှစ်တာ အကောင်းဆုံးအသင်း လူစာရင်း (The Sun)

ဆွန်ဟောင်မင်ရဲ့ ပရိသတ်တွေကတော့ အခုလို ဆွန်ဟောင်မင် မပါဝင်ခဲ့တဲ့အပေါ် မေးခွန်းထုတ်နေကြပါတယ်။

ဒီနောက်မှာတော့ PFA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုတော့ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှူး ဆာလတ်က ဒီဘရိုင်းကို ကျော်လွန်ပြီး ရရှိခဲ့ပါတယ်။ 

ဆာလတ်အတွက်တော့ ဒီဆုဟာ ဒုတိယအကြိမ်မြောက် ရရှိခဲ့တာ ဖြစ်ပါတယ်။

ဆာလတ်က “ဆုဖလားတွေ၊ တစ်ဦးချင်း ဆုရတာတွေကို ဂုဏ်ယူမိပါတယ်။ ဒါဟာ အလွန်ကြီးမားတဲ့အတွက် အလွန်ပျော်ပြီး ဂုဏ်ယူမိပါတယ်။ ဒီဆုရတာ တကယ်ကို ကောင်းပါတယ်။ ကစားသမားတွေက မဲပေးခဲ့ကြလို့ပါ။ ဒါက တကယ်ကြိုးစားပြီး လုပ်ခဲ့တာကြောင့် ရရှိခဲ့တဲ့ အရာဆိုတာကို ပြသနေပါတယ်။ ကျနော့် အခန်းထဲက ဗီရိုထဲမှာ ဆုဖလားတွေနဲ့ အခန်းတစ်ခန်း ရှိပါတယ်။ နောက်ထပ် တစ်ခု ထပ်လာဖို့အတွက် နေရာတွေ လုပ်ထားတယ်ဆိုတာ အသေအချာပါပဲ”လို့ ပြောခဲ့ပါတယ်။

PFA အကောင်းဆုံး လူငယ်ကစားသမားဆုကို မန်စီးတီးအသင်းရဲ့ ကွင်းလယ်လူ ဖိုဒန်က ၂ နှစ်ဆက်တိုက်ရရှိခဲ့ပြီး အကောင်း ဆုံး အမျိုးသမီးဆုကိုတော့ ချယ်လ်ဆီးအသင်းက ဆမ်ခါးနဲ့ လူငယ်အမျိုးသမီးဆုကို မန်စီးတီးအသင်းက လော်ရန်ဟမ့်ပ်တို့က အသီးသီး ရရှိခဲ့ကြ ပါတယ်။

Source: Daily Mail/Goal