CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၂၁

ဘာစီလိုနာ အသင်းနည်းပြ ဇာဗီ က ရီးရယ်လ် အသင်းနဲ့ ကစားခဲ့ရတဲ့ အယ်လ်ကလက်ဆီကို ဒါဘီ ပွဲစဉ်ကို ခက် ခက်ခဲခဲနဲ့ ကစားရမယ်လို့ မျှော်လင့်ခဲ့တာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ဒီပွဲမှာ ဘာစီလိုနာ အသင်းဟာ ရီးရယ်လ် အသင်းကို သူတို့ရဲ့ အိမ်ကွင်း ဘာနေဗျူးမှာ ၄ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင် ရရှိခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာ အတွက် ဂိုးတွေကို အူဘာမီယန်းက (၂)ဂိုး၊အာယူဂျိုနဲ့ ဖာရန်တောရက်စ် က (၁) ဂိုးစီ သွင်းယူခဲ့တာပါ။ဘာစီလိုနာ အသင်းဟာ ဇာဗီ ရဲ့ လက်ထက်မှာ အကောင်းဆုံး ပုံစံရနေတာဖြစ်ပြီး ပြိုင်ပွဲစုံ (၁၂)ပွဲဆက် ရှုံးပွဲမရှိသေးတာဖြစ်ပါတယ်။

ဇာဗီ က “ကျနော်တို့ ပိုခက်ခဲတဲ့ ပွဲတစ်ပွဲကို မျှော်လင့်ခဲ့တာပါ။ဒီနိုင်ပွဲက ဘာစီလိုနာ အတွက် အဓိပ္ပါယ် အများကြီး ရှိတာကြောင့် ကျနော်အလွန်ပျော်ရွှင်မိပါတယ်။ဒါဟာ အသင်းရဲ့ အနာဂတ်ကို ပြောင်းလဲ ပေးနိုင်ပါတယ်။ ကျနော် တို့ ဒီပွဲကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ကျနော်တို့ သာလွန်ကောင်းမွန်ခဲ့လို့ ဂိုးတွေပိုသွင်းနိုင်တာလို့ ထင်ပါတယ်။ ကစားသမားတွေဟာ သူတို့ကိုယ်သူတို့ ပျော်ရွှင်နေကြပြီး အဝတ်လဲခန်းထဲမှာ မိသားစုလိုပါပဲ။ ဒီနိုင်ပွဲကြောင့် ကျနော် အလွန်ပျော်ရွှင်နေပြီး ဘာစီလိုနာ ပြန်လာပါပြီ”လို့ ပြောခဲ့ပါတယ်။

ဘာစီလိုနာ အသင်းဟာ ဒီပွဲအနိုင်ရခဲ့ပေမယ့် ထိပ်ဆုံးနေရာမှာ ရပ်တည်နေတဲ့ ရီးရယ်လ် အသင်းနဲ့ (၁၂)မှတ် ကွာဟနေတာပါ။ ဇာဗီ က “ချန်ပီယံဆု ဆွတ်ခူးနိုင်မလားဆိုတာတော့ ကျနော်မသိပါဘူး။ ဒါနဲ့ ပတ်သက်ပြီးတော့ ဘာမှမဆုံးဖြတ်နိုင်သေးပါဘူး။ ကျနော်တို့ အနည်းငယ်နောက်ကျနေပေမယ့် ဒါက အလွန်ကြီးမားတဲ့ နိုင်ပွဲပါပဲ”လို့ ပြောခဲ့တာဖြစ်ပါတယ်။

ရီးရယ်လ် အသင်းနည်းပြ အန်ဆယ်လော့တီ က ဒီရှုံးပွဲဟာ သူ့ရဲ့ အမှားကြောင့်ဖြစ်တယ်လို့ တာဝန်ယူခဲ့ပြီး အသင်းအနေနဲ့ ဒါကို မေ့ပြီး ရှေ့ဆက်သွားဖို့ တိုက်တွန်းသွားခဲ့တာပါ။ ဘာစီလိုနာ အသင်းနဲ့ ရီးရယ်လ် အသင်း တို့ဟာ လက်ရှိ ဥရောပပြိုင်ပွဲတွေမှာ ကွာတားဖိုင်နယ်အဆင့်ကို ရောက်ရှိနေကြတာလည်းဖြစ်ပါတယ်။

Source:Barcablugranes,BBC